မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ကိုယ်စောင့်ဘာဝနာလေးပါး သို့မဟုတ် ကိလေသာ သွေးတိတ်ဆေးများ

၂၀၂၄ ဒီဇင်ဘာ ၃၀

    တရားအားထုတ်သူ ယောဂီတို့မှာ 'အကြွေးစွဲ၊ အတေးစွဲ'တို့ နှောင့်ယှက်တာ ခံရတတ်တယ်လို့ ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက သတိပေး ညွှန်ပြထားပါတယ်။ အကြွေးစွဲ အတေးစွဲဆိုတာ ဘာလဲ၊ ၂၀၀၄ ခုနှစ် သြဂုတ်လ ဒုတိယအကြိမ်ထုတ်  'ပဋိဘာန ဉာဏဒဿနကထာ' ကျမ်းကြီးမှာ အောက်ပါအတိုင်း ရှင်းပြထားပါတယ်။
    'အကြွေးစွဲများသည် သိုက်ဆက်သိုက်စွဲမကင်းသူများ ရင်ဆိုင်ရတတ်ချေ၏။ အတေးဆွဲများကား တစ်ပါးသူ တရားကျင့်စဉ်က နှောင့်ယှက်ခဲ့ဖူးသူများ ရင်ဆိုင်ရတတ်၏။ ထိုအတေးရှင်များသည် သင့်အား ကလဲ့စား ချေသောအားဖြင့် သင်၏ ယခုအားထုတ်ဆဲ၌ လာရောက်နှောင့်ယှက်လေ့ ရှိတတ်သည်။ ထိုအကြွေးသမား၊ အတေးသမားတို့အတွက်ကား မှတ်ချက်သွင်းရုံမျှဖြင့် ထိုမြင်ယောင်ကြားယောင်(အနှောင့်အယှက်များ) ပျောက်မည်မဟုတ်' (စာ-၄၀၃)
    အဲဒီလို အခြေအနေမျိုးမှာ မေတ္တာကျင့်စဉ်ကို အထူးကျင့်ရမယ်။ နှောင့်ယှက်သူတွေ ကျေနပ်သွားတဲ့အထိ မေတ္တာပို့နိုင်ရမယ်လို့ ဆိုပါတယ်။
    'သင့်အား အကယ်တိတိ ယခုလက်ရှိ ရန်ဘက်တို့ကသော်လည်းကောင်း၊ ယခင်ဘဝဟောင်းက ရန်ဘက်တို့ကသော်လည်းကောင်း၊ အာဃာတပွား အနီးအဝေးတို့မှ အာရုံပြုငြားသော် ထိုအာရုံလှိုင်းများသည် သင့်ရှုကွက်တွင်းသို့ ချဉ်းနင်း ဝင်ရောက်လာတတ်ရာ ရှုလက်စနဲ့ စိတ်အထိုင်မကျတတ်၊ ထိုအခါ မေတ္တာပွား၍ သင့်ထံရှိ အထိုင်မကျမှုသို့ (ကိလေသာ ငြိမ်းအေးစေတတ်သော) မေတ္တာဓာတ်လှိုင်းများကို တွင်တွင် ပို့လွှတ်ရာ၏။ ရန်သူကားပျံ့စိတ်ဖြင့် မိမိထံ ပို့လွှတ်လိုက်သော အပူဓာတ်၊ သင်ကား စည်းလုံးစိတ်ဖြင့် သူ့ထံပို့လွှတ်ပေးသော အအေးဓာတ်၊ သို့ကြောင့် အခြောက်တိုက် ဆုပ်ပက်လိုက်သော သူ့သဲထက် ရေဆွတ်ကာ ပက်လွှတ်နေသော သင့်သဲကပို၍ ထိရောက်စေတတ်ချေရာ ထိုအပူဓာတ်ရိပ် ဓာတ်လှိုင်းများအတိုင်းပင် မီးခိုးကြွက်လျှောက် ခြေရာကောက်ကာ သင်၏ အအေးဓာတ်များက ဖျက်ဆီးပေး ချေလေတော့မည်။ ရန်သူ့ထံရှိ အာဃာတတို့ကား ကျေပျက်ရချေ တော့၏။ အမြင်ပြောင်းလျက် မိတ်ကောင်းတစ်ယောက်ကဲ့သို့ တုံ့ပြန်မှုကိုပင် ခံရတတ် ချေသေး၏။' (စာ -၄၀၄)
    ဒသင့်အား အကယ်တိတိ ယခုလက်ရှိ မိတ်ဖက်တို့ကသော်လည်းကောင်း၊ ယခင်လက်ဟောင်း မိတ်အပေါင်းတို့ကသော်လည်းကောင်း၊ ချစ်စိတ်နောက် စိုးရိမ်စိတ်ဖောက်လျက်က ကောင်းကောင်း မွန်မွန်မှ နေရပါလေစ၊ စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာ ရှိပါလေစ စသည်အားဖြင့် အနီးမှအဝေးမှ မမြင်အပ်ရာဘဝမှ၊ မြင်အပ်ရာရာ ဘဝများမှ သောကစိတ်ပွား သံသယဓာတ်လှိုင်းများ ပို့လွှတ်လိုက်ချေသော် ထိုအာရုံအတိုက်များသည် မိမိရှုလက်စ ရှုကွက်အတွင်းသို့ သင့်သမာဓိ တည်လျှင်တည်သလောက် ချဉ်းနင်း ဝင်ရောက်လာတတ်လှချေရာ ထိုအခါ ရှုလက်စ ရှုကွက်ထဲ၌ စိတ်အထိုင်မကျတတ်၊ ထိုအခါ သင်သည် ရှုလက်စ အသာထား၊ မေတ္တာပွား၍ သမထဓာတ်လှိုင်းများကို သွင်သွင် ပို့လွှတ်ပေးတတ်ရာ၏။' (စာ-၄၀၄)
    တစ်ဖက်သားရဲ့ သောကများ လွင့်ပါးသွားတဲ့အထိ မေတ္တာပွားပို့ပေးရမှာ ဖြစ်ပါတယ်။ 'မည်သည့် တောမီးဖြစ်ပါစေ၊ အနောတတ္ထရေအိုင်အနီးသို့ ရောက်လျှင် ငြိမ်းအေးစေဘိသို့ မည်သည့်ကိ လေသာမီးဖြစ်ဖြစ် သင်၏ မေတ္တာဓာတ်နှင့်တွေ့ ရှေ့မတိုးသာပြီ'လို့ ဆိုပါတယ်။
    တရားရှုမှတ်နေချိန် ရုတ်တရက် ရာဂသွေးထ ပွက်ခဲ့ရင်လည်း မေတ္တာပွားရမယ်။ အလိုမကျ စိတ်၊ ဒေါသစိတ် ဖြစ်ပေါ်လာလျှင်လည်း မေတ္တာပွားရမယ်။ မေတ္တာအပါအဝင် သက်စောင့်လေးမျိုး (ဝါ) ကိုယ်စောင့် ဘာဝနာလေးပါးကို ကျင့်သုံးတတ်ဖို့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက လမ်းညွှန်သွန်သင်တော်မူခဲ့ပါတယ်။
    သက်စောင့်လေးမျိုး ဆိုသည်မှာ ...
    ၁။ သင်သည် ဘုရားဂုဏ်အာရုံပြုခြင်းဖြင့် သင်သဒ္ဓါကွက်၍ စိတ်ဓာတ်ပျက်နေသည်ကို နှိမ်နင်းပါလေ။
    ၂။ မေတ္တာပွားပို့ခြင်းဖြင့် တစ်ဖက်သားသို့ ဒေါသဖက်လျက် အမျက်ပြင်းပြ စိတ်အထိုင်မကျခြင်းများကို ဖယ်ရှားပစ်ပါလေ။
    ၃။ သင်သည် မိမိကိုယ်ရှိ ဆံပင်စသည့် အပေါင်းအစုတို့ကို တစ်စစီခွဲပုံကြည့်ခြင်းဖြင့် မောဟ ဝိတက် ပညတ်ဖက်၍ တက်နေသော သင့်စိတ်ကို နှိမ်ချပါလေ။ မောဟသက်သက် အကျဘက် ရောက်နေသော စိတ်ကိုလည်း ဆယ်တင်ပေးပါလေ။
    ၄။ သင်သည် မိမိသေရမည့်ဘေးကို အောက် မေ့စေခြင်းဖြင့် သင်၏ ရာဂစွက်၍ တက်ကြွနေသော စိတ်ကို နှိပ်ကွပ်ပစ်ပါလေ။
    အဲဒီလေးမျိုးထဲက မိမိစရိုက်နဲ့ ကိုက်ညီမည့် တစ်မျိုးကို ရွေးချယ်ပြီး အထူးပွားများနေဖို့ ညွှန်ကြားထားပါတယ်။ (ကျန်သုံးမျိုးကို လုံးဝလက်လွှတ်ပစ်ရမည်လို့ မဆိုလို၊ ဝတ်မပျက်ရုံ မွှမ်းထုံသောအားဖြင့် ပွားများနေရမယ်လို့ ဆိုပါတယ်။)
    ၁။ 'ဗုဒ္ဓါနုဿတိသည် ပန်းပဲဖို ကမ္မဋ္ဌာန်းဆို၏။ ထင်းခုတ်သမား၏ ဓားသွားများ တုံးသွားသော်၊ ဆေးသားများ ကွာကျသွားသော် ပန်းပဲဖိုသို့ အပ်နှံရ၏သို့ မိမိ၏ သဒ္ဓါလက်နက် ညံ့သက်နေပြီဖြစ်သော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းလုံး စည်းစိမ်၊ ခြေလက်၊ အသက်ကိုပင် စွန့်လျက်က မတွန့်မဆုတ် အားထုတ်တော်မူခဲ့ရသော ဘုရားရှင်၏ အရဟံဂုဏ်တော်ကို ပွားများခြင်းဖြင့် မိမိ၏ ယုံကြည်စိတ်ကို တွန်းအားပေးရာ၏။ ထိုအခါ သင်၏ နုံးစိတ်သည်လန်း၍ သင့်စိတ်ကမ္မဋ္ဌာန်း၌ တည်ရာ၏။' (စာ-၄၀၆)
    ၂။ မေတ္တာပွားပို့ခြင်းကတော့ 'ကြံရည်ကမ္မဋ္ဌာန်း'လို့ဆိုပါတယ်။ ကြံခင်းအလုပ်သမားဟာ ကြံစည်းကြီး ပခုံးပေါ်ထမ်းလျက်က နေပူကျဲကျဲမှာ ချွေးသံတရွှဲရွှဲဖြင့် ကြံဖိုသို့ သယ်လာတဲ့အခါလမ်းမှာ မောလည်းမော ရေကလည်း ဆာဖြစ်လာပါတယ်။ အဲဒီမှာ ကြံစည်းကြီး ပခုံးပေါ်ကချ၊ ကြံတစ်ချောင်း ချိုးစုပ်လိုက်ခြင်းဖြင့် အမောပြေ၊ ရေငတ် ပြေသွားပြီး ရှေ့ခရီးဆက်ဖို့ အားအင်သစ်တွေ ဖြစ်ပေါ်တိုးပွား လာခဲ့ပါတယ်။
    'သင်အားထုတ်လက်စ ကမ္မဋ္ဌာန်းအလုပ်၌ ဆန္ဒအားကုန်၍ စိတ်ကိုယ်တို့ မောပန်းသွားရာအခါ၌လည်း သို့မဟုတ် ကိလေသာ အခိုးရှိန်ကြောင့် သင့်စိတ်တန်ခိုး၊ စိတ်သတ္တိများ မှိန်ကျသွားသော အခါ၌လည်း မေတ္တာကိုသာ ပွားများအပ်ရာ၏။ မေတ္တာ၏ တရားကိုယ်သည် တစ်ဖက်သားသို့ ကြိုက်ပြစ်မှား၊ မကြိုက်ပြစ်မှားမှု မရှိသော အဒေါသ စေတသိက်ပင်ဖြစ်ရာ ကမ္မဋ္ဌာန်းအား ထုတ်ခြင်း သည်ပင် မေတ္တာပွားစည်းနေခြင်းမည်၏။ ကမ္မဋ္ဌာန်းအလုပ်ကား ကိုယ့်အပြစ်ကိုယ်ရှုရသော အလုပ်ဖြစ်၏။ တစ်ဖက်သား ပြစ်မှားတတ်သော ဒေါသနှင့် ဆန့်ကျင်ဖက် ဖြစ်၏။'
    'ဤသည်ကိုရည်၍ ကြံစည်းကြီးကို ပခုံးထမ်းလျက်က ဟုဆို၏။ သို့တစေလည်း နိဝရဏ စိတ်အညစ် အကြေးတို့မှ မလွတ်သေးသော သင့်စိတ်သည်ကား လှည့်စားဆဲသာဖြစ်၏။ မယား ပစ်ထားခဲ့ပြီးခါမှ တရားကို ချစ်နေတတ်ပြန်သေး၏။ သို့ကြောင့် မယားအရသာ ခံစားလိုမှုမှ တရား အရသာခံစားလိုမှုသို့ သင့်စိတ်ပြောင်းလဲ တိုးဝင်နေတတ်ရာ သင့်စိတ် မအေးဆေး၊ မတည်ငြိမ်တော့၊ သင့်ထံရှိ အလိုစိတ်သည် မယားနှင့်ပေါင်းသင်းမှ အလိုမကျသည်မဟုတ်၊ တရားနှင့်ပေါင်းသင်းရာ၌လည်း အလိုမကျ၊ အားမရတတ်။ ဤသို့သော အကြောင်းခံ တရားများကြောင့် စိတ်သည် မအေးဆေး ရုံမက ကိုယ် ရောစိတ်ပါ အထိုင်လည်းမကျတော့ပြီ။ ဤသည်ကိုရည်၍ နေပူကျဲတဲဟု ဆို၏။ ထိုမအေး သောစိတ်ကို ရာဂ၊ ဒေါသ စသည်တို့မှ လွတ်မြောက်ရန် မေတ္တာသက်သက် ပွားများခြင်းဖြင့် 'ကြံတစ်ချောင်းတည်းကို ချိုးစုပ်သည်'ဟုဆို၏။ ထိုမေတ္တာသည် အထူးသဖြင့် ဒေါသစရိုက်အားကြီး သူအတွက် ဖြစ်ချေ၏။ ဒေါသနှင့်မှ တည့်သေးလျှင် အခြား မတည့်စရာမရှိပြီ။ (စာ-၄၀၇)
    မေတ္တာကမ္မဋ္ဌာန်းကို 'ကရုဏာပွား သမာပတ်'လို့လည်း ခေါ်ပါတယ်။ ဘုရားရှင်တို့ မေတ္တာပွားပုံမှာ ရန်သူကိုပင် သားတော် ရာဟုလာကဲ့သို့ သဘောထား နိုင်ခြင်းပဲ ဖြစ်ပါတယ်။ သာမန်လူတွေအဖို့ မေတ္တာစိတ် ဖြစ်ပေါ်အော် ကိုယ်ချင်းစာစိတ်ကို မွေးမြူလေ့ကျင့်ရပါမယ်။ တစ်ဖက်နှင့်တစ်ဖက် အတိုက်အခံဖြစ်နေရင်... သူ့နေရာမှာသာ ငါဆိုရင် ဒီ့ထက်ပိုဆိုးမှာလို့ နှလုံးသွင်းကြည့်လိုက်ရင် ဒေါသ မဝင်သာတော့ဘူး။ ဒေါသရဲ့နေရာမှာ မေတ္တာနဲ့ အစားထိုးရမှာ၊ သူ့အပြစ်မရှုဘဲ ကိုယ့်အပြစ်ကိုယ်ရှုလိုက်တာ တောက်နေတဲ့ မီးငြိမ်းသွားနိုင်တယ်။ သူများအပြစ်ရှုနေရင် ငြိမ်းနေတဲ့မီး ထတောက်နိုင်တယ်။ သူ့နေရာကနေကြည့်မှ တန်းတူစိတ်ဖြစ်သွားတာ၊ မေတ္တာဆိုတာ ကိုယ်နဲ့ ထပ်တူထားခြင်း၊ မေတ္တာစိတ်ထားမှ ဒေါသနဲ့မာန ဉာဉ်မဝင်သာတော့ဘူး။ ဉာဉ်မဝင်မှ ဉာဏ်ဝင်လာမှာလို့ ဆရာတော်ဘုရားကြီးက လမ်းခင်းစကား ဆိုထားပါတယ်။
    (၃) (၃၂)ကောဋ္ဌာသ ကမ္မဋ္ဌာန်းဆိုတာက ဒီခန္ဓာကြီးကို တစ်စစီခွဲပြီး သူ့အစုနဲ့သူ၊ သူ့အပုံနဲ့သူ အာရုံပြုရတာ၊ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ အရိုး၊ အကြော စသည် တစ်ခုစီခွဲကြည့်ပြီး အမြဲဆင်ခြင်နေရင် ငါဆိုတဲ့ အတ္တမာန် မဝင်သာတော့ဘူး။ လက်သည်း ခြေသည်းတွေကို ငါလို့ခေါ် သလား၊ နှပ်တွေ၊ တံတွေးတွေကို ငါလို့ ဆိုသလား။ တစ်ခုစီခွဲကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ကားပစ္စည်းတွေကို တစ်ခုချင်း ဖြုတ်ထားလိုက်ရင် ကားလို့ခေါ်နိုင်သေးသလား။ ဘီးတွေ၊ စက်တွေတစ်စစီ ဖြုတ်ထားလိုက်၊ ကားသက်မဝင်နိုင်တော့ဘူး။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ (၃၂)ပိုင်း ကို တစ်စစီ ဖြုတ်ကြည့်ပြီး ကမ္မဋ္ဌာန်းရှုလိုက်ရင် ငါစွဲမြန်မြန် ပြုတ်မယ်။ မာန်မာနဆိုတဲ့ ဉာဉ်စရိုက်ရဲ့နေရာ မှာ ဉာဏ်ဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
    '၃၂ ဖို့မျှရှိသော ကောဋ္ဌာသတို့ကို မိမိကိုယ်မှ တစ်ခုချင်းထုတ်၍ တစ်ခုချင်း ရေတွက်စေရာ၌လည်း ယင်းကောဋ္ဌာသတို့၏ တစ်ခုချင်းသော အစုံအပုံ၌ အမြင်သန်လေ ကမ္မဋ္ဌာန်း၌ မလွှတ်ဝံ့လေ ဖြစ်လာမည်။ ဘာမှအားကိုးစရာ မရှိမှန်းသိလေ မိမိအလုပ်၌သတိဖြင့် ဆုပ်ကိုင်ထားလေ ဖြစ်လာချေ မည်။ ဤကမ္မဋ္ဌာန်းသည် ဘဝ၌တွေေဝေ မိန်းမောနေသူများ၊ စိတ်ပျံ့နေသူများ၊ ဒွိဟသမားများ၊ ရောက်တတ်ရာရာ ကာမဝိတက်ဖြင့် အတွေးများ နေသူများအတွက် သင့်တော်စေ၏။ တစ်ဖန်ကောဋ္ဌာသ၌ စိတ်နစ်ဝင် စူးရှသွားသူများတွင် အချို့ကား မိမိရှေ့၌ တစ်စစီ ချွတ်ပုံထားသော မိမိကိုယ်တွင်းရှိ ဆံပင်စသည် များကိုကြည့်လျက်က မဖွယ်ရာ အစုအားဖြင့်လည်း မြင်တတ်၏။ ပုပ်သိုးလွယ်သော ငါးစိမ်းသားစိမ်းသဖွယ်လည်း မြင်တတ်၏။ အပျက်မြန်သော အားဖြင့်လည်း မြင်တတ်၏။ ငါပိုင်မ ဟုတ်သော အားဖြင့်လည်း မြင်တတ်၏။ သို့ကြောင့် ပညာကြီးသော သုတေသနသမားများအတွက်လည်း သင့်တော်စေသည်ပင်ဖြစ်၏။' (စာ-၄၀၈)
    ၄။ 'သင်၏ နောက်ဆုံးလက်ကိုင် မရဏာနုဿတိသည်ကား ကြိုးစင်မျှော် (သေမိန့်အပေး ခံထားရသည့်) ကမ္မဋ္ဌာန်းဆိုရမည်။ သင့်၌ပြစ်မှု ထင်ရှားသဖြင့် သေမိန့်သေဒဏ်ကျခံထားရချိန် သင်သည် အစားအအိပ်၌လည်း မမင်တော့၊ သင့်မယား၌ပင် မခင်တော့ချေပြီ။ သင်၏ကြိုး စင်တက်ရမည့် နေ့ရက်ကိုသာ စောင့်ဆိုင်းလျက်က မိမိ၏ သေရမည့်အရေး ရင်မအေး ဖြစ်နေကာ စားမဝင် အိပ်မပျော်၊ သနားတတ်၊ ကရုဏာသက် တတ်သော ကယ်တင်ရှင်ကိုသာ မျှော်နေဘိသကဲ့သို့ သင်သည် ရာဂအားကြီး ကိလေသာ ဖိစီးနေလေ့ရှိသော် မိမိ၏ သေဘေးကို မြင်စေ၍၊ သို့မဟုတ် လောလော လတ်လတ် သေသွားသူကိုကြည့်၊ သံဝေဂဉာဏ် အဖန်ဖန် ဆင်ခြင်နေသော် သင့်ရာဂစိတ် ထိပ်မတက်တော့ ချေပြီ။' (စာ-၄၀၉)
    ကိုယ့်ရှေ့ရောက်လာတဲ့ စားကောင်းသောက် ဖွယ်တွေကိုလည်း မြက်ခြောက်ကောက်ရိုးလို သဘောထား လာနိုင်ပါလိ့မ်မယ်။ ဇိမ်ကျကျ နားနေအပန်းဖြေနိုင်တဲ့ ဟိုတယ်ကြီးကိုလည်း နွားတင်းကုတ်လို မြင်လာမယ်။ လှပတဲ့ ဆန့်ကျင်ဘက်လိင်ရှင်များနဲ့ ပက်ပင်းတွေ့သော်မှ လူသားစားဘီလူးမအသွင် ထင်မြင်လာစေတတ်တယ်လို့ ဆိုပါတယ်။ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်း ရှုထားသူဟာ လောက အာရုံထက် ဓမ္မရသ၊ ဝိမုတ္တိရသဆီသို့သာ စိတ် ညွှတ်နေလေပြီလို့ ဆိုထားပါတယ်။ ကိုယ်စောင့်ဘာဝနာ လေးပါးဟာ ကိလေသာ သွေးတိတ်ဆေးများပင် ဖြစ်ပါ တယ်။
    ဗုဒ္ဓါနုဿတိက သဒ္ဓါအားကျသွားစဉ်ပွားရတာမို့ မဖျားမနာဘဲ စားသုံးရတဲ့ အားတိုးဆေးသဖွယ် ဖြစ်တယ်။ မေတ္တာကဒေါသ၊ မာနကိုဖြိုခွင်းရာဖြစ်လို့ တုန်ဟည်းဖျားနာနေတဲ့ ငှက်ဖျားရောဂါရှင်တို့ သောက်ရတဲ့ ဆေးနဲ့တူတယ်။ ကောဋ္ဌာသကမ္မဋ္ဌာန်းကတော့ ညှော် ဝင်ပြီး မန်းတက်နေတဲ့ လူနာကို ပေးတဲ့ မန်းဆေးသဖွယ် ဖြစ်တယ်။ မရဏာနုဿတိကတော့ ငန်းဆေးနဲ့ တူပါသတဲ့။ ဘာကြောင့်လဲ ဆိုတော့ ရာဂ၏ ဆန့်ကျင်ဘက် အားဖြင့် ကုစားရာ ကမ္မဋ္ဌာန်းဖြစ်ခြင်းကြောင့် အဖျားတက်စဉ် သွင်းရမည့် ဆေးချက်မျိုးပမာသာ'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက အလင်းပြ သွန်သင် လမ်းညွှန်ထားပါတယ်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 424

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43072

© 2022 - 2025 News. All Rights Reserved.