ရန်ကုန်၊ အောက်တိုဘာ ၂၃
အကြမ်းဖက်သမားအယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦးအား ခြိမ်းခြောက် ငွေကြေးတောင်းခံနေသူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသူ ကျော်ခိုင်ဦးသည် ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာတွင် ရောက်ရှိနေကြောင်း မတရားမှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးချက်အရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ခေတ္တာလမ်း၊ အမှတ်(၂၂၆)၌ ကျော်ခိုင်ဦးနှင့် ၎င်း၏ တရားမဝင်ဇနီးဖြစ်သူ အေးအေးဝင်းတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ကျော်ခိုင်ဦး၏ ထွက်ဆိုချက်အရ ၂၀၁၄ ခုနှစ် ဧပြီလတွင် ကျောက်မဲမြို့နယ် ပန်မောက်ကျေးရွာ၌ နေထိုင်စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အဓမ္မလူသစ်စု ဆောင်းသဖြင့် ၎င်းအဖွဲ့ထံ ဝင်ရောက်ခဲ့ရပြီး ၂၀၁၆ ခုနှစ်တွင် ဆက်လက်နေထိုင်လိုခြင်း မရှိသဖြင့် ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ ၎င်းနောက် ပင်လောင်းမြို့နယ် နှောင်မီးကား ကျေးရွာ၌ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်နေထိုင်၍ လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်ခြင်းလုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစ၍ Chrome Software မှတစ်ဆင့် Myanmar Business Directory Application အား အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များအား ရှာဖွေ၍ ၎င်းသည် အကြမ်းဖက်ဖောက်ခွဲ ရေး အုပ်စုမှဖြစ်ကြောင်း၊ တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အခြားအဖွဲ့အစည်းများအား တိုင်တမ်းပါက သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆို၍ ငွေကြေးများတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်အထိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုအနေဖြင့် လားရှိုးမြို့မှလေးဦး၊ သီပေါမြို့မှ တစ်ဦး၊ မူဆယ်မြို့မှငါးဦး၊ နမ့်ခမ်းမြို့မှ နှစ်ဦး၊ တောင်ကြီးမြို့မှတစ်ဦး၊ လွိုင်ကော်မြို့မှတစ်ဦး၊ ပြင် ဦးလွင်မြို့မှ လေးဦး၊ နောင်ချိုမြို့မှတစ်ဦး၊ မန္တလေးမြို့မှရှစ်ဦး၊ စုစုပေါင်း စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦးတို့ထံမှ ခြိမ်းခြောက်၍ ငွေ ၂၂၁၃၀၀၀၀၀ ကျပ် တောင်းခံခဲ့ကြောင်း သိရသည်။ ရရှိငွေကြေးများအား ယာဉ်အမှတ်၊ YGN-13 9Q/9165 Soueast ယာဉ်အား ငွေကျပ်သိန်း ၄၀၀ ဖြင့် လည်းကောင်း၊ မိုးကြိုးပစ်ကျေးရွာရှိ နေအိမ်အား ငွေကျပ် သိန်း ၁၄၀၀ ဖြင့်လည်းကောင်း ဝယ်ယူခဲ့ပြီး ကျန်ငွေများအား လောင်းကစားခြင်း၊ သောက်စားပျော်ပါးခြင်းများတွင် ကိုယ်ကျိုးသုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန်ထားသည်။
ဖြစ်စဉ်ကြောင့် အများပြည်သူများ အား ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် တရားခံများကို တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါ ရန် မေတ္တာရပ်ခံအပ်ပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထူးမြတ်