တော်လှန်ချန်နယ်

၂၀၂၅ ၊ ဩဂုတ် ၈
    တော်လှန်ရေးစိတ်ဝင်စားသူတွေ မောင်ထူးမြတ်လို တော်လှန်တီဗွီချန်နယ်ကို ကြည့်ရှုကြဖို့ တိုက်တွန်းလိုသည်။ မောင်ထူးမြတ်ကတော့ တော်လှန်ချန်နယ်ကို အမြဲကြည့်ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ချန်နယ်က ထူးမြတ်တို့ ငယ်ငယ်တုန်းက ရုပ်သံလိုင်းတွေလို အစီအစဉ်စုံတာကြောင့် ဖြစ်သည်။ ခေတ်ဟောင်းက ကြော်ငြာတွေနဲ့ ဆင်တူသည့် ကြော်ငြာတွေလည်း လွှင့်သည်။ အဆို၊ အငို၊ သရုပ်ဆောင်ကောင်းသည့် မြန်မာကားတွေလည်း လွှင့်သည်။ တော်လှန်ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်း လွှင့်သည်။ ဒါကြောင့် တော်လှန်ရုပ်သံချန်နယ်ကို ကြည့်ရမည် ဖြစ်မည်။ ဒီတစ်ပတ်တော့ မိုးလေးကအေးအေး၊ အပြင်မထွက်ချင်တာကြောင့် အိမ်ထဲမှာပဲ နွေးနွေးထွေးထွေးနဲ့ တီဗွီလေးဖွင့်၊ တော်လှန်ချန် နယ်လိုင်းလေး ကြည့်ဖြစ်သည်။
    ချန်နယ်လိုင်းလေး ဖွင့်လိုက်တယ်ဆိုရင်ဖြင့် အမေရိကားရောက် တော်လှန်ရေးခေါင်းဆောင်မကြီးက မခို့တရို့ အမူအယာလေးဖြင့် 'ရတနာစိန်ကျောက် ဇယ်တောက်တမ်းကစားရအောင်လေ'ဟု ပြောကြား၊ နာမည်ကျော်မင်းသမီးတစ်ဦး၏ ရွှေဆိုင်ကြော်ငြာအတိုင်း 'ပန် ပန် ပန် ပန့် ပန်'ဟုဆိုကာ လက်ဝတ်လက်စားတွေကို ထုတ်ရောင်းလေတော့သည်။ အရင်ကတော့ တော်လှန်ရေးအတွက် အလှူခံနေသော တော်လှန်ရေးခေါင်းဆောင်မကြီး ရုတ်တရက် ပြောင်းလဲသွားပြီး ရတနာစိန်ကျောက် လက်ဝတ်လက်စားတွေ ပြောင်းရောင်းနေလိုက်ပုံများ အားရစရာ ကောင်းလှသည်။ ဒါတင်ပဲလားဆိုတော့ အခွန် တိုးမကောက်ခင်၊ ဈေးမတက်ခင် သူ့စတိုးဆိုင်မှာ ဈေးဝယ်ဖို့ ကြော်ငြာကလည်း ထူးမြတ်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးသည့် စူပါဝမ်းကုန်တိုက်ကြော်ငြာလိုပင် 'ဈေးဝယ်မယ်ဆိုရင် ပန်ဆယ်ဆီမှာပဲ စိတ်ချရပါတယ်' ဆိုတဲ့ ပုံစံမျိုးဖြင့် ကြော်ငြာလိုက်ပြန်သည်။
    ဒုတိယတော်လှန်ချန်နယ်ကြော်ငြာက ခေတ်ဟောင်းက ရုပ်ရှင်ကြော်ငြာတစ်ပုဒ်ဖြစ်သော 'ရှမ်းပြည်တစ်နေရာမှာ ကိုလွင်မိုး တစ်ယောက် ကားပျက်နေပါတယ်'၊ 'ပအိုဝ်းကြီး သုံးယောက်နဲ့ တွေ့ပါတယ်။ ရိုင်းပင်းဖော်ရွေစွာနဲ့ ကူညီလိုက်ကြပါတယ်'ဆိုသည့် ကြော်ငြာနဲ့ပင် ဆင်တူသေးသည်။ ထိုကြော်ငြာက 'နယ်စပ်တစ်နေရာမှာ ကိုဝေစိုးတစ်ယောက် ကျင်းတူးဖို့ အလှူခံနေပါတယ်'၊ 'ပြည်သူ ဝိုင်းလှူကြ ပါတယ်'ဟု အလှူခံ ပရိုမိုး ရှင်း ကြော်ငြာလေးဖြစ်သည်။ 'ကိုဝေစိုး အလှူခံပြန်ပါတယ်၊ ကူညီကြပြန်ပါတယ်'၊ ;ကိုဝေစိုး ထပ်အလှူခံပြန်ပါတယ်; ပြည်သူတွေ ထွက် ပြေးသွားကြပြီး ကိုဝေစိုးတစ်ယောက် အနောက်က ပြေးလိုက်သွားရင်း ပြည်သူတစ်ယောက်က 'နောက်တစ်ခါ ကျင်းတူးရင် မင်းလက်နဲ့သာ ယက်ထုတ်ပေါ့ ဝေစိုးရေ' ဆိုပြီး ကြော်ငြာလေးက အဆုံးသတ်သွားလေသည်။
    ကြော်ငြာတွေပြီးသွားပြန်တော့ တော်လှန်ရုပ်ရှင်ကားကြီး စတင်ပြသလေတော့သည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတစ်ယောက် ရန်သူတွေမရှိသော တောတွင်းတစ်နေရာတွင် ယူနီဖောင်း ခေါက်ရိုးရာပင်မပျက် အတိုလေး ခါးကြားထိုးကာ ပတ်သွားနေသော ဇာတ်ဝင်ခန်းဖြင့် စတင်လေသည်။ ဘေးနားမှလည်း ဝန်းရံသူတွေဖြင့် ခံ့ညားတည်ကြည်လှသောခေါင်းဆောင်ကြီးက တောတွင်းမှာ လူလုံးပြပြီး တပည့် တပန်းတွေ ခြံရံကာ တော်လှန်နေကြပုံက အားကျစရာပင်ဖြစ်သည်။ တပ်ကို မကြိုက်လို့ တော်လှန်နေသည်သာပြောတာ ခေါင်းဆောင်ကြီးတွေ ဝတ်ပုံစားပုံက တစ်ဖက်ကို အားကျနေသလားပင် ထင်ရသည်။ ပြောက်ကျားဝတ်စုံ ကြီးတွေဝတ်၊ ဖိုးဝှီးကားကြီးပေါ်ကနေ အလေးပြုခံ ဒေသခံပြည်သူတွေကို လိုက်လံနှုတ်ဆက်ပြပုံတွေက လိုက်အတုခိုးနေသလား ထင်ရသည်။ ခေါင်းဆောင်ကြီးတွေများ နဖူးပေါ်လက်တင်ပြီး ငါတို့အားကျ၊ မနာလို ဖြစ်နေသလားဟု စဉ်းစားရပေတော့မည်။
    နောက်ထပ်တော်လှန်ချန်နယ်က တင်ဆက်ပြသသည့် ဟာသဇာတ်လမ်းတိုလေးက 'ဆိတ်ဟိုဒင်း စိ'ဟူသော ဇာတ်လမ်းဖြစ်သည်။ နဖူးပြောင်ပြောင် တော်လှန်ရေးခေါင်းဆောင်ကြီးတစ်ယောက် ပါဝင်သရုပ် ဆောင်ထားပြီး ဟိုလူနဲ့ တွဲဓာတ်ပုံရိုက်လိုက် ဖေ့စ်ဘုတ် ပေါ်တင်လိုက်၊ ဒီလူနဲ့တွဲရိုက်လိုက် ဖေ့စ်ဘုတ်ပေါ်တင်လိုက် ပဋာမြေလူး သရုပ်ဆောင်ချက်များက ကြည့်ရှုရ သူအပေါင်း ဟာသရုပ်ရှင်ကား ကြည့်သလိုပင် ဖြစ်တော့သည်။ ဇာတ်ကားနာမည်အတိုင်း ပလောင်ပေါင်ပြေးကပ် လိုက်၊ ကချင်ပေါင်ပြေး ကပ်လိုက်နှင့် တော်လှန်ရေးခေါင်း ဆောင်ကြီးမှာ 'ဆိတ်ဟိုဒင်းစိ'ကြီးသဖွယ် တဖတ်ဖတ် ရိုက်နေလေတော့သည်။ တော်လှန်ချန်နယ် ကြည့်ရသည်မှာ ရသစုံရုပ်သံလိုင်းတစ်လိုင်း ဖြစ်လေတော့သည်။
    ထုတ်လွှင့်မှု အဆုံးတွင် ဒရမ်မာဇာတ်ကားတစ်ကားဖြင့် အဆုံးသတ်ထားပြီး 'အမေရိကားမှာ ကျတဲ့မျက်ရည်'ဟု အမည်ပေးထားသည်။ သရုပ်ဆောင်အင်မတန် ကောင်းလှပြီး အကယ်ဒမီဆုများ တစ်ယောက်တည်း ပေးချင်လောက်အောင် သရုပ်ဆောင်ကောင်းသော မင်းသမီးကို ခေါင်းဆောင်နေရာ တင်ထားသည်။ ဇာတ်လမ်း သဘောအရ ဇာတ်ရှိန်အမြင့်ဆုံးအခန်းတွင် မင်းသမီးက 'ထရီဇာတို့ ခုလို စားနိုင်သောက်နိုင်၊ နေထိုင်နိုင်အောင် ကြွေပေးရတဲ့ကြယ်တွေကို မမေ့ပါဘူး"ဟုဆိုကာ တရှုပ်ရှုပ် ငိုပေးရ လေသည်။ သရုပ်ဆောင်မင်းသမီးပြောတဲ့ ကြယ်တွေဆိုတာ ဘယ်ကကြယ်တွေမှန်း မသိသော်လည်း ကြယ်ဖြစ်တာချင်းအတူတူ အမေရိကားကောင်းကင်ယံက ကြယ်တွေက တောက်ပနေပြီး  ပြည်တွင်းက ကြယ်တွေက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေရရှာသည်။
    ဇာတ်လမ်းသဘောကတော့ ထွက်ပြေးတဲ့ကြယ်တွေက ပိုတောက်ပတတ်ကြောင်း ပညာပေး ဒရမ်မာဇာတ်ကားပင် ဖြစ်လေတော့သည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49006

© 2022 - 2025 News. All Rights Reserved.