ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင် ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက် လမ်းကူးလူသွားဥမင် (Underpass) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ်သည် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့် နေရာသို့ရောက်ရှိ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြခြင်း၊ မြို့တော်ဝန်ဦးဗိုလ်ဌေးက မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသားအင်ဂျင်နီယာပညာရှင်များဖြင့် တည်ဆောက်ခဲ့မှုများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဦးဝိစာရလမ်း မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည် ဆောက်ခဲ့မှုနှင့်ပတ်သက်သည့် Video Clip ကိုကြည့်ရှုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ထံ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက မြေအောက်လမ်းကူး လူသွားဥမင် (Underpass) ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ဂါရဝပြုပေးအပ်ခဲ့ပြီး နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Underpass တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က မြေအောက်လမ်းကူး လူသွားဥမင် (Underpass)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အဆောက်အအုံ ဝင်ပေါက်အား စက် ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ခြင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့သည့် ဘင်ခရာနှင့် ပန်းဖွားအက အဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် လူသွားဥမင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။
အဆိုပါ မြေအောက်လမ်းကူးလူ သွားဥမင်နေရာသည် ရွှေတိဂုံစေတီတော်သို့ ဝင်ရောက်ဖူးမြော်မှု များပြားသည့်နေရာ တစ်ခုဖြစ်သဖြင့် ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာစွာဖြင့် ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားရောက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက် သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်စေ ရန်နှင့် ခေတ်မီအခြေခံအဆောက်အအုံတစ်ခု ထပ်မံပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အမျိုးအစားဖြစ်ပြီး ပင်မဥမင် အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျားစုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် လေးခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ခန့် ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း၊ မြေအောက်လမ်းကူးလူ သွား ဥမင် Underpass အတွင်းရွေ့လျားစက် လှေကားလေးစင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား နှစ်စင်းထည့်သွင်းတည်ဆောက်ထားခြင်းကြောင့် သက်ကြီးရွယ်အိုများအတွက်လည်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြေအောက်လမ်းကူး လူသွားဥမင် ဖွင့်လှစ်ခဲ့ခြင်းကြောင့် အများပြည်သူများ၊ ဘုရားဖူးလာပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်ပြီး ဦးဝိစာရလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖွင့်လှစ်ခဲ့သည့် မြေအောက်လမ်းကူး လူသွားဥမင် (Underpass) သည် အများပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သော အဆောက်အအုံဖြစ်ရုံသာမက ရန်ကုန်မြို့၏ တိုးတက်သောမြို့အင်္ဂါပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးတွင် ဖောက်လုပ်ထားသည့် မြေအောက်လမ်းကူး လူသွားဥမင် (Underpass) သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော (Underpass) ဖြစ်ပြီး အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင် (Underpass) ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၇ ရက်က ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ နဒီ