ထွန်းမြတ်နိုင် စဉ်းစားဆင်ခြင်နိုင်ပါစေ

၂၀၂၅ ၊ ဩဂုတ် ၂၁
    ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ်စနစ်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် အတော်လုပ်ယူရဦးမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ပေါင်း ၇၀ ကျော် အတွင်းမှာ နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေ အမျိုးမျိုးပြောင်းလဲသွားခဲ့ကြပေမယ့် ပြောင်းလဲမသွားသေးတာက လက်နက်ကိုင်လမ်းစဉ်ပါ။ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ဘာတွေ တိုးတက်လာပြီး၊ ဘာတွေ ယုတ်လျော့သွား ကြသလဲဆိုရင် လက်နက်ကိုင်လမ်းစဉ်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပိုမိုများပြားလာတာ တွေ့ရမှာဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကတော့ ယုတ်လျော့သွားတယ်လို့မြင်တယ်။ တစ်နည်းအားဖြင့် ပြောရရင် စည်းလုံးညီညွတ်မှုပျက်ပြားတဲ့ ပြဿနာလို့ဆိုရမှာဖြစ်ပါတယ်။ တစ်ဖက်က စည်းလုံးညီညွတ်ရေးအတွက် ကြိုးစားနေပေမယ့် တစ်ဖက်က နည်းမျိုးစုံနဲ့ အမုန်းတရား ရိုက်သွင်းနေကြတာ စိတ်မကောင်းစရာပါ။ 
    အဓိကပြဿနာက အပြန်အလှန် နားလည်မှုမရှိတာနဲ့ သူတစ်လူငါတစ်မင်း စိတ်ထားတွေပဲ ဖြစ်ပါတယ်။ အတိတ်သမိုင်းကြောင်းအရ ပြဿနာဖြစ်စအချိန်မှာ အမြစ်ပြတ် မရှင်းခဲ့ကြတဲ့အတွက် တဖြည်းဖြည်းချင်း အစိုင်အခဲတွေ ပိုမို ကြီးထွားလာခဲ့တာလို့ မြင်ပါတယ်။ မြန်မာ့နိုင်ငံရေး၊ ပြည်ထောင်စု တည်ဆောက်ရေးကိစ္စတွေဟာ စတည်ကတည်းက အခုချိန်ထိ လုံးချာလည်နေဆဲပဲ ဖြစ်ပါတယ်။ ဘာမဆိုင် ညာမဆိုင် ကြားက အမုန်းခံရတာက တပ်မတော်ပါ။  ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာ ဘာတွေ တွေ့လာရသလဲဆိုတော့ ငုပ်လျှိုးနေတဲ့ မကျေနပ်ချက်တွေ၊ အမုန်းတရားတွေ၊ နာကြည်းချက် တွေ နည်းမျိုးစုံနဲ့ ပေါက်ကွဲထွက်လာတာတွေပဲ ဖြစ်ပါတယ်။ အတော်ဆိုးတဲ့ကာလ၊ တစ်စဆီပြို ကွဲသွား နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အကောင်းဘက်ကကြည့်ရင်တော့ စုပြုံပေါက်ကွဲမှုတွေကတစ်ဆင့် ဖြစ်လိုကြတဲ့ဆန္ဒတွေကို သိလိုက်ရတာပဲ ဖြစ်ပါတယ်။ ကုစားနိုင်ရင် အကောင်း၊ မကုစားနိုင်ရင်တော့ ပြည်ထောင်စုအတွက် အန္တရာယ်ရှိပါတယ်။ 
    ၂၀၂၁ ခုနှစ်က စခဲ့တဲ့ တော်လှန်ရေးဟာ အခုချိန်မှာ အတော်လေး အားပျော့လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကလည်း မှန်မှန်ကန်ကန် သုံးသပ်ကြည့်ရင် သန္ဓေမမှန်လို့ဘဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က နိုင်ငံကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးဖို့ ကြိုးစားလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ တော်လှန်ရေး လုပ်စားနေသူတွေအတွက် ကြီးမားတဲ့အန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရနဲ့တပ်မတော်ကို သတင်းသမား မပီသဘဲ တော်လှန်ရေးသဖွယ် တိုက်ခိုက်နေကြတဲ့ သတင်းဌာနတွေအနေနဲ့လည်း စားခွက်ပျောက်မယ့် အရေးကြုံနေရတာ ဖြစ်တဲ့အတွက် အသံတွေ ပိုထွက်လာတာ တွေ့ရပါတယ်။ ထွက်လာတဲ့ အသံတွေကိုကြည့်ရင် မဟုတ်တမ်းတရား တွေနဲ့ တပ်မတော်ကို အပုပ်ချဝေဖန်နေတာတွေက ပိုများပါတယ်။ 
    ဧရာဝတီအောင်ဇော်နဲ့ AA ထွန်းမြတ်နိုင်တို့ရဲ့ အင်တာဗျူး အပိုင်း(၃)ဆိုပြီး ထွက်လာတာတွေ့ရတယ်။ အဲဒီမှာ တပ်မတော်က ပြည်ထောင်စုတပ်မတော်အဖြစ် ဖွဲ့စည်းထားတာမဟုတ်ဘဲ နစကရဲ့ တပ်အဖြစ် ထွန်းမြတ်နိုင်ကပြောထားတာ တွေ့ရတယ်။ ပထမတော့ ဗမာတပ်လို့ သုံးထားသေးတယ်။ ချက်ချင်းပဲ NUG တို့၊ PDF တို့ ရှိနေတဲ့အတွက် နစကတပ်လို့ ပြောင်းသုံးတာလည်း သတိထားမိတယ်။ နစကရဲ့တပ်လို့ သုံးထားတာကိုတွေ့ရတဲ့အတွက် အခု ရွေးကောက်ပွဲအတွက် အချိန်းအပြောင်းကာလမှာ ဗျူးထားတာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ပြည်ထောင်စုတပ်ဆိုတာ ဘယ်လိုဖွဲ့စည်း မှုမျိုးကိုဆိုလိုချင်တာလဲ။ NCA လက်မှတ်ရေးထိုးဖို့ ကြိုးစားနေတဲ့တဲ့ကာလ နိုင်ငံရေးဆွေးနွေးပွဲမှာ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေပေါင်းပြီး အလှည့်ကျကာကွယ်ရေးဦး စီးချုပ်လုပ်ရမယ်ဆိုတဲ့ အဆိုတစ်ခု တင်ခဲ့ကြတာ သတိထားမိတယ်။ ဒါမျိုးဖွဲ့စည်းမှ ပြည်ထောင်စုတပ်လို့ ဆိုလိုချင်တာလားမသိ။ မနေ့တစ်နေ့ကမှ စိုင်ကော်လို့ အင်အား အတန် အသင့်ရှိလာပြီး ကိုယ့်ကိုယ်ကိုယ် ဗိုလ်ချုပ်တပ်ထားတဲ့ သူရဲ့စကားက သာမန်ကြည့်ရင် ဟုတ်သလိုလိုနဲ့ အတော်လျှော်တာပဲ။ မြန်မာ့တပ်မတော်သမိုင်းကို ကျေညက်ပုံမရဘူး။ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ စိတ်ကူးယဉ်မနေနဲ့လို့ဘဲ ပြောရမှာပါ။
    မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့တဲ့အချိန်မှာ တိုင်းရင်းသားလူမျိုးအမည်တွေနဲ့ သေနတ်ကိုင် တပ်ရင်းတွေရှိတယ်။ အင်္ဂလိပ်ဆီက လွှဲယူရတဲ့အတွက် ရခိုင်တပ်ရင်း၊ မွန်တပ်ရင်းဆိုတာတော့မရှိဘူး။ အဲဒီအချိန် မှာတုန်းက ပြည်မမှာ မွန်နဲ့ရခိုင်ကို ဗမာနဲ့ တစ်ပေါင်းတည်းထားတဲ့အတွက် ဗမာ့သေနတ်ကိုင်တပ်ရင်းမှာတော့ပါတယ်။ ကျန်လူမျိုးစုတပ်တွေက ကိုလိုနီခေတ် ကာလမှာကတည်းက သူတို့သစ္စာခံအောင် ဖွဲ့စည်းပေး ထားတာ။ နောက်ပိုင်း မိမိတို့လက်ထက်မှာ တိုင်းရင်းသားအမည်တပ်ထားတဲ့ သေနတ်ကိုင်တပ် အမည်တွေ ကိုဖျောက်ပြီး ခြေလျင်၊ ခြေမြန်တပ်ရင်းတွေအဖြစ် အမည်ပြန်ပြောင်းခဲ့တာပဲ ဖြစ်တယ်။ ဒါမှသာ တိုင်းရင်းသား ကိုယ်စားပြုတပ်မဖြစ်ဘဲ ပြည်ထောင်စုကို ကိုယ်စားပြု တဲ့တပ်မတော် ဖြစ်မှာပဲ ဖြစ်ပါတယ်။ မြင်အောင် မကြည့်ဘဲ ထင်ရာမြင်ရာနဲ့ ဝေဖန်လျှောက်ပြောနေတာက တန်းမဝင်ပါဘူး။ အထူးသဖြင့် ကမ္ဘာ့အရေးမှာပါ။ တပ်မတော်အတွင်းမှာ မြန်မာနိုင်ငံသားမည်သူမဆို တပ်မတော်ထဲ ဝင်ခွင့်ရှိတယ်။ အခြေခံရဲဘော်အဆင့်ကပဲ စဝင်ရတယ်။ အရာရှိတွေအတွက် ပညာအရည်အချင်းအလိုက် ဗိုလ်သင်တန်းတွေ ရှိတယ်။ ဗိုလ်လောင်းသင်တန်းအတွက် တိုင်းနဲ့ပြည်နယ်အားလုံးကို တစ်ပြေးညီ ဖြေဆိုခွင့် ပြုထားတာဖြစ်ပါတယ်။ မည်သူမဆို၊ မည်သည့်တိုင်းရင်းသားမဆို တပ်မတော်ထဲ ဝင်ခွင့်ရှိတယ်။ ခေတ်အဆက်ဆက်ကစပြီး လက်ရှိအချိန်အထိ တပ်မတော်ထဲမှာ တိုင်းရင်းသားတွေ ရှိနေဆဲပါပဲ။ ဒီလိုဖွဲ့စည်းထားတဲ့တပ်မတော်ကို ပြည်ထောင်စုတပ်မတော်မဟုတ်ဘူးလို့ဆိုတာရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ရှင်းရှင်းလေးပါ။ တပ်မတော်အစဉ်အလာအရ၊ တိုင်းပြည်စည်းကမ်းဥပဒေအရ တပ်မတော်ထဲ ဝင်နိုင်တဲ့ အရည်အချင်းမရှိဘဲ သူများအောက်ဆွဲနဲ့ နေ့ချင်းညချင်း တော်လှန်ရေးအကြောင်းပြ ဗိုလ်ချုပ်အမည်တပ်ပြီး လက်နက်ကိုင်တပ် ဖွဲ့ထားတာကို လူမျိုးစုတပ်မတော်အဖြစ် အသိအမှတ်ပြုစေချင်တာပဲ ဖြစ်ပါတယ်။ သူ့သိက္ခာ၊ သူ့နေရာအတွက် စဉ်းစားပြောဆိုနေတာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုက ထားပါဦး။ ရခိုင်အချင်းချင်းရော လက်ခံကြရဲ့လားလို့ အရင်မေးပါဦး။ AA အားကောင်းနေစဉ်မှာ အင်း...အဲ.. လုပ်နေကြပြီး စုတ်ပြတ်သတ်သွားတဲ့ အချိန်ကြရင် ထွက်လာကြပါလိမ့်မယ် အသံတွေ။ 
    အောင်ဇော်နဲ့ထွန်းမြတ်နိုင်တို့ရဲ့ အမေးအဖြေကိုကြည့်ရင် တကယ့်ဘုန်းကြီးရူးနဲ့ လှေလူးပဲ။ တစ်ယောက်က ထောင်မေးတယ်။ ဖြေတဲ့သူကလည်း ဆရာကြီးလေသံနဲ့ သူသာလျှင် ပြည်ထောင်စုအကျိုးကို အမှန်တကယ် လိုလားနေတဲ့ပုံစံ။ အမှန်တကယ် ပြည်ထောင်စု အကျိုးကို လိုလားတာလား၊ ရခိုင်အမည်ခံပြီး ရခိုင်လူမျိုးစုအတွင်းမှာ သူ့အတွက် လက်နက်နဲ့ အာဏာတည်ဆောက်နေတာ လားဆိုတာ မြင်အောင်ကြည့်ရင် သိနိုင်တယ်။ ရခိုင်သည်းခြေကြိုက် ရက္ခိတလမ်းစဉ် အမည်ခံတဲ့အတွက် သာမန်ရခိုင်လူထုက ကြိုက်ကောင်းကြိုက်နေ ကြပေမယ့် ရခိုင်ပညာတတ်တွေ၊ အမြော်အမြင်ကြီးသူ၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသူ ဒေသအသီးသီးက ရခိုင်ရပ်ရွာခေါင်းဆောင်တွေ ဘာဖြေကြမလဲဆိုတာ မေး ကြည့်။ အဖြေတစ်ခုရပါလိမ့်မယ်။ အခု AA ကို ထွန်းမြတ်နိုင် ဘယ်လိုဖွဲ့စည်းထားသလဲ။ နေရာကောင်းတွေ၊ ပိုက်ဆံရမယ့် နေရာတွေမှာ သူ့အမျိုးတွေချည်းပဲ ခန့်ထားလို့ ညိုထွန်းအောင်နဲ့ အကျိတ်အခဲဖြစ်နေတာ ဘယ်လိုပြောမလဲ။ ညီတွေ၊ အစ်ကိုတွေ၊ ယောက်ဖတွေမပြောနဲ့ ယုတ်စွအဆုံး ယောက္ခမတောင် AA ရဲ့ တော်လှန်ရေးခေါင်းစဉ်အောက်မှာ သာသာယာယာပဲ။ ထွန်းမြတ်နိုင်ယောက္ခမ ရခိုင်ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌလုပ်ခဲ့သူ စံကျော်လှ အခု AA မှာ ဘာရာထူးယူထားသလဲ။ ရခိုင်ပြည်သူတွေ စစ်ဘေးစစ်ဒဏ်သင့်ပြီး ဒုက္ခရောက်နေတဲ့အချိန် သူကတော့ ကျောက်တော်မှာ အေးအေးဆေးဆေး ဆက်ကြေးကောက်သာယာနေတာ  ဒေသခံရခိုင်တွေ အားလုံးသိကြပါတယ်။ ဒီလုပ်ရပ်တွေကိုကြည့် ရင် ထွန်းမြတ်နိုင် ဘယ်အချိုး ချိုးနေတယ်ဆိုတာ ရှင်း တယ်။
    ခေတ်အဆက်ဆက် တပ်မတော်ရဲ့ အကာအကွယ်နဲ့ အေးချမ်းစွာ သွားလာလှုပ်ရှား၊ နေထိုင်စား သောက်နေခဲ့ကြရတဲ့ ရခိုင်ပြည်သူတွေ အခုဘယ်လိုဖြစ်နေကြပြီလဲ။ သဘာဝဘေးဒဏ်သင့်ရင် ချက်ချင်း အကူအညီရခဲ့ကြတဲ့ ရခိုင်ပြည်သူတွေ အခု မိုးကြီး၊ လေကြီး၊ ရေကြီးမှာ ထွန်းမြတ်နိုင်ရဲ့ အစောင့်အရှောက်နဲ့ သာယာနေကြပြီလား။ AA ရဲ့ ပံ့ပိုးကူညီမှု ဘာတွေရပါသလဲ။ ကြားနေရတဲ့ သတင်းတွေအရ စားဝတ်နေရေးအခက် အခဲ၊ AA ရဲ့ နှိပ်စက်မှုတွေအရ မိသားစုလိုက်ပင် သတ်သေနေကြတာတွေဟာ စိတ်မကောင်းစရာလို့ပြောရ မလား။ AA ရဲ့ လွဲမှားတဲ့ ရက္ခိတလမ်းစဉ်အတွက်ပေးဆပ်မှုလို့ မဆိုချင်ကြရင်တော့ အတိတ်ဘဝက ဝဋ်ေကြွေးတွေ ဆပ်နေကြရတယ်လို့သာ သတ်မှတ်လိုက်ကြပါလို့သာ။ 
    သေချာစဉ်းစားကြည့်။ ခင်ဗျားတို့ပြောနေတဲ့ စစ်အာဏာရှင်စနစ်က ခင်ဗျားတို့ကို ဘာဒုက္ခမှမ ပေးခဲ့ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ရခိုင်တိုင်းရင်းသားတို့ သာသာယာယာနဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စတွေ လွတ်လပ်စွာ လုပ်ခွင့်ရနေရာကနေ အခုလို အဖြစ်မျိုးနဲ့ ကြုံနေရတာ ဘာကြောင့်လဲ။ ရထားတဲ့အခြေအနေကောင်း တစ်ခုကနေ ဒီ့ထက်ကောင်းတဲ့အခြေအနေကို ချီတက်နိုင်တဲ့ အခွင့်အရေးရှိနေတာကို ဖျက်ဆီးခဲ့တာ ဘယ်သူလဲ။ ရခိုင်တွေ သေသေချာချာ လေးလေးနက်နက် စဉ်းစားဖို့ လိုပါလိမ့်မယ်။ ပြန်မပြင်နိုင်ရင်တော့ ရခိုင်တွေ စုံးစုံးမြုပ်သွားပါလိမ့်မယ်။ တပ်မတော်အနေနဲ့၊ နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လိုနည်းနဲ့မှ ကွန်ဖက်ဒရေးရှင်းအဆင့်ကို အရောက်ခံမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုပါတယ်။ နိုင်ငံရေးနည်းအရ ဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စု အတွင်းမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်ဖို့သာ စဉ်းစားရမှာပါ။ အတင်းအကျပ် ရက္ခိတလမ်း စဉ်ကို မျှော်ပြီး လုပ်နေကြမယ်ဆိုရင် ဖြစ်လာမယ့်ဆိုးကျိုးက မသေးဘူး။ နယ်မြေပါ ပျောက်သွားနိုင်တဲ့ အရေးကို ကိုရွှေရခိုင်တို့ သတိချပ်ဖို့ လိုပါလိမ့်မယ်။ ပြောချင်တာက ကွန်ဖက်ဒရေးရှင်းအဆင့်ဆိုတာ ဘယ်လိုနည်းနဲ့မှ ပေးမှာမဟုတ်တဲ့အတွက် ဒီလမ်းစဉ် မစွန့်သမျှ အဆော်ခံနေရမှာ သေချာတာက တစ်ချက်။ နောက်တစ်ချက်က ရခိုင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး နယ်မြေလု ယူလေ့ရှိကြတဲ့ မုတ်ဆိတ်အန္တရာယ်။ ဒီနှစ်ခုကို ဘယ်လို ရင်ဆိုင်ကြမလဲ စဉ်းစားထားဖို့လိုတယ်။ 
    ဒီနှစ်ချက်မှာ ပထမအချက်က ပြည်ထောင်စုထဲမှာ နေနေသမျှ ကာလပတ်လုံး လုံခြုံမှု၊ ကူညီစောင့်ရှောက်မှု၊ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုတွေရရှိနေမှာဖြစ်ပါတယ်။ လုံခြုံမှုကို ပြည်ထောင်စုနဲ့အတူ ရရှိမှာဖြစ်တဲ့အတွက် ကိုယ့်အန္တရာယ်ကို ကိုယ်မရှာသင့်ဘူးလို့ မြင်တယ်။ ဒုတိယ အချက်တော့ ပြည်ထောင်စုအတွင်းက ခွဲထွက်ပြီး ရက္ခိတလမ်းကြောင်းပေါ် ပိုရောက်လေ ပိုအန္တရာယ် ရှိလေပဲဖြစ်မှာပါ။ အခုပင် ဘင်္ဂါလီအရေး သွေးမအေးဖွယ် ဖြစ်နေပြီ မဟုတ်ပါလား။ ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ပေးနေတဲ့ တပ်မတော်တောင် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ နိုင်ငံတကာဥပဒေတွေနဲ့ တိုက်ခိုက်နေတာကို အတော်ရှင်းနေရတာ သတိထားကြည့်။ AA ဆိုရင် ခံနိုင်စရာကိုမရှိဘူး။ အတူတကွ ရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စဆိုတာ အမြော်အမြင်ရှိသူတွေ နားလည်ကြ တယ်။ ရခိုင်လူမျိုးတွေ နေစရာနယ်မြေ မပျောက်ဖို့ ပြည်ထောင်စုအား လိုကိုလိုပါတယ်။ ဒီပုံစံအတိုင်း သွားလို့ ရခိုင်ပြည်ပျက်ရင် ထွန်းမြတ်နိုင်၊  AA  နဲ့ ရခိုင်လူမျိုးတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ 
    တပ်မတော်ကျရှုံးရင် ပြည်ထောင်စု အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလိမ့်မယ်ဆိုတဲ့အမြင်ကို ထွန်းမြတ်နိုင်ပြောတာက ပြည်ထောင်စု ပြိုကွဲသွားမှာထက် တပ်မတော်လက်ရှိ ရှိနေလို့ ကြုံတွေ့နေရတဲ့ အန္တရာယ်ကို မြင်ဖို့လိုတယ်ဆိုပြီး ပြောသွားတာ တွေ့ရတယ်။ တပ်မတော်ကို ခါးပိုက်ဆောင်တပ် ဖက်ဆစ်တပ်သဖွယ် စွပ်စွဲပြောဆိုသွားတာကတော့ အတော်အောက်တန်းကျ လွန်းတယ်လို့ဆိုရမယ်။ စနစ်ကို မကျေနပ်လို့ တိုက်တာထက် သူ့လိုဘအတွက် ရန်သူသဖွယ် သဘောထားတာ ရှင်းနေအောင် တွေ့ရတယ်။ နိုင်ငံရေးသမားဆန်ဆန်၊ လူကြီးလူကောင်းဆန်ဆန် ပြောဆိုသွားတဲ့ပုံစံ တွေ့ရပေမယ့် အတွင်းကောက်လို့မြင်တယ်။ မြွေမြွေချင်း ခြေမြင်နိုင်တဲ့ အပြောတွေပါ။ လက်ရှိ မြန်မာပြည်ကြီး ခုလိုဖြစ် နေတာ စစ်တပ်ရှိနေလို့ဆိုတဲ့သဘောမျိုး ပြောသွားတာတွေ့ရပြီး တပ်မတော်မရှိတော့ရင် ဘယ်လိုဖြစ်နိုင် တယ်ဆိုတာကိုတော့ အသာလေးမြှုပ်ထားတာ တွေ့ရတယ်။ သဘောက တပ်မတော်မရှိလို့ရှိရင် သူလိုချင်တဲ့ ရက္ခိတလမ်းစဉ်နဲ့ နိုင်ငံရမယ်လို့ မှန်းထားပုံရတယ်။ တပ်မတော် ရှုံးသွားလို့ရှိရင် ပြည်ထောင် စုပြိုကွဲသွားနိုင်တယ်ဆိုတာကို လက်ခံထားပေမယ့် သူ့အတွက် ပိုအခွင့်အရေးရမယ်လို့ မှန်းထားပုံရ တယ်။ နဂိုကတည်းက သီးခြားနိုင်ငံ ထူထောင်ချင်တာ၊ အနိမ့်ဆုံးအဆင့် ကွန်ဖက်ဒရေးရှင်းလို့ ဆိုထား တော့ တပ်မတော်မရှိလေ ကြိုက်လေပဲ။ ရှမ်းပြည်နယ်မှာ အဖွဲ့အစည်းပေါင်းစုံ၊ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ပေါင်းစုံရှိတဲ့အတွက် အပြိုင်အဆိုင်များမှာ၊ နယ်မြေလုမှာတွေရှိပေမယ့် ရခိုင်ပြည်နယ်မှာ သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားနိုင်မယ်လို့မှန်းထားပုံရတယ်။ သူ ထွန်းမြတ်နိုင် မဖြစ်ခင်က တည်းက Warloard တွေနဲ့ ပေါင်းလာခဲ့တဲ့အတွက် Warloard ဖြစ်ရမှာကို သာယာနေတာ သတိထားမိတယ်။ တော် လှန်ရေးအောင်မြင်လို့ ရက္ခိတလမ်းစဉ်ချမှတ်ပြီး နိုင်ငံ ထူထောင်နိုင်ခဲ့ရင် မဲပေးရွေးချယ်ခွင့် ရခိုင်မှာရမယ်ထင်လား။ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီထွန်းကားလာ လိမ့်မယ်ထင်လား။ ရခိုင်ပြည်နယ်မှာ ရခိုင်အချင်းချင်းတော်လှန်ရေးတွေ၊ တိုက်ပွဲတွေ ကျိန်းသေပေါက် ဖြစ်လာပါလိမ့်မယ်။ ဒီလိုဖြစ်လာခဲ့ရင် ဒီလိုအခွင့်ကောင်းစောင့်နေတဲ့ ဘင်္ဂါလီတွေ အတွက်ကတော့ အကြိုက်ဖြစ်လာမှာမလွဲပါ။ 
    "ဒီခေတ်၊ ဒီကာလ ဒီအချိန်မှာ ရခိုင်အတွက် အရေးအကြီးဆုံးက အနောက်အန္တရာယ်ကို အရှေ့နဲ့ ပေါင်းပြီး ကာကွယ်ရမှာပဲဖြစ်ပါတယ်"
    ဒီစကားက  ရှေးရခိုင်လူမျိုး အကြီးအကဲတွေ အမြော်အမြင်ကြီးစွာ ကြိုတင်တွက်ဆ မှာထားခဲ့တဲ့ စကားပါ။ ထွန်းမြတ်နိုင်သိပြီး စဉ်းစားဆင်ခြင်နိုင်ဖို့ လိုပါလိမ့်မယ်။ မဟုတ်လို့ ရခိုင်တွေ နယ်မြေဆုံးပြီး မျိုးသုဉ်းခဲ့ရင် သူတစ်ပါးကို တရားခံလွှဲမချဖို့အတွက်ပါ။  တပ်မတော်နဲ့ တပ်မတော်အကြီးအကဲအပေါ် ပြောဆိုခဲ့ တဲ့စကားတွေအတွက် ထွန်းမြတ်နိုင် အနေနဲ့ တာဝန်ယူဖို့ လိုပါလိမ့်မယ်။ 
    မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်မရှိဘူး။ စစ်အာဏာရှင်ဖြစ်ချင်တဲ့သူတွေ များနေတာပဲရှိတယ်။ ဒါကြောင့် တိုင်းပြည် မတိုးတက်တာ။   (ဇော်နိုင်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49691

© 2022 - 2025 News. All Rights Reserved.