Breaking

နောင်မွန်းဒေသ တိဘက်လူမျိုးတွေက ရွေးကောက်ပွဲ ရှိတယ်ဆိုတာလည်း သိတယ်၊ မဲပေးရမယ်ဆိုတာလည်း သူတို့ သိနေကြတယ် . . . ဒူးလေးပါတီ ပူတာအိုခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာခင်စောနွဲ့နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ၊ ဒီဇင်ဘာ ၁၈

    လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သည့် ဒေါက်တာခင်စောနွဲ့သည် တိုင်းရင်းသားများနှင့်ပတ်သက်သည့် သုတေသနများနှင့် နိုင်ငံ့အကျိုး ပြုနိုင်ရန်ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပူတာအိုခရိုင် မဲဆန္ဒနယ်မြေ အမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒူးလေးပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်း၏ ကချင်ဒေသ မဲဆွယ်စည်းရုံးရေး အတွေ့အကြုံ၊ ဒေသခံများ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍  မျှော်လင့် ချက်အခြေအနေများကို ဆက်သွယ်မေးမြန်းထားပါသည်။

                                                       ဒေါက်တာခင်စောနွဲ့၏ ကိုယ်ရေးအကျဉ်း
    ၁၉၈၆ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနနည်းပြအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ် လုပ်ကိုင်ခဲ့ကာ ရေနံချောင်းကောလိပ်၊ ထိုမှ ကထိကအဖြစ် ရန်ကုန်တက္ကသိုလ်တွင် ပြောင်းရွှေ့လုပ်ခဲ့သည်။ ပြည်တွင်းဝိဇ္ဇာ - သိပ္ပံပညာရှင် သုတေသနစာတမ်းများကို ထိုင်းနိုင်ငံ  ချင်းမိုင်တက္ကသိုလ်၊ ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် ၂၀၀၇ မှ ၂၀၁၈ ခုနှစ်ထိ ဖတ်ကြားခဲ့သည်။ အရှေ့တောင် အာရှနိုင်ငံများတွင် သုတေသနစာတမ်း၊ လီဆူ သုတေသနစာတမ်း၊ ဖိလစ်ပိုင်နိုင်ငံ၌ ဖတ်ကြားခဲ့ရာတွင် ထုတ်ဝေခွင့်ရရှိခဲ့သူ ဖြစ်သည်။ ၂၀၁၈-၁၉ ခုနှစ် ပညာသင်နှစ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ် သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး)အဖြစ် ပင်စင်ယူခဲ့ပြီးနောက် ဒူးလေးပါတီသို့ ဝင်ရောက်ကာ နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေသူ ဖြစ်သည်။ လက်ရှိတွင် ပါတီ၏ CEC အဖြစ် တာဝန်ယူထားသလို သုတေသနနှင့် နိုင်ငံအကျိုးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

TREND ။        ။ ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေးကာလ ကြုံတွေ့ရတဲ့ အခြေအနေကို ဦးစွာပြောပြပါဦး။
Dr.KSN  ။    ။
ကျွန်မက ပူတာအိုခရိုင် မဲဆန္ဒနယ်မြေ အမှတ်(၁) အမျိုးသားလွှတ်တော်ဆိုတော့ ခေါင်လန်ဖူး၊ ပူတာအို၊ နောင်မွန်း၊ မချမ်းဘောဆိုပြီးပါတယ်။ ပူတာအိုအတွင်းမှာရှိနေတဲ့ ကျေးရွာတွေကို ဒီလ ၉ ရက်‌လောက်က သက်ဆိုင်ရာကို ခွင့်ပြုချက်တင်ပြီး စည်းရုံးရေးကွင်းဆင်းဖြစ်တယ်။ အဲဒီမှာ နေထိုင်ကြတာက ကချင်ရှိမယ်၊ ရဝမ်ရှိမယ်၊ ရှမ်းရှိမယ်၊ လီဆူရှိမယ်၊ နောက်ရခိုင်၊ နာဂလည်းရှိတယ်။ ဒေသခံတွေအကုန်လုံးကတော့ တစ်ယောက်နဲ့တစ်ယောက်က အားလုံး မိသားစုတွေလို ဖြစ်နေတယ်။ ကျွန်မ စည်းရုံးတဲ့အခါမှာ လီဆူရွာတွေကိုလည်း သွားတယ်။ မချမ်းဘောဆိုရင် ရှမ်းရွာတွေရှိတယ်။ ပူတာအို တိမ်ပင်လယ်ရှိတဲ့နေရာကို ကျော်သွားတဲ့အထိ လီဆူရွာတွေကို သွားခဲ့တယ်။ ရာသီဥတုက အရမ်းအေးတယ်။ ညအိပ်ပြီးတော့ သွားကြရတာ။ ပင်လည်းပင်ပန်းပါတယ်။ အဓိကကတော့ ပူတာအိုခရိုင်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စကို အဓိကထား စည်းရုံးဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံတွေကို သေချာရှင်းပြ၊ ပြောပြမဲဆွယ်စည်းရုံးတဲ့အခါ သူတို့ နားလည်သွားတယ်။‌ စည်းရုံးတဲ့အခါ မှာတော့ မဲမပေးလည်း နေလို့ရပါတယ်ဆိုတဲ့ အတွေးတွေ မဝင်အောင် စည်းရုံးရတာပေါ့။ ရွေးကောက်ပွဲမှာ မဲထည့်မှ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ဖို့ အခွင့်အလမ်းတွေ ရှိလာမယ်။ တိုင်းရင်းသားအချင်းချင်းလည်း အဆင်ပြေမယ့်အကြောင်းလေးတွေ ရှင်းပြတော့ သူတို့နားလည်ကြတယ်။ သူတို့ကတော့ အဓိက စားဝတ်နေရေးအတွက်ပဲ လုံးပန်းနေကြတာ။ ပူတာအိုခရိုင်မှာက  ရွှေရှာ၊ ရွှေတူး၊ သတ္တုတူး၊ ကျောက်စိမ်းတို့၊ ပယင်းတို့ အဲဒီလုပ်ငန်းတွေရှိတယ်။ ရွေးကောက်ပွဲကနေ အစိုးရ သစ်တစ်ရပ် ပေါ်ပေါက်လာပြီဆိုရင် အဲဒီလုပ်ငန်းတွေကို ဥပဒေအညီ ဒေသခံတွေ စီးပွားဖြစ်လုပ်နိုင်ဖို့ကိစ္စ‌တွေကိုလည်း  ပြောဖြစ်ပါတယ်။ နိုင်ငံသားတိုင်း လုပ်ပိုင်ခွင့်ရှိအောင် ဝိုင်းဝန်းကြိုးပမ်းကြရင် အောင်မြင်မယ်ဆို တာကို ဒေသခံတွေ နားလည်အောင် ရှင်းရပါတယ်။ အဲဒီလိုပုံစံမျိုးလေးတွေနဲ့ စည်းရုံးတော့ အားလုံး အဆင် ပြေပါတယ်။ ဒေသခံတွေက ရွေးကောက်ပွဲကို စိတ်ဝင်စားကြတာကို တွေ့ခဲ့ရပါတယ်။

TREND ။        ။ ကချင်ဒေသခံ၊ ပူတာအိုဒေသခံတွေရဲ့ လိုအပ်ချက် အခက်အခဲတွေနဲ့ ပတ်သက်ပြီး သူတို့ဆီက ဘာတွေကြားခဲ့ရလဲ။
Dr.KSN  ။    ။
အဓိက ကြားခဲ့ရတာကတော့ သူတို့ရဲ့လယ်ယာမြေတွေကို ရွှေတူးဖော်ရေးတွေမှာ ရောင်းလိုက်တယ်။ အဓိကကတော့  သူတို့ စားဝတ်နေရေးအတွက်ကို လယ်မြေတွေကို ရောင်းလိုက်တာပေါ့။ ဒါပေမဲ့ အဲဒီမြေ‌နေရာတွေမှာ ဘက်ဟိုး (Backhoe) တွေနဲ့ တူးတယ်။ လယ်ယာမြေတွေ ပျက်စီးသွားတယ်၊ ဒီနေရာတွေက ပြန်စိုက်လို့မရတော့တဲ့ အခြေအနေဆိုတာ ကြားခဲ့ရတယ်။ ဒီရွှေတူးဖော်တာတွေ ကလည်း များသောအားဖြင့် တရုတ်ပဲပေါ့။ တရုတ်ကုန်သည်တွေနဲ့ မြန်မာနိုင်ငံဘက်က ကုမ္ပဏီတွေ ပေါင်းစပ်ပြီးလုပ်ကြတာ။ ဒေသခံတွေမှာတော့ ကိုယ်ရောင်းထားတဲ့ လယ်ယာမြေတွေပေါ်မှာလုပ်တဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ အခိုင်းခံဘဝအဖြစ် ပြန်လုပ်နေကြရတာ။ အဲဒီမြေမှာပဲ ရွှေရှာတဲ့အလုပ်ကို လုပ်ခနဲ့သွားလုပ်ကြရတာ။ ရွှေနည်းနည်းပါးပါးရတယ်၊ ဒါကို ရောင်းတာပဲရှိတော့မယ်လေ။ တကယ် အကျိုးအမြတ်ရသွားမှာက ကုမ္ပဏီ‌ကြီးတွေက ရသွားတာ။
   ဒီရွှေတူးဖော်ရေးတွေက ဒေသခံတွေမှာ  အကျိုးအမြတ် သိပ်မရကြတဲ့အပြင် ကောင်းမှုလုံ တံတား၊ မူလာရှီးဒီ တံတားတွေမှာ ဘာဖြစ်လာလဲဆိုရင် အလှအပတွေ ပျက်စီးနေတယ်။ လယ်ယာမြေတွေကို Backhoe တွေနဲ့ လုပ်လိုက်တော့ ရေကြောင်းပိတ်တာတွေ ဖြစ်သွားတယ်။ ကျွန်မသေချာသွား ကြည့်လိုက်တော့ နုန်းတွေ၊ အနည်အနှစ်တွေနဲ့ တစ်ဖက်က ရွှံ့ရေတွေ၊ တစ်ဖက်က ကြည် စိမ်းနေတဲ့ရေတွေ ဖြစ်သွားတယ်။ ဒီလိုလယ်မြေတွေကို Backhoe ကြီးတွေနဲ့ ရွှေတူးဖော်ခဲ့ကြလို့  ဒေသရဲ့အလှအပတွေ ပျက်စီးတဲ့အပေါ် ပူတာအိုဒေသခံတွေ စိတ်ပျက်နေကြတယ်။ ပြီးတော့ တူးကြတာကလည်း လေ့လာမိသလောက် သူတို့ဘာသာ ရွှေတွေကို ခိုးတူးကြ၊ ပိုက်ဆံရှိတဲ့သူက လာတူးကြပေါ့။ တရားဝင် မဟုတ်ဘဲ အဆင်ပြေသလို တူးနေကြတဲ့ အနေအထား။ ကျွန်မကတော့ ဒေသခံတွေကို ပြောပြဖြစ်ပါတယ်။ အဲဒီလို မြေတွေရောင်းတယ်ဆိုတာက သူတို့အတွက် စားဝတ်နေရေးက ယာယီလောက်ပဲ အဆင်ပြေမယ်။ ရတာက ဆယ်သက်စားမကုန်တဲ့ ပိုက်ဆံရမှာမဟုတ်ဘူးဆိုတဲ့ အကြောင်းနဲ့ ကုမ္ပဏီတွေက  သူတို့ပဲ ရွှေရှာမယ်၊ ရွှေတူးမယ် ရတာအကုန်ယူသွားမယ်ဆိုတော့ သူတို့ပဲ အကျိုးအမြတ်ရတာလို့ ပြောဖြစ်ပါတယ်။ နောက်ဆုံးတော့ ကိုယ့်ဝမ်းစာအတွက် ရေရှည်လုပ်စား လို့ရမယ့် လယ်ယာမြေတွေ ပျက်စီးသွားတဲ့အကြောင်း အဲဒီလိုတော့ အသိပေးပြောကြားခဲ့ရပါတယ်။

TREND ။        ။ ဒေသခံတွေရဲ့ လိုလားချက်တွေက ဘာဖြစ်မလဲ။
Dr.KSN  ။    ။
သူတို့ဖြစ်စေချင်တာက လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းစေချင်တယ်။ စားဝတ်နေရေး ပြေလည်စေချင်တယ်။ အစစအရာရာ ကောင်းဖို့ မျှော်လင့်ကြတယ်။ အရမ်းမျှော်လင့်တယ်။ အဲဒီလို လုပ်ပေးမယ့် ပါတီတစ်ခု အစိုးရတစ်ရပ်ကို မျှော်လင့်ကြတယ်။ ကျွန်မပြောပြတာက ပူတာအိုခရိုင်ကြီး တစ်ခုလုံး အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလာဖို့က အစိုးရတစ်ရပ်တည်း လုပ်ရုံနဲ့မရဘူး။ ဒေသခံတွေရဲ့ ပင်ကိုစိတ်ရင်းကိုက ကိုယ့်ဒေသကြီး ဖွံ့ဖြိုးဖို့၊ ကိုယ့်ဒေသဖွံ့ဖြိုးမှုကနေ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ကို ကြိုးစားရမှာဖြစ်တဲ့အကြောင်း၊ ပြီးတော့ ကိုယ့်အချင်းချင်းကလည်း တကယ့်ကို စည်းစည်းလုံးလုံးနဲ့ ဆွေးမျိုးသားချင်းတွေ ဖြစ်ဖို့လိုတဲ့အကြောင်း ပြောပြပါတယ်။ အဲဒီလိုပြောပြတော့ သူတို့ သဘောပေါက်လာကြတယ်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်သွားပြီဆိုရင် ရွေးကောက်ပွဲကနေ အစိုးရသစ်တစ်ရပ် တက်လာမယ်၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေလာမယ်၊ အဲဒီအခါ ဒေသဖွံ့ဖြိုးတိုးတက် လာမယ်ပေါ့။ အဲဒီအတွေးအခေါ်ကတော့ ဒေသခံတွေရဲ့ စိတ်ထဲမှာ ဝင်သွားပါပြီ။ အခုသူတို့ စီးပွားရေး တွေကျနေတယ်။ လယ်ယာမြေတွေ ရောင်းပြီး ရပ်တည်နေကြရတယ်။ လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ ကုန်စည်စီးဆင်းမှု မကောင်းဘူး။ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်လာပြီဆိုရင် သူတို့ဒေသကြီး ပြန်လည် ဖွံ့ဖြိုးတိုးတက်မယ်။ လူမှုရေး၊ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာမယ်၊ ဥပဒေနဲ့အညီ ရွှေတွင်းတွေ တူးရဖော်တာတွေ ဖြစ်လာဖို့ မျှော်လင့်ကြတယ်။ ဒါကြောင့် လည်း ရွေးကောက်ပွဲအောင်မြင်ဖို့ သူတို့ လိုလားနေကြပြီ။

TREND ။        ။ သုတေသန လုပ်ငန်းတွေ လုပ်နေတော့ ပူတာအို မဲဆွယ်ခရီးစဉ်က သုတေသနအတွက် ဘယ်လိုအကြောင်း အရာတွေ အထောက်အပံ့တွေ ရခဲ့လဲ။
Dr.KSN  ။    ။
ကျွန်မရဲ့ မဲဆန္ဒနယ်ထဲက နောင်မွန်းထဲမှာဆိုရင် တိဘက်ကနေ လာပြီးနေတဲ့သူတွေကို တွေ့ခဲ့ရတယ်။ သူတို့က 'ပြု'ဆိုတဲ့ နိုင်ငံသားစိစစ်ရေးကတ် အစိမ်းရောင် ကတ်ပြားရှိတယ်။ တိဘက် စကားပြောတယ်။ တိဘက်ကုန်းမြင့်ဘက်ကနေ ရောက်လာပြီး မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ လူမျိုးတစ်မျိုး ပေါ့။ ဒါပေမဲ့ သူတို့ကို နိုင်ငံသားပြုမယ့် 'ပြု'ဆိုတဲ့ နိုင်ငံသားစိစစ်ရေးကတ်ကို လဝကကနေ ထုတ်ပေး ထားတာ။ တိဘက်- ဗုဒ္ဓဘာသာဆိုပြီး တွေ့ရတယ်။ အဲဒါက ထူးခြားတဲ့ ဖြစ်စဉ်လေးပေါ့၊ ဒါလည်း ကိုယ့်အတွက် Research တစ်ခုပဲမို့ သန်းခေါင်စာရင်းတို့၊ ကတ်ပြားတို့ကို မှတ်တမ်းယူ ထားခဲ့တယ်။ ဒါနဲ့ပတ် သက်ပြီး စာတမ်းလေးတစ်ခုလောက် လုပ်ကြည့်ဦးမယ်။ နောက် တဖြည်းဖြည်းနဲ့တော့ ကျွန်မထင်ပါ တယ်၊ ပန်းရောင်ကတ်ရလာပြီး တိုင်းရင်းသားဖြစ်လာမယ်လို့ ထင်ပါတယ်။ သူတို့ကို တိုက်တိုက်ဆိုင်ဆိုင် ပူတာအိုမှာ တွေ့ခဲ့တာ။ နောင်မွန်းဘက်က ကျေးရွာတွေမှာ နေထိုင်ကြတယ်။ လူဦးရေကတော့ သိပ်အများကြီး မရှိနိုင်ဘူး။ ရှိမယ်ဆိုရင်လည်း အရေအတွက် ၁၀၀ လောက် ဖြစ်နိုင်မယ်ထင်တယ်။ မြန်မာ စကားလည်း ပြောတတ်တယ်။ ဒလိုင်းလားမားနဲ့ပတ်သက် ပြီးလားမားဆိုတာ ဆရာတော်လို့ခေါ်တာ၊ ဘုန်းကြီးတွေကို ခေါ်တာလို့ သူတို့က ရှင်းပြတယ်။ သူတို့က ဗုဒ္ဓဘာသာဆိုပေမယ့် ထေရဝါဒ ဗုဒ္ဓဘာ သာမဟုတ်ဘူး၊ မဟာယာန ဗုဒ္ဓဘာသာ။ ကျင့်ကြံအားထုတ်တယ်တဲ့။ ရေပေါ်မှာ လမ်းလျှောက်တဲ့အထိ ကျင့်ကြံကြတာလို့ ပြောတယ်။ နောက်သူတို့က အသားဖြူဖြူချောချော တွေ၊ အရပ်အမောင်းမြင့်တယ်။ ကိုရီးယားမျက်နှာပေါက်တွေ၊ နှာတံပေါ်ပေါ် မျက်နှာသွယ်သွယ်နဲ့ ယောကျ်ားလေး၊ မိန်းကလေး အဲဒီအ တိုင်းပဲ။ သူတို့ကတော့ ပူတာအို ဈေးလာရောင်းကြတာ။ ရှီးပဒီးတို့၊ မချစ်ဥ(မဂျစ်ဥ)တို့၊ ပျားရည်တို့ အဲဒီလို တောထွက်ပစ္စည်းတွေ ရောင်းကြတာ။ နောင်မွန်းဘက်က ရွာတွေမှာက နှင်းတောင်တွေ ရှိတယ်။ ဆိုတော့ လယ်ယာစိုက်လို့ မရဘူး။ ပြောင်းဖူးတို့၊ ဂျုံတို့ အသီးအရွက်တွေ စားကြတယ်။ သူတို့နဲ့ သေချာ စကားပြောကြည့်တော့ သူတို့က ရွေးကောက်ပွဲကို မဲထည့်ရမှာဆိုတာ သိကြတယ်။ ဟိုတုန်းက NLD ပါတီက လူကြီးတွေ သူတို့ဘက်အထိတောင် လာဖူးတယ်လို့ပြောတယ်။ ဒါကြောင့် နောင်မွန်းဒေသက တိဘက်လူမျိုးတွေက ရွေးကောက်ပွဲ ရှိတယ်ဆိုတာလည်း သိတယ်၊ မဲပေးရမယ်ဆိုတာလည်း သူတို့ သိနေကြတယ်။ သူတို့မှာလည်း သန်းခေါင်စာရင်း ရှိနေတယ်။ ဒါက ကျွန်မအတွက်တော့ အံ့သြပြီးတော့ ဗဟု သုတအသစ် ရသွားတာပေါ့။ ဒါက ကိုယ့်ရဲ့ မြန်မာနိုင်ငံအတွင်းမှာ ဒီလိုရှိနေတယ်ဆိုရင် သူတို့ကို ကျွန်မတို့ ဘယ်လိုဆက်လုပ်မလဲ။ သူက တိဘက်ကုန်းမြင့်ဘက်ကနေ တိဘက်-မြန်မာ အနွယ်ဝင် မှန်တယ်။ ကျွန်မတို့ဆီမှာရှိတဲ့ တိုင်းရင်းသား‌တွေကလည်း တိဘက်-မြန်မာ အနွယ်ဝင်တွေပဲလေ။ အဲဒီမှာမှ ခွဲထွက်သွားတာပေါ့။ လူမျိုးနွယ်စုတွေကို သုတေသနအရ လေ့လာရင် အမျိုးမျိုးတွေ့ရမှာ ဖြစ်ပါ တယ်။ တကယ်တမ်းကျတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်းဆိုတာက တစ်ကဏ္ဍပေါ့။ ကချင်ထဲမှာ ဘယ်လို တွေခွဲသွားလဲ၊ ကရင်ထဲမှာ ဘယ်လိုတွေ ခွဲသွားလဲဆိုတာက အသေးစိတ်တွေက ရှိသေးတယ်။ ဒါတွေက နောက်ပိုင်း ဖော်ထုတ်ရမယ့်ကိစ္စတွေလို့ မြင်ပါတယ်။

TREND ။        ။ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသခံတွေ ဘယ်လိုမြင်ကြလဲ။
Dr.KSN  ။    ။
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြောရရင် အစက KIA/KIO က ဒေသခံ‌တွေဆီက ဆက်ကြေးတွေ တောင်းတယ်။ ဒေသခံတွေက ပေးကြရတယ်ပေါ့။ ပြီးတော့ ဒေသမှာလည်း PDF အနည်း အကျဉ်းကလည်း ရှိနေတဲ့အခြေအနေ။ အရင်တုန်းကတော့ ဒေသအကျိုးအတွက် KIA က  လုပ်ပေးမယ်လို့ ထင်ခဲ့ကြတာလေ။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက သူတို့‌ဒေသမှာ တစ်ခုခုလုပ်မယ်ဆိုရင် သူတို့ကို ဆက်ကြေးပေးရင် အားလုံးဖြစ်တယ်လေ။ ဒါပေမဲ့ အခု‌နောက် ပိုင်းကတော့ KIA လည်း နည်းနည်းလေး ငြိမ်သလို ဖြစ်သွားတယ်။  ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ ဒေသတည်ငြိမ်မှ ဖြစ်မှာလေ။ အခုဆို  ဒေသခံတွေက ဘာပြောလဲဆိုရင် သူတို့ဒုက္ခ တော်တော်ရောက်ခဲ့ကြရတဲ့အချိန် မီးဘေး၊ ရေဘေး၊ ငလျင်ဘေးဖြစ်တဲ့အခါ  တပ်မတော်သားတွေကပဲ ကူကြတာ။ KIA က ဒေသပြည်သူတွေဆီက ပိုက်ဆံကောက်ပေမယ့် တကယ်တမ်း ဒေသခံတွေ ဒုက္ခရောက်‌တော့ သူတို့ လာမကူကြဘူးလို့ ပြောကြတယ်။ အခုဆိုရင် ကချင်စစ်ဘေးရှောင်တွေဆိုရင် အများကြီးရှိတယ်။ ဗန်းမော်ဘက်က စစ်ဘေးရှောင်တွေ ကလည်း ဝိုင်းမော်တို့၊ မြစ်ကြီးနားတို့မှာ အများကြီးရှိနေတယ်။ သူတို့က ငြိမ်းချမ်းရေးကို လိုလားတယ်၊ သူတို့ဒေသပဲ သူတို့ ပြန်နေချင်တယ်လို့ ပြောကြတယ်။ ထိခိုက်ပျက်စီးမှုတွေလည်း မရှိစေချင်‌တော့ဘူး။ ကချင် ဒေသခံတွေက သူတို့ဒေသပျက်စီးရတာ KIA ကြောင့်ဆိုတာ ကောင်းကောင်း နားလည်နေကြပြီ။ အခုဆို KIA/KIO ကိုလည်း သူတို့မုန်းနေကြပြီ။

TREND ။        ။ ရွေးကောက်ပွဲဟာ တိုင်းပြည်နဲ့လူထုအတွက် ဘယ်လိုအပြောင်းအလဲတွေ ရနိုင်မယ်လို့ သုံးသပ်ချင်လဲ။
Dr.KSN  ။    ။
ကျွန်မက ပညာရေးပိုင်းကလည်း ဖြစ်တဲ့အတွက် လူမှုစီးပွားရေးတွေ အားလုံး သုတေသနနဲ့ အကောင်အထည်ဖော်မယ်လို့ ရည်ရွယ်ချက်ရှိတယ်။ အဲဒီလို အကောင်အထည်ဖော်တယ် ဆိုတဲ့နေရာမှာ အခုလို ကိုယ်စားလှယ်လောင်းအနေနဲ့ ပူတာအိုခရိုင်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ သွားတဲ့အခါမှာ  ကျွန်မအတွက်က သုတေသန လုပ်သလိုပါပဲ။ စည်းရုံးရေး ဆင်းတဲ့ အခါကျတော့ ကျွန်မအတွက် သုတေသနနဲ့ပတ်သက်ပြီး ဗဟုသုတတွေအများ ကြီးရခဲ့တယ်။ အဲဒီအပြင် ဒေသခံတွေရဲ့ ဆန္ဒတွေပါရခဲ့တော့ Outcome က ဘာဖြစ်သွားမလဲဆိုတော့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို သူတို့စိတ်ဝင် စားကြတယ်ဆိုတာရခဲ့တယ်။ ပြီးတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို သူတို့မဲပေးလိုက်ခြင်းအားဖြင့် အများဆန္ဒတွေနဲ့ ဒေသခံအကုန်လုံး မဲပေးလိုက်ခြင်းအားဖြင့် ဘာပဲပြောပြော အစိုးရသစ်တစ်ရပ်ဖြစ်လာမယ်။ အစိုးရသစ်တစ်ရပ် ဖြစ်လာမယ်ဆိုရင် သူတို့ဒေသအတွက်ကလည်း ပြောင်းလဲလာမယ်။ အဆင်ပြေသွားမယ်ဆိုတဲ့ အချက်ရတယ်။ ဒီလို အစိုးရသစ်ဖြစ်လာ ပြီဆိုရင်လည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေ ပိုများလာမယ်။ Investment တွေကလည်း ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပြီဆိုရင် အခုအချိန်မှာ တွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်‌စေမယ့် နိုင်ငံတ ကာရဲ့ အကူအညီတွေလည်း ပိုပြီး ဝင်လာနိုင်တယ်။ အဲဒါဆိုရင် ကျွန်မတို့နိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။

TREND ။  ။ ကချင်ဒေသခံတွေက ငြိမ်းချမ်းချင်ကြပြီဆို‌တော့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့၊ ငြိမ်းချမ်းဖို့ ဘယ်လိုကြိုးပမ်း အကောင် အထည်ဖော်ကြမလဲ။
Dr.KSN  ။    ။
ပူတာအိုခရိုင်ဆိုတာ ကချင်ပြည်နယ်ပေါ့။ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေက လူမျိုးတွေသာ ကွဲပြားပေမယ့် တစ်ယောက်နဲ့တစ်ယောက်က ဆွေမျိုး‌တွေပဲလေ။‌ ဒေသခံတွေက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်ဖို့အတွက်ကို ကျွန်မက  မျှော်လင့်ချက်ထားတယ်။ အဲဒီမျှော်လင့်ချက်အတိုင်း ဖြစ်အောင်လည်း အကောင်အထည် ဖော်ချင်ပါတယ်။ အဲဒီလို အကောင်အထည်ဖော်ဖို့က ဘာနဲ့ဖော်မလဲ။ သူတို့ရဲ့ စားဝတ်နေ‌ရေးဖြစ်တဲ့ လူမှုစီးပွားနဲ့ ပညာရေးတွေ၊ နောက် လမ်းပန်းဆက်သွယ်ရေးတွေ အားလုံးတိုးတက် ဖွံ့ဖြိုးဖို့အတွက်ကို ရည်ရွယ်လုပ် ဆောင်ကြရမယ်။ အဲဒါတွေ တိုးတက် ဖွံ့ဖြိုးလာမယ်ဆိုရင် သူတို့ကလည်း ဘာပဲပြောပြော ယုံကြည်ချက်တစ်ခု ဖြစ်လာမယ်။ စစချင်း သူတို့ရဲ့ စားဝတ်နေရေး အဆင်ပြေဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ အရေးကြီးတယ်။ လမ်းပန်းဆက် သွယ်ရေးကောင်းရင် ကုန်စည်စီးဆင်းမှုနဲ့ စီးပွားရေးတွေ ကောင်းလာမယ်။ စီးပွားရေးကောင်းနေပြီဆိုရင် ဒေသတည်ငြိမ် အေးချမ်းလာမယ်၊ တိုင်းပြည်လည်း တဖြည်းဖြည်း ငြိမ်းချမ်းလာမှာ သေချာပါတယ်။ အခုရှိနေတဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းဆိုတာလည်း ဒီတိုင်းရင်းသားထဲကပဲ။ ကချင်ဒေသဖွံ့ဖြိုးဖို့၊ ငြိမ်းချမ်းဖို့နဲ့ပတ် သက်ပြီး အဲဒီဆန့်ကျင်ဘက်အဖွဲ့တွေ လိုချင်တာဘာလဲ။ ဒါကို ကျွန်မတို့က ဥပဒေနဲ့အညီ ဘယ်လို လုပ်ကိုင်ပေးမလဲပေါ့။ ကျွန်မတို့ကတော့ သုတေ သနဆိုတော့ Peace and Conflict  ကို လေ့လာရမှာပါ။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။  

 ညီသစ်
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

TREND News Journal Download Link

Total Views ~ 17

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59099

© 2022 - 2025 News. All Rights Reserved.