၂၀၂၅ မတ် ၂၂
ညောင်ရွက်လည်း ဝါလေပြီ။
ဆောင်းရက်လည်း ခွာသွေပြီ။
နွေ၏ ရောင်ခြည်တန်းကို မြင်လာရသည်။ သစ်ရွက်တို့သည် တဖြုတ်ဖြုတ် ကြွေပါလေပြီ။ တစ်မိုးသောက်လို့ တစ်နေဝင်၊ တစ်နေဝင်လို့ တစ်နေ့ကူး၊ တစ်နေ့ကူးလို့ တစ်လကျူး လရာသီချိန်စက်ဝန်းက ဘယ်လို ပင်ပြောင်းလဲ လည်ပတ်ခဲ့သော်လည်း ငါကတော့ အားမလျော့ပြီ။ တောထပ်ထပ် တောင်ထူထူ ဘယ်လိုပင် ခရီးကြမ်းပါစေ။ တစ်ဆင့်တက်သော် တစ်တောင်ကျော်၊ တစ်မှော်ရုံလျှိုး တစ်ချုံတိုး၍ တစ်မိုးသောက်လျှင် တစ် နေဝင်ရပေမည်။
ရွှေစာသောင်းသောင်း ကျေးငှက်အပေါင်းတို့ကလည်း ကန္တာရခရီးသည် ကျွန်ုပ်အား ခရီးဦးကြို ပြုကြသည်။ သူတို့က မေးကြသေးသည်။ ဖော်မပါ တစ်ကိုယ်တည်း ဖြစ်နေသော ကျွန်ုပ်အား ညံစာစာဖြင့်-
စုံရိပ်မြိုင်စွယ် ကန္တာလယ်
အိုဘယ်ယောက်ျား ခရီးသွား
ဖော်လည်းမဆွယ် တစ်ကိုယ်ငယ်
အိုဘယ့်လူသား ကြောက်ဘူးလားတဲ့။
ကျွန်ုပ်ကလည်း ကြည်သာရွှင်ပျ ပြုံးမြမြနှင့်
ပြန်ဖြေခဲ့သည်-
အို…ဘာကိုထောက်၊ ကြောက်ရမလဲ
သဟဲဖော်ညှိ၊ သတ္တိရှိပြီ
ချစ်သည်သဟာ၊ ဇွဲလည်းပါ၍
မကွာထပ်လောင်း၊ ငယ်ကပေါင်းသည့်
ဆွေကောင်းလုံ့လ၊ တူတကွတည့်။
ကျွန်ုပ်မှာ သတ္တိရယ်၊ ဇွဲရယ်၊ လုံ့လရယ်က အဆွေခင်ပွန်းကောင်းအဖြစ် အတူတကွပါနေမှတော့ ကျွန်ုပ် ဘာကြောက်ရမလဲ။
နွေဦးအစမှာ တောင်လေရူးကလေးတွေက ဝေ့ဝေ့ ဝိုက်ဝိုက်၊ ရွက်ဝါလေးတွေကလည်း မြေမှာ တဖြိုက်ဖြိုက်၊ စုံမြိုင်ခြေရွက်ကြွေတောဝယ်၊ သစ်ရွက်ခြောက်တွေကို နင်းလိုက်တဲ့ တဂျိုးဂျိုး တဂျွတ်ဂျွတ် ငါ့ခြေသံတွေက အောင်ပွဲတခြိမ့်ခြိမ့် ခံနေသလိုပါပဲ။ တစ်တောလုံး၊ တစ်တောင်လုံးမှာရှိတဲ့ တောစောင့်နတ် တောင်စောင့်နတ်တွေကလည်း ကျွန်ုပ်ကို ကောင်းချီးပေးနေသလိုပါပဲ။
နေဝင်းဝင်းမှာ လေပြင်းပြင်း တိုက်ရင်တော့
ကြေလိုက်မယ့်အခြေ
ဘာမို့လို့ နေနိုင်မလဲ
ပျံဝဲကာ လေအသုတ်
လွင့်ကြွေကာ ပြုတ်ရလိမ့်။
ရွှေကြောင်ပါး မြီးဖျားလိုက်သကဲ့သို့ လေယူရာ ပျံဝဲလွင့်ပါးနေကြသော ရော်ရွက်ဝါလေးများကို ပြုံးကာ ကြည့်ရင်း လက်ခမောင်း ခတ်မိသေးသည်။ ကျွန်ုပ်တို့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ခဲ့ကြတာလည်း ခုလိုနွေ ဦးရာသီပင် မဟုတ်ပါလား။ ကျွန်ုပ်တို့ မျိုးချစ်တော်လှန်ရေးသမားများရဲ့ လေပြင်းဒဏ် ကြောင့် လူမဆန်တဲ့ ဖက်ဆစ်ရွက်ဝါတွေ အညှာပါပြုတ်လို့ တဖြုတ်ဖြုတ်ကြွေ သက်ကုန်ရသည်။ မျိုးဖျက်တဲ့၊ ပြည်ကိုဖျက်တဲ့ ဖက်ဆစ်ရွက်ဝါတွေ မြေခရန်အတွက် စတေးခံခဲ့ကြရသည့် ကြွေပွင့်က လေးတွေကိုတော့ဖြင့် နှမြောမဆုံးပင်။ နိုင်ငံအတွက် အချိန်မတိုင်မီ ကြွေလွင့်ရရှာတဲ့ အဖိုးတန်တဲ့ ပွင့်ဖတ်ပွင့်လွှာ ကလေးတွေပါပဲ။ ငွားငွားစွင့်စွင့် မပွင့်ရမီ ကြွေပျက်ရတာတော့ နှမြောစရာလည်း ကောင်းရဲ့၊ ဝမ်းနည်းစရာလည်းကောင်းရဲ့၊ ချောက်ချားစရာလည်း ကောင်းရဲ့။
အကြွေစောသူငဲ့ နှမြောတွယ်တာတာဖြင့်
ဘယ်အခါဘယ်မှာ ဆုံးနိုင်လိမ့်
နှလုံးဘဝင်ဆူပေါ့
မရွှင်သူ နှုတ်ချွေ လွှတ်ပါလို့
တတွတ်တွတ်ဆိုကာရယ်၊ ဖြေဖွယ်ဖြင့်
ရှိလိမ့်လား။
ကျွန်ုပ်တို့ တစ်မျိုးသားလုံး ဖြေမရွှင်နိုင်ခဲ့ကြသည်ကတော့ အမှန်ပင်။ တိုက်ရင်း ခိုက်ရင်း တဖြုတ်ဖြုတ် ကြွေပြုတ်ခဲ့ရသည့် မထင်မရှား ကြွေပွင့်ကလေးတွေလည်း မနည်းပါဘဲ။ ကျွန်ုပ်သည် ခရီးကို ရှေ့ဆက် လျှောက်လှမ်းလာရင်း တော်လှန်ရေးကာလ ကျွန်ုပ်နှင့်အတူ လက်တွဲ ခဲ့ကြသည့် ရဲဘော်ရဲဘက်တွေကို အမှတ်ရလို့ မဆုံးနိုင်ပါပေ။
တစ်ခေတ်လဲနိုင်ဖို့၊ စစ်ပွဲမှာ ဘာမထီဘု
စာမရီ သာကီသွေးတွေက
သက်ပေးကာ သည်လိုအောင်တော့
ပြည်ဘောင်မှာ သည်အောင်ပွဲရယ်
သဲခြိမ့်ခြိမ့်ညာ။
ကျွန်ုပ်တို့၏ တော်လှန်ရေးကြီးသည်အောင် ပွဲတခြိမ့်ခြိမ့် ရင်တသိမ့်သိမ့်ပင်။ ဤအောင်ပွဲအတွက် ကိုယ်ကျိုးကိုမငဲ့ဘဲ သက်စွန့်ဆံဖျား ရုန်းကန်တိုက်ခိုက်ခဲ့ရသည့် စစ်ပြန်ရဲဘော်အချို့မှာလည်း...
သေသူသေ ကျိုးသူကျိုးပါပဲ
ကံဆိုးတဖုံဆင်လို့၊ စဉ်မမီ လူညွန့်တုံးကာပ
ဆုံးခဲ့ရဘဝတာ ဖန်လာတဲ့ဖြစ်မျိုးနှင့် ကြုံခဲ့ရတယ်။
ဒါပေမဲ့ တော်လှန်ရေး ရဲဘော်တွေဟာ မမှုကြပါဘူး။ တိုင်းပြည်ရဲ့ ရန်ဆူး ရန်ညှောင့်ဖြစ်တဲ့ ဖက်ဆစ်ဂျပန်တွေကို ညီညီညွတ်ညွတ်နဲ့ အောင်မြင်စွာ တော်လှန်နိုင်တာကို ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြပါတယ်။ ပြည်သူတွေအတွက် ဆောင်ရွက်ခဲ့ကြတာတွေကို နှစ်သိမ့်မဆုံး ဖြစ်ခဲ့ကြပါတယ်။
ချို့သောတဲ့သော၊ စိတ်မမောဘူး
သဘောရည်တူ၊ စိတ်ညီတူနှင့်
ကြည်ဖြူစည်းရုံး၊ ညွတ်သည်ထုံးကြောင့်
မရှုံးအောင်မြင် ပွဲကြီးရင်ပြီး။
.... လင်းအရုဏ်၏
မှိုင်းမှုန်ဝိုးဝါး၊ မြူထုကြားမှ
ရွှေသားရောင်ဝင်း၊ ရှင်နေမင်းသည်
လွတ်ကင်းထွက်မြောက်တော့မည်တကား။
ကျွန်ုပ်တို့သည် ဖက်ဆစ်တော်လှန်ရေးပြီး နောက်လွတ်လပ်ရေးတိုက်ပွဲအတွက် ဆက်လက် ကြိုးပမ်းခဲ့ရပြန်တယ်။ အမျိုးမျိုး အနစ်နာခံကြိုးပမ်းမှုကြောင့် ကျွန်ုပ်တို့ဟာ အမှောင်မှသည် အလင်းသို့ လွတ်လမ်းကို ရှာနိုင်ခဲ့ကြပြီ။
ကိုယ်ဟန်ကြော့ကြော့၊ ဦးခေါင်းမော့၍
ရင်ကော့ကာမြန်း၊ ငါ့ခြေလှမ်းကား
လွတ်လမ်းပေါ်တွင်၊ မှန်မှန်ပေတည့်။
လွတ်လပ်ရေးကို ရယူပြီးနောက် ကျွန်ုပ်တို့၏ လိုရာခရီးသို့ ခြေလှမ်းမှန်မှန်ပင် လှမ်းနိုင်ကြပေပြီ။ သည်လို ခြေလှမ်းရင်း ကျွန်ုပ်တို့တို့ လွတ်လပ်ဖို့၊ ကောင်းစားဖို့ စတေးခံခဲ့ကြသည့် ကြွေပွင့်လွှာတွေကို ကျွန်ုပ်တို့ အားလုံး မမေ့နိုင်ကြဘူး။
နောင်ရဲ့ မငိုပါနှင့်
ကြည်ညိုကာ နောင်မြတ်နိုးတာဖြင့်
ဝေဖြိုးအောင် ရေစင်ဖြာပါ့
ကြွေပွင့်ကို မတွယ်တာနှင့်
ဖူးညှာသာ ထူးစွာပွင့်အောင်လို့
ပင်ဗွေကိုစဉ်အခြေမြှင့်ပါတဲ့။
ကြွေပွင့်တွေကိုယ်စား နောက်ထပ် ဖူးညှာကလေးတွေ ငွားငွားစွင့်စွင့် ပွင့်လာအောင် အခြေမြှင့်ရဦးမည်။ ဒါမှလည်း နိုင်ငံမြင့်၍ အမျိုးဂုဏ်တင့်မည် မဟုတ်ပါလား။
ကျွန်ုပ်သည် တော်လှန်ရေးအတွေးမျှင်များကို တစ်စစီခွာ ချပစ်လိုက်သည်။ ရွက်ကြွေတောကိုဖြတ်၍ တရွေ့ရွေ့ခရီးနှင်လာပြန်သည်။ ကျွန်ုပ်သည် 'သာသည့် မြေသို့' တက်လှမ်းရာတွင် နေပူပူ မိုးရွာရွာ ကျွန်ုပ်မတွန့်။ သံဝါဖြောက်ဖြောက် ဆီးနှင်းပေါက်လည်း မိုးလောက်ပင် ပြင်းထန်ပါစေ ကျွန်ုပ် မရွံ့ပြီ။ ရင်ကို မြေကတုတ်လုပ်ကာ အရာရာကို ကျော်လွှားနိုင်ဖို့ ကျွန်ုပ်မှာအားမာန် အပြည့်။
ယခုကျွန်ုပ်တို့ လျှောက်လှမ်းနေသည်က တစ်ခုတည်းသော ပန်းတိုင်ဆီသို့။ ကျွန်ုပ်တို့ ဦးတည်ချက်က ကျွန်ုပ်တို့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ကြီးပွားဖို့၊ ကျွန်ုပ်တို့ တိုင်းပြည်တိုးတက်ဖို့၊ ကျွန်ုပ်တို့ အမိနိုင်ငံကြီး ချမ်းသာဖို့တွေသည်သာ အဓိက။ တိုးတက်ထွန်းကားနေသော အခြားတိုင်းနိုင်ငံကြီးများမှ နည်းစနစ်ကောင်းတို့ကို ယူရမည်။ ကျွန်ုပ်တို့ နိုင်ငံတိုးတက်သာယာအောင် ဆောင်ရွက်ရမည်။
ငါခြံမြေ အခြေမြှင့်ချင်ငဲ့
သူမြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော်သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ ခဲရပေတော့မည်။
တိုးတက်တဲ့ နိုင်ငံတွေကို အားကျလျက် ကျွန်ုပ်တို့ပြည်(ပြေ)၊ ကျွန်ုပ်တို့မြေကို ပြုစုပျိုးထောင်သင့်သည် မဟုတ်လား။
ဤယနေ့သော်
ချမ်းမြေ့ကြည်လင်၊ စိတ်ဝယ်ရွှင်တည့်
မြေပြင်ကျယ်ဝန်း၊ လယ်ယာခင်းနှင့်
အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ဝယ်
ဆွေမိတ်တူစုံ၊ ဖူးရတုံသော်
အာရုံသန့်စင်၊ ကြည်ဘဝင်နှင့်
မိခင်မြေမြ၊ သာလေစွဟု
နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်
မိုးယံပဲ့တင် ထပ်လိမ့်တည်း။
ယနေ့ကိုယ့်မြေ ကိုယ်ပိုင်ခဲ့ပြီ။ ကိုယ့်လယ် ကိုယ် လုပ်ကိုင် ထွန်ယက်နိုင်ခဲ့ပြီ။ 'ကျွဲ၊ နွားကစ ဘာမှမကူ၊ စပါးကိုမြင်မှ သီးခတဲ့လိုချင်'သူ၊ လက်ဝါးကြီးအုပ် မြေရှင်ကြေးရှင်တွေ ပျောက်ကွယ်ကုန်ရပြီ။ ဤအခြေ ဤအနေရောက်စေဖို့အတွက် တောင်သူလယ်သမား တွေကလည်း တစ်တပ်တစ်အားပင် ပါဝင်တော်လှန်ခဲ့ကြတယ်။ တော်လှန်ရေးကာလမှာ 'လယ်သမားငယ်စုံ ရန်ဟုတ် မာန်ကြွ၊ လူထုငယ်ညီညီ၊ ရဲဘော်ချီ၊ သွေးနီအင်အားပြ' ခဲ့ကြသေးသည် မဟုတ်လား။
တသွင်သွင် လွင်လွင်ငြိမ့်ပါဘိ
ဘဝင်စိမ့်ရန် သာသည့်တေးပေမင့်
ချိုအေးစွာ ကြည်ကြည်လင်လို့
လေပြည်တွင် သံစည်ညင်းပါတဲ့
အိုမြစ်မင်း သင့်လင်္ကာ။
ယနေ့ကျွန်ပ်တို့ကို ကျွန်ုပ်တို့ နိုင်ငံမှာရှိတဲ့ မြစ်မင်းဧရာ၊ ဒုဋ္ဌာ၊ သံလွင်၊ စစ်တောင်း အစရှိ သည်တို့ကလည်း တေးလင်္ကာသီကျူး၍ ကောင်ချီးသြဘာ ပေးနေကြပြီ။
မြင့်မားမောက်မို၊ ဤတောင်ညိုမူ
နဂိုရ်မတ်မတ်၊ မားမားရပ်၍
တွက်မှတ်အောက်မေ့၊ တစေ့စေ့ဖြင့်
ချမ်းမြေ့မေတ္တာ၊ ရေစင်ဖြာကို
သွန်းကာလောင်းလျက်ပင်တကား။
ဒါ့အပြင် ကျွန်ုပ်တို့နိုင်ငံမှာရှိတဲ့ တောင်တန်းကြီးတွေကလည်း အားပေးလျက်၊ ကျွန်ုပ်တို့အတွက် မေတ္တာရေစင်တွေ သွန်းလောင်းလျက် ရှိကြသည်။ အမိမြေသည် သာယာလှပေသည်တကား။
(ကွယ်လွန်သူ မျိုးချစ်စာဆို ငွေတာရီ၏ ကဗျာများကို ထုတ်နုတ်ရေးသားပါသည်။)
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )