လမ်းခုလတ်က ဝမ်းနည်းဖွယ်ရာ နိုင်ငံတော်ဈာပန၊ ရတက်မအေးဖွယ် အဖြေရှာကြရဦးမယ့် အနောက်မြောက်ဒေသနဲ့ ကူမင်းငြိမ်းချမ်းရေး တွေ့ဆုံပွဲ

၂၀၂၅ ၊ ဩဂုတ် ၁၅
    လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေတွေက ဝမ်းနည်းစရာတွေလည်း ကြုံခဲ့ရသလို ထူးခြားမှုတွေလည်း ဆက်တိုက်ဖြစ်နေတဲ့ ကာလတစ်ခုလို့ ဆိုရမယ်ထင်တယ်။ ဝမ်းနည်းစရာကောင်းတာကတော့ တခြားမဟုတ်ဘူး။ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်မှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ဒီနိုင်ငံရဲ့အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်အနိစ္စရောက်ခဲ့တဲ့ ကိစ္စပါပဲ။ တပ်မတော်သားဘဝမှာလည်း တိုင်းမှူး၊ ကစထမှူး စသဖြင့် အဆင့်ဆင့်တာ ဝန်ထမ်းဆောင်ခဲ့သလို ပထမအကြိမ် လွှတ်တော်သက်တမ်းကာလမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ နိုင်ငံတော်ဒုတိယသမ္မတ (၁)နဲ့ နိုင်ငံအရေးပေါ်ကာလ အခြေအနေမှာလည်း ယာယီသမ္မတတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတစ်ဦးဆိုတော့ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံ ရင့် ပုဂ္ဂိုလ်တစ်ဦးကို ခုလို နိုင်ငံရေးလမ်းခုလတ်မှာ ဆုံးရှုံးလိုက်ရတာဖြစ်လို့ နိုင်ငံတော်နဲ့ တပ်မတော်အတွက်တော့ ဝမ်းနည်းစရာ သိပ်ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့မယ်ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဝမ်းသာဂုဏ်ယူစရာကောင်းတာတစ် ခုက ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်အနိစ္စရောက်ခဲ့တာနဲ့ပတ်သက်ပြီး သုံးရက်တိတိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ သတ်မှတ်ဖို့ ကာ/လုံက ကြေညာပေးခဲ့တာပါပဲ။ ဒီကာလတွေမှာ နိုင်ငံတော်အလံကိုလည်း တိုင်ဝက်လျှော့ချပြီး လွှင့်ထူထားခဲ့သလို ဈာပနအခမ်းအနားကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကိုယ်တိုင်  တိုက်ရိုက်ဦးစီးပြီး ဆောင်ရွက်ခဲ့တာကတော့ ကျေနပ်ဝမ်းမြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုအဖြစ်နဲ့ တွေ့မြင်ခဲ့ကြရတာပါ။ ဒါပေမဲ့ နိုင်ငံအရေးပေါ် အခြေ အနေမှာ ယာယီသမ္မတတာဝန် ထမ်းဆောင်သွားခဲ့ရတဲ့သူ တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းအောင်မြင် ပြီးဆုံးသည်အထိ ရှိမသွားနိုင်တာ ကတော့ ဝမ်းနည်းစရာ ကောင်းလွန်းလှတယ်လို့ပဲ ဆိုရမလားပဲ။
    ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ နာရေးကိစ္စနဲ့အတူ ကိုယ်တွေ သတိထားတွေ့မြင်မိခဲ့တာကတော့ ပြည်တွင်း ပြည်ပနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် (တစ်နည်းအားဖြင့် အစိုးရအပေါ်) မှာထားတဲ့ ဆက်ဆံရေးအနေအထား တစ်ခုကိုပါပဲ။ နိုင်ငံ့ဦးသျှောင် ယာယီသမ္မတတစ်ဦး ကွယ်လွန်အနိစ္စရောက်တဲ့ကိစ္စမှာ ပြည်တွင်းက လက်နက်ကိုင်တွေထဲက UWSA ၊ NDAA နဲ့ SSPP တို့ လောက်ပဲဝမ်းနည်းကြောင်း သဝဏ်လွှာပို့တာ ထူးထူးခြားခြား မြင်တွေ့ခဲ့လိုက်ရတယ်။ ပြည်ပနဲ့ပတ်သက်ရင်တော့ အစိုးရနဲ့ ဆက်ဆံရေး ကောင်းတွေရှိထားတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ အစ္စရေး၊ ဆော်ဒီ၊ UAE၊ ဘင်္ဂလားဒေရှ့်၊ သီရိလင်္ကာ၊ နီပေါဆိုတဲ့ နိုင်ငံတွေက ဝမ်းနည်းခြင်းမှတ်တမ်းစာအုပ်မှာ လက်မှတ်ရေးထိုးခဲ့သလို ဒေသ တွင်း အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ အရှေ့တီမောနိုင်ငံတွေက လက်မှတ်ထိုးခဲ့ကြတာ တွေ့မြင်ခဲ့လိုက်ရတယ်။ ဒီထဲမှာ ထူးခြားတာက မကြာခင် (လာမယ့် စက်တင်ဘာ ၁၉ရက်နေ့)မှာ မြန်မာနိုင်ငံကို လာရောက်မယ့် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှားနဲ့ ဖိလစ်ပိုင်လို နိုင်ငံအပါအဝင် စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေက ဝမ်းနည်းခြင်း အထိမ်းအမှတ် စာအုပ်မှာ လက်မှတ်ရေးထိုးဖို့ ဘာကြောင့် ပျက်ကွက်ကြသလဲဆိုတဲ့ မေးခွန်းပါပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံထဲက နိုင်ငံတော်အဆင့်ရှိတဲ့ နာရေးတစ်ခုကို ခုလို ဒေသတွင်း နိုင်ငံတွေက အသိအမှတ်မပြုသလို ဆက်ဆံတဲ့အနေအထားဟာ ရွေးကောက်ပွဲအထိပါ ရိုက်ခတ်နိုင်တယ်ဆိုတာကို သတိပြုရတော့မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လက်ရှိ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးပေးခဲ့တဲ့ နိုင်ငံတွေဟာ ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အနည်းဆုံး အမာခံအနေနဲ့ ထောက်ခံကြမယ့် နိုင်ငံတွေအဖြစ်နဲ့ ယူဆချင်စရာလည်း ရှိနေတာတွေ့ရတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လာရင် အစိုးရ အနေနဲ့က တော့ ပြည်တွင်းလက်နက်ကိုင် အင်အားစုတွေကိုပါ နိုင်ငံရေးအရ ချဉ်းကပ်နေတာကတော့ ထင်ထင်ရှားရှားပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့ 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ မိုင်းလားအထိခြေဆန့်ခဲ့ကြတာကိုကြည့်ရင် ဒီဒေသတွေမှာ ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖို့ ကြိုတင်ဆွေးနွေးကြတာမျိုးဖြစ်ကောင်း ဖြစ်နေနိုင်တယ်လို့ သုံးသပ်မိ ပါတယ်။
    နောက်တစ်ခု ထူးခြားတယ်ဆိုတဲ့ အခင်းအကျင်းက Geopolitical View အရ သုံးသပ် ကြည့်မိတာမျိုးပါ။ အထူးသဖြင့် ဒေသတွင်း မတည်မငြိမ်ဖြစ်နေတဲ့ အခင်းအကျင်း တစ်ခုလုံးက တရုတ်တောင်ဘက်ခြမ်း က တရုတ်နဲ့ ကုန်းမြေခြင်း ဆက်စပ်တဲ့ နိုင်ငံအများစု ဖြစ်နေတာကလည်း ထူးခြားမှုတစ်ခုပါပဲ။ ကက်ရှ်မီးယားမှာ အယောက် ၂၀ ကျော် အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဖြစ်သလို ဘုရားကျောင်းတစ်ခု နယ်မြေအကြောင်းပြုပြီး ကမ္ဘောဒီးယားနဲ့ထိုင်းတို့ စစ်ဖြစ်ကြတာတွေက လည်း သာမန်ကိစ္စ ဖြစ်ရိုးဖြစ်စဉ်မှ ဟုတ်ပါရဲ့လားပေါ့။ ဒီကြားထဲ အခန့်မသင့်ရင် ဘယ်ချိန် မီးထမွှေးမွှေး အဆင်သင့်မီးတောက်ဖို့ ဖြစ်နေတဲ့ ဘင်္ဂါလီကိစ္စကလည်း ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြားမှာ ချိန်ကိုက်ဗုံး တစ်လုံးလို ရှိနေပြန်သေးတယ်။ သေချာတာကတော့ အိန္ဒိယနဲ့ ပါကစ္စတန် ကြီးကြီးကျယ်ကျယ် စစ်ဖြစ်ရင် ပါကစ္စတန်နဲ့တရုတ် ဆက်သွယ်ထားတဲ့ စီးပွားရေး စင်္ကြံပျက်မှာဖြစ်သလို မြန်မာမှာ ဘင်္ဂါလီအရေး ထပ်ပြီး ပေါ်ပေါက်ပြန်ရင်လည်း တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် စင်္ကြံက နှောင့်နှေးကြန့်ကြာနေဦးမှာ အမှန်ပါပဲ။ ဖြစ်နေတဲ့ ပြဿနာတွေတိုင်းမှာ အိမ်နီးချင်းတွေနဲ့ပဲ တည်ထားတဲ့ ကစားကွက်က သိပ်တော့ ရိုးရှင်းမနေဘူးလားလို့ မြင်မိတယ်။ ဒေသတွင်းအာဆီယံ နိုင်ငံတွေထဲမှာတောင် တရုတ်တောင်ဘက် တစ်ကြောလုံးမှာပဲ စစ်ကစားနေတာက ထူးခြားတယ်လို့ မဆိုနိုင်ဘူးလားပေါ့။
    ဒါနဲ့ ဆက်စပ်တဲ့ နောက်ထပ်ကိစ္စတစ်ခုက ပြည်တွင်းလက်နက်ကိုင် အခင်းအကျင်းနဲ့ သက်ဆိုင်နေသေးပြန်တာပါ။ ပူပူနွေးနွေးတွေ့နေ၊ မြင်နေရတဲ့ သတင်းတစ်ခုမှာ NUG ဦးဆောင်ပြီး ယောတပ်တော် အပါအဝင် ချင်းညီနောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ချင်းဒေသ ကာကွယ်ရေးတပ် (CDF) မင်းတပ်၊ CNDF ၊ CDF  မတူပီ၊ CDF ကန်ပက်လက်၊ PDF ဇိုလဲန်းနဲ့ မရာကာကွယ်ရေးတပ် (MDF) ဆိုတဲ့ ချင်းညီနောင် ခြောက်ဖွဲ့ ပေါင်းပြီး KIO/KIA ခေါင်းဆောင် ဂွမ်မော်နဲ့ လိုင်ဇာမှာ တွေ့ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေပါပဲ။ ဒီအဖွဲ့တွေ အားလုံးဟာ AA ရဲ့ မဟာမိတ်တွေဖြစ်သလို နယ်မြေချင်းထိစပ်ကြတဲ့ လက်နက်ကိုင်တွေဖြစ်တာမို့ KIO/KIA နဲ့ လူချင်းတွေ့ဆုံ တဲ့ကိစ္စက သိပ်ကိုလေးနက်တဲ့ ကိစ္စတစ်ခုလို့သာ ခန့်မှန်း ရမှာပါ။ ပထဝီနိုင်ငံရေး ရှုထောင့်အရ ကြည့်မယ်ဆို ရင်တော့ ရခိုင်၊ ချင်း၊ ယော၊ စစ်ကိုင်းနဲ့ ကချင်ဆိုပြီး အနောက်မြောက်ဘက် တစ်ကြောလုံးကို လွတ်မြောက် ဒေသတစ်ခုအဖြစ်နဲ့ ပုံဖော်ချင်နေတာ တွေ့ရမှာဖြစ်သလို နောက်ထပ် လက်တွေ့ကျတဲ့ ဖြစ်တန်စွမ်းတစ်ခုကလည်း လက်နက်စက်ရုံရှိနေတဲ့ KIA ဆီက လိုအပ်တဲ့ လက်နက် ခဲယမ်းတွေရဖို့ အကူအညီတောင်းတာမျိုးလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒီတွေ့ဆုံမှုက Strategy အရ ကြည့်မယ်ဆိုရင် အတော်လေး ကြေးကြီးပြီး ဂုဏ်သိက္ခာပါ လောင်းကြေးထပ်ထားတဲ့ တွေ့ဆုံမှုလို့တောင် ဆိုရမှာပါ။ 
    ဒီနေရာမှာ အဓိကတွေးကြည့်မိတာက NUG ရဲ့ မျောက်သစ်ကိုင်းလွတ်နေတဲ့ နိုင်ငံရေးကို စစ်ရေးနဲ့ ကာချင်မိတာလို့ပဲ သုံးသပ်ရမယ်ထင်တယ်။ သိသာအောင်ပြောရရင် NUG အနေနဲ့ အစိုးရတစ်ရပ်ဆိုပြီး အမည်ခံထားပေမယ့် ပြည်ထောင်စုအစိုးရရဲ့ အာဏာဆုပ်ကိုင်ထားပါတယ်ဆိုတာကို သိသာထင်ရှား အောင်လည်း မပြနိုင်သလို ပြည်နယ်လက်နက်ကိုင်တပ်တွေ အပေါ်မှာလည်း သြဇာမညောင်းတာက တော့ အမှန် တရားတစ်ခုပါပဲ။ ဒါကြောင့်လည်း လက်ရှိ တရုတ်ကြား ဝင်စေ့စပ်နေတဲ့ ငြိမ်းချမ်းရေးမှာ TNLA အကြမ်းဖက်တွေကို ရနိုင်သမျှ ဆွဲဆန့်စည်းရုံးထားဦးမယ့် အခြေအနေမျိုး မြင်နေရတယ်။ အထူးသဖြင့်တော့ ကချင်လက် နက်ကိုင်တပ်က ဂွမ်မော်နဲ့ TNLA က တာဘုန်းကျော်တို့ကို ဇော်ဝေစိုး ကိုယ်တိုင် ဒီတော်လှန်ရေးကြီး အောင်မြင်ပြီးစီးဖို့ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေပါဆိုပြီး လူမှုကွန်ရက်ပေါ်မှာလည်း အမွှမ်းတင်စကား ပြောဆိုထားသလိုမြေပြင်မှာလည်း အနီးကပ်ထိတွေ့ ဆက်ဆံနေတာလည်း ထင်ထင်ရှားရှား မြင်တွေ့နေရတယ်။ 
    အစိုးရကတော့ ဒီနေရာမှာ ငြိမ်းချမ်းရေးလမ်း ကြောင်းကတစ်ဖက်၊ စစ်မြေပြင်လမ်းကြောင်း တစ်ဖက်ယှဉ်တွဲ အသုံးပြုနေတာ တွေ့ရတယ်။ ဒါကို ကူမင်းတွေ့ ဆုံပွဲတွေမှာ တပ်မတော်ချဉ်းကပ်တဲ့ အိုင်ဒီယိုလော်ဂျီကို အခြေခံပြီးတွေးနိုင်တယ်။ နှစ်ဖက်ဆုံကြတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံပွဲတွေတိုင်းမှာ တပ်မတော်အနေနဲ့ ၂၀၀၈ ခြေ/ဥကို အခြေခံပြီး လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အချို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စွန့် လွှတ်ဖို့ နိုင်ငံရေးလမ်းကြောင်းကနေ တောင်းဆိုနေသလို မပေးရင်လည်း ရအောင်ပြန်တိုက်ယူမယ်ဆိုတဲ့ စိတ်ထားမျိုးထားတာတွေ့ရတယ်။ ပူပူနွေးနွေးအနေနဲ့ ပြည်ထောင်စုအုပ် ချုပ်မှုအောက် ရောက်လာတဲ့ နောင်ချိုမြို့၊ ဖားကန့်နဲ့ မိုးဗြဲမြို့တွေက အဓိက သာဓကပြစရာတွေ ရှိနေခဲ့တယ်။ ခုလည်း ပထဝီနိုင်ငံရေးကစားမယ့် NUG ၊ ချင်း၊ ယော၊ စစ်ကိုင်းနဲ့ ကချင်တစ်ကြောလုံးရဲ့ ထိပ်ခေါင်ဖြစ်တဲ့ KIA ကို ပြီးခဲ့တဲ့ဇွန်လမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်အပြီးမှာ KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ကနေ ကမ်းလှမ်းခဲ့သလို ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး KIA ဘက်ကလည်း မြစ်ကြီးနားမှာတွေ့ဆုံဖို့အတွက် KIO ကိုယ်စားလှယ်တွေ စေလွှတ်မယ်ဆိုပြီး အကြောင်း ပြန်ချက်ပေးခဲ့တဲ့ သတင်းက အချိန်ကိုက် ထွက်ပေါ်လာခဲ့တယ်။ တစ်ခုရှိတာ ဒီကမ်းလှမ်းချက်တွေက NSPNC အဖွဲ့ မဖျက်သိမ်းခင်က အခင်း အကျင်းဖြစ်နေသလို ဗန်းမော်တိုက်ပွဲက လည်း ရလဒ်မကွဲပြားသေးတာမို့ ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလွန်း လှတယ်ပဲ ဆိုရမယ်။ ဒီအခင်းအကျင်းမှာ NUG vs အစိုးရ vs  KIO/KIA  ဆိုတဲ့ Tri သဘောမျိုး သွားတွေ့သလို နောက်ကွယ်မှာလည်း မြေရှားသတ္တုနဲ့သက်ဆိုင်တဲ့ အမေရိကန် နဲ့တရုတ်ဆိုတဲ့ Unseen Factor  တွေလည်း ရှိနေသေးတာကတော့ သတိပြုစရာ ဖြစ်နေပြန်တယ်။ ဒါတွေက သေချာစေ့စေ့တွေးကြည့်လိုက်ရင် အကိုင်အတွယ်မတတ်လိုက်တာနဲ့ နိုင်ငံကြီးကြားမှာ ကြားညှပ်ပြီး အနေခက်ရမယ့် ကိစ္စတွေ ပါပဲ။ 
    ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကူမင်းမှာလုပ်မယ့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲမှာ တပ်မတော်အနေနဲ့ ယခင်တွေ့ဆုံမှုတွေလိုပဲ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စွန့်လွှတ်ဖို့ တောင်းဆိုတာမျိုး လုပ်လာ ရင် ငြိမ်းချမ်းရေးတွေ့ဆုံမှုက မအောင်မြင်နိုင်ဘူးဆိုတဲ့ သဘောမျိုးကို TNLA နဲ့ AA တို့ရဲ့ သတင်းစာရှင်း လင်းပွဲတွေကနေ ထင်ထင်ရှားရှား တွေ့မြင်နေရတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်မှာ လုပ်ခဲ့တဲ့ အကြမ်းဖက် AA ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လက်ရှိ ရခိုင်ပြည်နယ်အတွင်း ထိန်းချုပ်ထားတဲ့ မြို့တွေကို အစိုးရဆီပြန်ပေးမယ့် အလားအလာ ဖြစ်နိုင်ခြေ နည်းတယ်ဆိုပြီး လူသိရှင်ကြား ထုတ်ဖော် ပြောကြား ထားတာလည်း တွေ့နိုင်တယ်။ ခိုင်သုခရဲ့ အကြောင်းပြချက်ထဲမှာတော့ မတူညီတဲ့ နောက်ခံအခြေအနေတချို့ ရှိပါတယ်ဆိုပြီး ပြောသွားတာ သတိထားမိတယ်။ ဖြစ်နိုင်တာကတော့ လက်ရှိ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့ကို အလုံး စုံသိမ်းပိုက်ပြီး တရုတ်နဲ့ အပေးအယူ လုပ်ကစားချင်ဟန် ရှိတာ တွေ့နေရတယ်။
    အချုပ်ဆိုရရင်တော့ အစိုးရအနေနဲ့ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေကို နိုင်ငံရေးနဲ့ စစ်ရေးမှာ ဟန်ချက်ညီညီ ကစားနိုင်ဖို့အတွက်ဆိုရင် Hard Power နဲ့ Soft Power ကို မျှခြေဖြစ်အောင် ကစားနိုင်မှပဲ အဆင်ပြေမယ့် အသွင်သဏ္ဌာန်ရှိနေတာ မြင်ရတယ်။ တရုတ် ကြားဝင်စေ့စပ်ပေးလည်း နယ်မြေလက် လွှတ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ တိုင်းသိ၊ ပြည်သိ ကြေညာထားတဲ့ ကြွေးကြော်သံတွေ တိတ်ဖို့အတွက်ဆိုရင် Soft Power ကို မာမာထန်ထန် သုံးရမှာ ဖြစ်သလို စက်တင်ဘာမှာ လာမယ့် အာဆီယံ ကိုယ်စားလှယ်တွေ ရောက်လာရင်လည်း Diplomacy သဘောအရ Soft Power ကို အလိုက်သင့်သုံးပြီး စည်းရုံးနိုင်မှ အဆင်ပြေမယ့် သဘောရှိတာ တွေ့ရတယ်။ နောက်တစ်ခုကတော့ ပြည်ပနိုင်ငံ ကိုပဲဖြစ်ဖြစ်၊ ပြည်တွင်းက လက်နက်ကိုင် အင်အားစုတွေ ကိုပဲဖြစ်ဖြစ် ဘယ်လိုအထိန်းအကွပ်နဲ့ ကစားမလဲဆိုတဲ့ အချက်ကလည်း ရှေ့တန်းရောက် လာပြီလို့ တွေးမိတယ်။ ဥပမာ ကချင်မှာဆိုရင် အကျိုးစီးပွားအရ မြေရှားနဲ့ KIA ဗိုလ်ကျအနိုင်ကျင့်မှုကို မခံလိုတဲ့ ရှမ်းနီလူမျိုးစုတွေဟာ ဒီဒေသအတွက်တော့ အထိန်းအထေ့ဖြစ်မယ်လို့ ယူဆရသလို ဘင်္ဂါလီ ၆၀၀ ကျော်ကို အကြမ်းဖက်သတ်ဖြတ်ထားတဲ့ AA အတွက်လည်း သေချာပေါက် မြေလှန်စိစစ် ရမယ့် စစ်ရာဇဝတ်မှုမြောက်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကိုယ်စီတိုင်းမှာလည်း အင်အားနည်းတဲ့ နိုင်ငံငယ်တွေအပေါ်မှာ အကျိုးစီးပွားအရ ဖြစ်ဖြစ်၊ နိုင်ငံရေးအရဖြစ်ဖြစ် အထိန်းအကွပ်နဲ့ ကစားနေချိန်မျိုးမှာ ပြည်တွင်းက လက်နက်ကိုင်ခေါင်းဆောင် တွေကိုလည်း အထိန်းအထေ့ပါတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး တည်ဆောက် နိုင်လိမ့်မယ်လို့သာ အကြံပြုတိုက်တွန်း ချင်မိသလို KIA နဲ့ NUG ဦးဆောင်မယ့် အနောက်မြောက်ဒေသက စစ်ပွဲခေါ်သံတွေက အရှိန်မြှင့်တင်လာ ဦးမလား၊ ကူမင်းဆွေး နွေးပွဲကရော ဘယ်လိုအဖြေထွက်လာဦးမလဲဆိုတာကတော့ ပိတ်ကားပေါ်ကသာ စောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။

(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49461

© 2022 - 2025 News. All Rights Reserved.