၂၀၂၅ ၊ ဇွန် ၂၇
မောင်ထူးမြတ်လေးတစ်ယောက် မနက်ဆိုရင် မျက်နှာသစ်၊ သွားတိုက်၊ ပိုက်ဆံလေး နှစ်ထောင်လောက်ထည့် လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကို သွားထိုင်ရတာက နိစ္စဓူ၀ အလုပ်တစ်ခု ဖြစ်သည်။ မနက်ဆို ဘော်ဒါအပေါင်းအသင်းတစ်သိုက် လူစုံအောင်စုပြီး နိုင်ငံရေး၊ စစ်ရေး၊ ကမ္ဘာ့အရေး အာချောင်လိုက်ရမှ နေသာထိုင်သာ ရှိတတ်သည်။ ဘော်ဒါတွေဟုသာ အလွယ်ခေါ်ရတာ ကိုယ်ထက် ဆယ်စုနှစ်လောက်ကြီးသော သူများဖြစ်သည်။ လက်ဖက်ရည်ဆိုင် သွားရသည်က အကြောင်းရှိသည်။ ဆိုင်မှာက ဝိုင်ဖိုင်ဖရီးရသည်။ ဖုန်းဘေလ်အတွက်ကတော့ ပူစရာမလို စတားရှစ်ရာဟက်ကို နှိပ်လိုက်ရုံ ဖြင့် အော်ပရေတာတွေဆီက ပိုက်ဆံချေးလို့ ရသည်။ အင် တာနက်ကလည်း ယနေ့ခေတ်မှာ ဘယ်လက် ဖက်ရည် ဆိုင်ထိုင်ထိုင် ဝိုင်ဖိုင်ဖရီးရသည့်ခေတ် ဖြစ်သည်။ ဒါကြောင့် လက်ဖက်ရည် ရိုးရိုးတစ်ခွက်သောက် ဆားပုလင်းနှင်းမောင်စတိုင်ဖြင့် စီးကရက်ကို ခဲလိုက်ပြီး ဝိုင် ဖိုင်ချိတ်လိုက်ရုံဖြင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး အကုန်သိသော ဆရာကြီးထူးမြတ် ဖြစ်သွားလေတော့သည်။ ဖေ့စ်ဘုတ်ထဲက သတင်းဌာန အချို့၏ နံနက်ခင်းသတင်းတွေ ဖတ်လိုက်ရုံဖြင့် တစ်နေ့စာ အာချောင်ဖို့ လုံလောက်သွားပြီဖြစ်သည်။ ဒီလိုဆိုရင် လက်ဖက်ရည်ဆိုင် ကမ္ဘာ့အရေး ဆွေးနွေးသုံးသပ်ပွဲကြီးက အလိုလို စည်ကားသွား ပြီဖြစ် သည်။
ယခုရက်ပိုင်း ထူးမြတ်တို့လို ဖေ့စ်ဘုတ်နိုင်ငံရေး ဂရုကြီးတွေအကြား ရေပန်းစားနေသည့် သတင်းက အီရန်နှင့် အစ္စရေးတို့အကြား ဖြစ်ပွားနေသော စစ်ပွဲများ ဖြစ်သည်။ တစ်ဖက်နဲ့တစ်ဖက် မီးရှူးမီးပန်းများသဖွယ် ပစ်လွှတ်လိုက်သော လက်နက်ကြီးများက မြို့တွင်းကျ ရောက်ပေါက်ကွဲသည့် ညမြင်ကွင်းများက ကြည့်လို့ပင်ကောင်းသေးသည်။ တချို့ကလည်း ဒီလောက်ပစ်ခတ် တိုက်ခိုက်နေကြတာ အီရန်နှင့် အစ္စရေးက မြို့ကြီးတွေ မီးမပြတ်တာကို ထူးဆန်းနေကြသည်။ ထူးမြတ်တို့လို ကမ္ဘာ့အရေး ဂရုကြီးတွေကတော့ မီးပြတ်တာ၊ မပြတ်တာထက် တတိယကမ္ဘာစစ်ဆိုတာကြီးကို စိတ်ဝင်စား မိသည်။ စစ်ဖြစ်နေတဲ့ နိုင်ငံကြီးတွေဆိုတာကလည်း နျူကလီးယားဆိုတဲ့ လက်နက်တွေ ပိုင်ဆိုင်ထား တာကြောင့် အချိန်မရွေး ထပစ်လျှင် ပြဿနာကြီးနိုင်သည်။ ဒီတော့ နှစ်နိုင်ငံစစ်ပွဲကို မည်သည့် နိုင်ငံကြီးတွေ ပါဝင်နိုင်သည်ဟု တီးတိုး ခန့်မှန်းရသည်။ ဒါကလည်း လွယ်လှသော ခန့်မှန်းချက်ဖြစ်သည်။ စစ်ဟုဆိုလိုက်လျှင် ငပွကြီးတို့ အမေရိကားက မပါမဖြစ် ပေါ်တင်လိုလို၊ တိတ်တခိုးလိုလို ပါဝင်မြဲဖြစ် သည်။ ခုလည်း ဆရာကြီးထူးမြတ် ခန့်မှန်းထားသလို အမေရိကန်ပွကြီးတို့ ပေါ်ပေါ်တင်တင်ကို ဝင်ပါလာ လေတော့သည်။
အမေရိကန်စံတော်ချိန် ဇွန် ၂၁ ရက်က အမေရိကန်က အီရန်နိုင်ငံ Fordow? Natanz နှင့် Isfahan တို့ရှိ နျူကလီးယားစက်ရုံများကို အမေရိကန်ဗုံးကြဲ လေယာဉ်များဖြင့် ဗုံးများကြဲချခဲ့ပြီး တိုက်ခိုက်မှုမှာ အလွန်အောင်မြင်ပြီး လေယာဉ်အားလုံး ယခုအခါ အီရန်လေပိုင်နက်မှ ထွက်သွားပြီဖြစ်ကြောင်း အမေရိကန် သမ္မတထရမ့်က ထပြောလိုက်လေသည်။ ဒီလိုဆိုရင်တော့ ကြည့်လှပြီ ဖြစ်သည်။ အမေရိ ကန်တို့ စစ်ပွဲထဲကို ပါလာရင်တော့ သူ့ကို ကြည့်မရတဲ့နိုင်ငံတွေ အစ္စရေး ဘက်ကဝင်ကူရင်း တတိယကမ္ဘာစစ်ကြီးကို ထူးမြတ်တို့တွေ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မည်ဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်ကို လက်ဖက်ရည်ဆိုင်က ဝိုင်ဖိုင်ကပ်သုံးရင်း တရုတ်ဖုန်းလေးတွေကိုင်ကာ လမ်းထိပ်ဖုန်းဆိုင်က ဖွင့်ပေးထားသော ဖေ့စ်ဘုတ်အကောင့်နှင့် ဆရာကြီးများကလည်း အမေရိကန်အနေနဲ့ အစ္စရေးနဲ့ အီရန်စစ်ပွဲကို မထိန်းချုပ်နိုင်ရင် တတိကမ္ဘာစစ် ဖြစ်နိုင်ကြောင်း ကမ္ဘာကို အသိပေးလာကြသည်။ ထူးမြတ်တို့ နိုင်ငံကလူတွေဆိုတာကလည်း ဟိုးငယ်ငယ်လေးကတည်းက အမေရိကန်ကို အထင်ကြီးကြ သည်။ ပြည်ပအသံလွှင့်သတင်းဌာနတွေကို ရေဒီယိုတဂျစ်ဂျစ်ဖမ်းပြီး နားထောင်ရင် အမေရိကန်နိုင်ငံဆိုတာကို ငယ်ငယ်လေးကတည်းက ရင်းနှီးကျွမ်းဝင်ကြသည်။ တချို့ကလည်း အမေရိကန်စစ် သင်္ဘောတွေကို မျှော်ကြသည်။ ထူးမြတ်တို့ အဘိုးဆိုရင် အမေရိကန် စစ်သင်္ဘောတွေမျှော်ရင်း အသက် (၈၀) ကျော်မှာ ဆုံးပါးခဲ့ကြသည်။ ယနေ့ချိန်ထိတော့ အမေရိကန်စစ်သင်္ဘောတွေ မြန်မာ့ရေပိုင်နက်ကို ကမ်းကပ်တာ မမြင်ရသေးချေ။ တချို့တွေကတော့ မြင်ဖူးတယ်ရှိအောင် အမေရိကားအထိ လိုက်ကြည့်ကြတာ ယနေ့ထိပြန်မလာကြတော့ပေ။
ဒီတော့ မောင်ထူးမြတ်လေး တစ်ယောက် အမေရိကန်သမ္မတကြီး ကိုယ်တိုင် ငါလုပ်တာကွဆိုပြီး အီရန်ကို ဗုံးကြဲပြလိုက်တာကြောင့် ကမ္ဘာ့အရေးကို မျက်ခြည် မပြတ်ရဲတော့ချေ။ နောက် ဘယ်နိုင်ငံတွေ ပါနိုင်သလဲဆိုတာ ဖေ့စ်ဘုတ်ပေါ်က ဆရာကြီးတွေရဲ့ ခန့်မှန်းပြောဆိုတာတွေကို လေ့လာရလေသည်။
ထူးမြတ်ကတော့ အီရန်ပြည်သူတွေကို အလိုလို သနားမိသည်။ အစ္စရေးနဲ့ ရန်ဖြစ်နေပါတယ်ဆို ငပွကြီးတွေက ဗုံးလာကြဲတော့ မခံချိမခံသာ ဖြစ်နေကြမည် ထင်သည်။ မည်သည့်နိုင်ငံသားမဆို မိမိရေမြေကိုတော့ ချစ်ကြတာပဲဖြစ်သည်။ မိမိရေမြေလေထုကို ပြည်ပက လာဆော်ပလော်တီးတာတော့ ဘယ်နိုင်ငံသားကမှ ခေါင်းငုံ့ခံနိုင်မှာ မဟုတ်ချေ။ ခုလည်း အစ္စရေးနဲ့အီရန် တစ်ဖက်နဲ့တစ်ဖက် ဆော်ပလော်တီးနေတာကို လက်နက်အားကိုးနဲ့ မဆီမဆိုင် ဗုံးလာကြဲသည့် အမေရိကန်ကို အီရန်ပြည်သူတွေ အစား ကြည့်မရ ဖြစ်လာသည်။ ထရမ့်ဆိုသည့် သကောင့်သားက အထက်စီးလေသံဖြင့် ငါကတော့ ဗုံးကြဲပြီးပြီ ငြိမ်းချမ်းရေးစကားပြောဖို့ပဲ ကျန်တော့တယ်ဆိုပြီး ပြောသေးသည်။ ဒါသက်သက် လူပါးဝတာဖြစ်သည်။ ဗုံးကြဲတော့လည်း အီရန်နိုင်ငံ၏ သူ့ဟာသူ စစ်ရေးကာကွယ်ဖို့ တည်ဆောက်ထားသည့် နျူကလီးယား စခန်းတွေကို ကြဲတာဆိုတော့ တော်တော်လေး ကသိကအောက် နိုင်ပေလိမ့်မည်။ နိုင်ငံတိုင်းကတော့ မိမိနိုင်ငံကို ကာကွယ်မည့် တပ်မတော်ကို သူများနိုင်ငံထက် အဆင့်မြင့်စေချင်ကြ တာပဲ ဖြစ်သည်။ ထူးမြတ်တို့ ဘီရူမာနိုင်ငံကြီးသာတပ်က လေယာဉ်ဝယ်ရင် ဝယ်ပြန်ပြီ၊ ရေငုတ်သင်္ဘော ဝယ်ရင်လည်း ဝယ်ပြန်ပြီဟု အပြစ်ထိုင်ပြောနေကြတာ ဖြစ်သည်။ ဤသည်ကလည်း ထူးဆန်းသော ကိစ္စရပ် ဖြစ်သည်။ အီရန်တို့လို ပြည်ပကျူး ကျော်စစ်များ ကြုံလာရင်ဆိုတာမျိုး ကြိုမတွေးထားဘဲ တပ်ကိုပဲ ထိုင်ဝေဖန်သော မျိုးစိတ်များ ထွန်းကားတာကြောင့်ဖြစ်မည် ထင်သည်။
မောင်ထူးမြတ်လေး တစ်ယောက်ကတော့ အခုဖြစ်နေတဲ့ အစ္စရေး-အီရန် စစ်ပွဲမှာ အားနည်းနေတဲ့ အီရန်ဘက်က ရပ်တည်ရပေလိမ့်မည်။ ဘာကြောင့်လည်းဆိုတော့ ငပွကြီးက အပေါ်စီးကနေ ကယ်တင်ရှင်သဖွယ် လုပ်မည့်အရေး တွေးမြင်ရပြန်သည်။ ငပွကြီးတို့ကလည်း သူတို့ကိုယ်တိုင်သာ နျူကလီးယားဆိုတာကြီး ပိုင်ဆိုင်ထားတာ သူများနိုင်ငံတွေများ နျူကလီးယားပိုင်တယ်ဆိုရင် ဟိုကြားခဲညပ်သလို နေမထိ ထိုင်မသာ ဖြစ်ကြသည်။ ဒီတော့ လတ်တလော အီရန်နိုင်ငံဘက်က ရပ်တည်ပေးရ မည်။ ဖြစ်နိုင်ရင် အီရန်နိုင်ငံကိုသွားပြီး အီရန်ပြည်သူတွေကို ငုံ့မခံကြဖို့၊ တွန်းလှန်ကြဖို့ တိုက်တွန်းချင် သေးသည်။ ခုတောင် ဖေ့စ်ဘုတ်မှာ "ထရမ့်ကိုနိုင်"ဆိုပြီး နာမည်လှလှလေးပေးပြီး အီရန်ပြည်သူတွေကို လိုက်အပ်ထားသေးသည်။ ပြီးရင် အီရန်ပြည်သူတွေ အားတက်စေဖို့ "အဆန်လှေ ဖြစ်သည် ဝေစုတောင်းလျှင် ဂန်းတစ်လက်ရမည်"ဆိုပြီး စာရေးသားကာ အားပေးရမည်။ "နောက်ပြီး အမေရိကန်ကြီးတွေ ထိတ်လန့်သွားစေဖို့" မခြိမ်းနဲ့ မခြောက်နဲ့ ရွာချလိုက် ငါတို့ စိုဖို့အသင့်ပဲ"ဟူပြီး ရေးတင်ရဦးမည် ဖြစ်သည်။
ဒါတင်မကသေး အမေရိကန်ကို အားပေးထောက်ခံသူတွေ လက်တွန့်သွားအောင် 'သားသတ်သမားရဲ့ လက်ကို လက်ဆွဲနှုတ်ဆက်ရင် လက်သွေးစွန်းမှာပဲ'ဟု ခပ်တည်တည် ရေးတင်ရဦးမည်။ ဒီနေ့က စပြီး 'ထရမ့်ကိုနိုင်'အကောင့်မှာ မောင်ထူးမြတ်တစ်ယောက် ရှိနေမည်။ အီရန်ပြည်သူတွေ အားတက်စေဖို့ ကဗျာတွေ ရေးရဦးမည်။ အီရန်စစ်ဘေးသင့် ပြည်သူတွေကို နောက်ခံထားကာ ဖိုတိုရှော့ဖြင့် အားပေးစကားတွေ ထွက်ပြောရမည်။ အီရန်ပြည်သူတွေအတွက် ပန်းချီကားတွေဆွဲပြီး နိုင်ငံတကာကို လှည့်ပတ် ရောင်းရမည်။ 'အီရန် ပြည်သူတွေရဲ့ တော်လှန်ရေး ကြေးဖြတ်ခွင့်မရှိ'ဆို ပြီးတော့လည်း ခပ်တည်တည် တပ်ရေးရဦးမည်။ ပြီးရင် အမေရိကန်ကြီးတို့ ဖိန်ဖိန့်တုန်သွားစေရန် 'မပြီးသေးဘူး အီရန်အလှည့် ကျန်သေးတယ်' ဆိုတာမျိုးလည်း ဖေ့ဘုတ်မှာ ကာဗာဖိုတိုထားရမည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )