၂၀၂၅ ၊ ဩဂုတ် ၇
လက်ရှိ ၂၀၂၅ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၆ ခုနှစ် အစောပိုင်းကာလဟာ မိမိတို့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ကာလတစ်ခု ဖြစ်ပါတယ်။ ဒီလိုဘာကြောင့် ပြောရသလဲဆိုရင် ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ကို တည့်မတ်စွာ ပြန်လည်အသက်သွင်းပေးရမယ့်ကာလ ဖြစ်နေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါက ပထမအဆင့်ပါ။ ဒုတိယအဆင့်အနေနဲ့ အဲဒီအခြေအနေကတစ်ဆင့် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဖြစ်အောင် ပြုပြင်တည်ဆောက်သွားရမှာ ဖြစ်ပါ တယ်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့ကို အပ်နှင်းထားတဲ့ အရေးပေါ်ကာလ အာဏာကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီထံ ပြန်လည်အပ်နှံခဲ့ပါတယ်။ ဒီလို အာဏာပြန်လည်အပ်နှံ ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၆ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာအပ်နှင်းခဲ့သည့် အမိန့်ကိုလည်း အဲဒီနေ့မှာပဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ဘာကိုပြသလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၉ အရ အာဏာအပ်နှင်းထားတာကို ပယ်ဖျက်တဲ့နေ့ကစပြီး ခြောက်လအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးရ မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်သလို ရွေးကောက်ပွဲ စတင်ကျင်းပတဲ့ နေ့ကစပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ခေါ်ယူပေးရမှာ ဖြစ်တဲ့အတွက် နောက်အကျဆုံး လာမယ့် ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်မှာ လွှတ်တော်အသီးသီး ပေါ်ပေါက်လာပြီး အဲဒီကတစ်ဆင့် ရွေးချယ်ခံ သမ္မတ ဦးဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
နစက အစိုးရလက်ထက်မှာ နစကဥက္ကဋ္ဌရဲ့ ရည်မှန်းချက်နဲ့ ပြောစကားများအရ ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းမှာ ရွေးကောက်ပွဲ စတင်ကျင်းပပေးမယ်လို့ဆိုထားတဲ့အတွက် ခန့်မှန်း ၂၀၂၆ ခုနှစ် မတ်လမကုန်ခင်မှာ ပြည်သူ့လွှတ်တော်အသီးသီး ပေါ်ပေါက်လာနိုင်ပါတယ်။ ဆိုလိုချင်တာက လက်ရှိ အပြောင်းအလဲအရ ရွေးကောက်ပွဲနဲ့ လွှတ်တော်အသီးသီး ပေါ်ပေါက်လာအောင် မဖြစ်မနေ ဆောင်ရွက်ပေးရမှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်အရ အစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာမှာဟာ အစောဆုံး ၂၀၂၆ ခုနှစ် မတ်လ၊ နောက်အကျဆုံး ၂၀၂၆ ခုနှစ် ဧပြီလကုန်ပဲ ဖြစ်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ ဒီရွေးကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မယ်ဆိုရင် အရေးပေါ် အခြေအနေပဲ ထပ်ကြေညာရမလား။ တပ်မတော်ကပဲ အပြီးတိုင် အာဏာသိမ်းရမလား။ တစ်ခုမဟုတ်တစ်ခု ဖြစ်လာမှာ သေချာတယ်။ ဒီမိုကရေစီကို ပြန်လည် အသက်သွင်းကြ မလား၊ စစ်တပ် အုပ်ချုပ်မှုအောက်မှာ နေကြမလားဆိုတာ စဉ်းစားရပါလိမ့်မယ်။ တပ်မတော်ကတော့ သူ့တာဝန်အတိုင်း ပြုပြင်ပေးသင့်တာ ပြုပြင်ပေးပြီး မူလဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းပေးတာမှ မကြိုက်ကြရင်တော့ ဆက်သာတော်လှန်ကြပါလို့ ပြောရမလိုဖြစ်နေပြီ။ တိုင်းပြည်အတွက် အကျိုးနဲ့အပြစ်ကို ချိန်ဆဖို့လိုပါတယ်။
ဒီအချိန်းအပြောင်းအတိုင်း ဖြစ်လာနိုင်မလား၊ ပျက်စီးသွားမလားဆိုတာ ဘယ်အပေါ်မှာ အခြေခံမလဲဆိုရင် ဒီကာလရဲ့ တည်ငြိမ်အေးချမ်းမှုအပေါ်မှာ မူတည်မယ်လို့ မြင်ပါတယ်။ လွှတ်တော်အသီး သီးပေါ်ပေါက်လာဖို့ဆိုတာ ပြည့်သူတွေ ရွေးချယ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိဖို့က အခြေခံပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေရှိဖို့ လိုသလို ပြည်သူတွေကလည်း လုံခြုံစိတ်ချစွာ ရွေးချယ်ပေးနိုင် ဖို့လိုပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကတိပေးပြီးနောက်မှာ စစ်ရေး၊ လုံခြုံရေးကိစ္စတွေကို တပ်မတော်က ပိုမိုပြီး ဖိဖိစီးစီး ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဖွဲ့စည်းထားတဲ့အခြေအနေ အတိုင်း ပြန်မဖြစ်ရင်တောင် ဆုံးရှုံးသွားခဲ့တဲ့ နယ်မြေတွေကို မဲဆန္ဒနယ်မြေအဖြစ် ပြန်လည်ရယူ အသက်သွင်းနေတာကို သတိထားကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ တစ်ဖက်က စစ်ရေးအရ နယ်မြေတွေ အေးချမ်းအောင် ဆောင်ရွက်နေသလို တစ်ဖက်ကလည်း နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ ပြည်သူတွေကို လုံခြုံအေးချမ်းစွာ ရွေးကောက်တင်မြှောက်နိုင်စေဖို့ ဥပဒေထုတ်ပြန်ပြီး တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲ မအောင်မြင်အောင်နဲ့ ရွေးကောက်ပွဲက တစ်ဆင့်ပေါ်ပေါက်လာမယ့် လွှတ်တော်တွေ၊ အစိုးရတွေ ဖြစ်မလာအောင် နည်းမျိုးစုံနဲ့ နှောင့်ယှက်ဖျက်ဆီးနေတာတွေလည်း တွေ့ရမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်အသီးသီး ရှိကြပေမယ့် နိုင်ငံနဲ့ နိုင်ငံသားတို့အတွက် အကျိုးဖြစ်ထွန်းဖို့ကသာ အဓိက ဖြစ်ပါတယ်။ လက်ရှိပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်အာဏာရှင်စနစ်တည်မြဲဖို့ ကြိုးစားနေတဲ့ အတုအယောင် ရွေးကောက်ပွဲဆိုပြီး ဝါဒဖြန့်နေကြတာလည်း တွေ့ရပါတယ်။ အတုအယောင် ရွေးကောက်ပွဲဆို တဲ့ စကားကိုကြည့်ရင် ဘာကို ရည်ရွယ်ပြီးပြောတယ်ဆိုတာ ရှင်းပါတယ်။ ဒီစကားဟာ ရွေးကောက်ပွဲကိုသေးသိမ်အောင်၊ ပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်တဲ့စကားဆိုတာ နားလည်ကြမှာပါ။ ဒီနေရာမှာ မေးလိုတာက အတုအယောင်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ။ ဘယ်အချက်ကို အခြေခံပြီး စွပ်စွဲပြောဆိုကြတာလဲဆိုတာပါပဲ။ ကမ္ဘာသိ၊ လူတကာသိ၊ ပွင့်လင်းမြင်သာစွာလုပ်ရတဲ့ ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲတို့၊ ကလိမ်ကကျစ် ရွေးကောက်ပွဲတို့၊ မတော်မတရားလုပ် မှာပဲတို့ဆိုတာတွေက မလုပ်ခင်မှာ ပြောတာထက်လုပ်ပြီးမှ ဝေဖန်တာ၊ ထောက်ပြတာက ပိုပြီး သဘာဝကျပါတယ်။ မလုပ်ခင် ပြောနေပြီဆိုရင်တော့ ကလိမ်ကကျစ် လူပြိန်းနည်းနဲ့ တိုက်ခိုက်တာ သက်သက်လို့ဆိုရမှာ ဖြစ်ပါတယ်။ ပြည်သူ လူထုကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ် ခုခုက သော်လည်းကောင်း မလုပ်ခင်မှာ မတော်မတရား လုပ်တော့မယ့် အရိပ်အယောင်တွေ တွေ့နေရပြီဆိုရင်တော့ ဘယ်အချက်၊ ဘယ်အချက်ကတော့ ဘယ်လို၊ ဘယ်သတင်းတွေက ဘယ်လို ကြားနေရတယ်၊ ဘယ်ဟာတွေက ပွင့်လင်းမြင်သာမှု မရှိဘူး၊ ဘယ်လိုလုပ်တာက မသမာမှုကို အားပေးနေသလို ဖြစ်နေတယ်စသဖြင့် အပြုသဘောဆောင်တဲ့ ထောက်ပြမှု၊ အောင်မြင်စေလိုတဲ့ ချဉ်းကပ်မှုတွေကသာ တိုင်း ပြည်အတွက် တန်ဖိုးရှိပါတယ်။
နိုင်ငံတော်အာဏာ ပြန်အပ်ပြီး မဖြစ်မနေ ရွေးကောက်ပွဲကျင်းပပေးရမယ့် အခြေအနေမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ရဲ့ စကားသံတွေဟာ မြန်မာနိုင်ငံအပေါ် တကယ်ပဲ မှန်မှန်ကန်ကန် ဒီမိုကရေစီ ဖြစ်ထွန်းစေလိုတဲ့ဆန္ဒရှိရဲ့လားဆိုတာ မေးရမလို ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားအရ သူတို့အလိုရှိတဲ့သူ တက်လာနိုင်မှာ မဟုတ်ဘဲ သူတို့ မလိုသူတွေ Legitimacy ဖြစ်သွားမှာ အတော်စိုးရိမ်နေတဲ့သဘောမှာ ရှိတယ်လို့ မြင်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပလို့ အောင်မြင်သွားမှာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မပါတာကို မကြိုက် တာက ပိုမယ်ထင်တယ်။ ဒီနေရာမှာ မေးလိုတာက စနစ်တစ်ခု ခိုင်မာစွာ အသက်ဝင်ဖို့၊ မှန်ကန်ဖို့၊ အလေ့အကျင့်ကောင်းတွေရဖို့၊ အဲဒီကမှတစ်ဆင့် တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးလား၊ စနစ်ကအရေးကြီးလား ဆိုတာပါပဲ။ အမြင်ချင်းတူမှာ မဟုတ်တဲ့အတွက် အဖြေအမျိုးမျိုးထွက်လာမှာ မှန်ပေမယ့် လူဆိုတာ အမြဲတမ်းပြောင်းလဲနေတာပဲ ဖြစ်ပါတယ်။ အချိန်မရွေးလည်း နေ့မြင်ညပျောက် ဖြစ်သွားနိုင်တာပါပဲလေ။ ဥပမာအားဖြင့် ၁၉၄၈ ခုနှစ်ကစခဲ့တဲ့ လက်နက်ကိုင် လမ်းစဉ်ဟာ ခေါင်းဆောင်တွေ အများကြီး ပြောင်းသွားခဲ့ကြပေမယ့် စနစ်ဆိုးကတော့ ကျန်နေဆဲပဲ မဟုတ်ပါလား။ ဒီသဘောအတိုင်းပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့စနစ် တစ်ခု အသက်သွင်းရာမှာ အရေးကြီးတာက အသက်ဝင်ဖို့၊ မှန်ကန်စွာ ဆက်လက်လည်ပတ်ဖို့သာလျှင် ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်စွဲနေသမျှ ကောင်းလာစရာမရှိဘူးလို့ မြင်ပါတယ်။

ဒီမိုကရေစီနည်းအရ မှန်မှန်ကန်ကန်သာ ဖြစ်ဖို့ လိုတယ်။ ဘယ်သူပဲနိုင်နိုင်၊ ဘယ်သူပဲတက်တက် စနစ်ကို ခိုင်မာအောင်၊ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့သာ အရေးကြီးတယ်။ All inclusive ဖြစ် ဖို့ဆိုတာ ဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ဥပဒေပေါ်မှာ အခြေခံဖို့တော့ လိုပါလိမ့်မယ်။ လုပ်ချင်ရာ လုပ်ပြီး ငါမပါရင် မဖြစ်ဖူးဆိုတာမျိုးကတော့ ဘယ်နိုင်ငံ၊ ဘယ်ဥပဒေကမှ လက်ခံမထားပါဘူး။ အာဆီယံထဲက အိမ်နီးချင်းနိုင်ငံတွေကိုပဲကြည့်။ မလေးရှားမှာ မဟာသီနဲ့ အီဗရာဟင် အပြိုင်အဆိုင်ဖြစ်တယ်။ အမှားအမှန် ဘယ်လိုပဲ ဖြစ်ဖြစ်၊ အီဗရာဟင် ပြစ်ဒဏ်အရ ထောင်ကျသွားတယ်။ ဘာရွေးကောက်ပွဲမှ ဝင်လို့မရသလို ဘာမှလည်း လုပ်လို့မရခဲ့ဘူး။ ထောင်ကလွတ်မှ နိုင်ငံရေးမှာ ပြန်ပါလာရတာပဲ မဟုတ် ပါလား။ ထိုင်းနိုင်ငံကို ကြည့်ဦးမလား။ ဥပဒေအရ သက်ဆင် ပြည်ပြေးဘ၀ ရောက်သွားတော့ ဘာနိုင်ငံရေးလုပ်လို့ရလဲ။ သူလုပ်လို့မရပေမယ့် သူ့ဆွေမျိုးသားချင်းတွေ၊ သူ့လူတွေ လုပ်လို့ရတာပဲမဟုတ်လား။ လုပ်လို့ရလို့လည်း သူ့ညီမ၊ သူ့သမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့တာ မျက်မြင်ပဲ ဖြစ်ပါတယ်။ ဒီသဘောပါပဲ။ နိုင်ငံရေးအရ အမှားအယွင်းဆိုတာ ရှိစမြဲပါ။ အဲဒီအမှားအယွင်းအရ ကိုယ်မလုပ်နိုင်ခင်မှာ ကိုယ်မလုပ်ဖို့ ဘဲရှိတယ်။ နိုင်ငံရေးမှာ မဟာဇနကလို ကျောက်ဖျာပေါ်အိပ်နေတာ ထီးနန်းတင်ဖို့ လာပင့်ဖိတ်သလို မျှော်လင့်နေကြတာက သဘာဝမကျဘူး။ ပိုဆိုးတာက ပြစ်မှုကျူးလွန်သူကို နန်းတင်ဖို့ဆိုတာဖြစ်ကို မဖြစ်သင့်တဲ့ ကိစ္စလို့ ဆိုရပါလိမ့်မယ်။ သူမရှိရင် သူ့လူတွေ သူ့မူအတိုင်း လုပ်ကြဖို့ပဲလိုတယ်။
အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမှ၊ NLD ပါမှ၊ NUG ပါမှ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်မှာ၊ ဘာညာနဲ့ ပြောဆိုနေကြတာ၊ မျှော်လင့်နေကြတာတွေဟာ နိုင်ငံရေးနဲ့ ဒီမိုကရေစီအရေးမှာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှု၊ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးပါဆိုတဲ့ မဖြစ်နိုင်တဲ့ ကလေးအတွေးနဲ့ တောင့်တမှုသာ ဖြစ်ပါလိမ့်မယ်။ တည်ဆဲဥပဒေကို မြင်အောင်မကြည့်ဘဲ၊ မလိုက်နာဘဲ နိုင်ငံရေးအရ ထိုးနှက်နေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အခု ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ NLD နဲ့ ပါတီတချို့မပါဝင်နိုင်တာဟာ သူ့သဘောနဲ့သူသာ ဖြစ်ပါတယ်။ ဥပဒေအရ ပါတီမှတ်ပုံ ပြန်မတင်လို့ ပျက်ပြယ်သွားတာကို "လာပါလာပါ၊ ခင်ဗျားတို့ကြိုက်သလိုသာ လုပ်ပါ၊ ခင်ဗျား တို့ပါတီက မရှိမဖြစ်လို့ပါ"ဆိုပြီး ခေါ်ရအောင်ကလည်း ရူးနေကြတဲ့သူတွေမှမဟုတ်တာ။ ကိုယ့်သဘော နဲ့ကိုယ်၊ ကိုယ့်တွက်ကိန်းနဲ့ကိုယ်ပါပဲ။ NLD အနေနဲ့ ပြန်လည် မှတ်ပုံမတင်တာဟာ လက်ရှိ NUG ရဲ့ နွေဦး တော်လှန်ရေးသာ အောင်မြင်ခဲ့ရင် ငါတို့စင်ပေါ်ရောက်ပြီဆိုတဲ့အမြင် ရှိ၊ မရှိ ဘယ်သူပြောနိုင်လဲ။ မှတ်ပုံ ပြန်မတင်တုန်းက အသာလေး မျှောနေပြီး အခုရွေးကောက်ပွဲလုပ်တော့မှ အဖေကယ်ပါ၊ အမေကယ်ပါ လုပ် လို့မရပါဘူး။
ဒါနဲ့တစ်ဆက်တည်း ပြည်တွင်းမှာ လွတ်လပ်စွာ တရားဝင် နိုင်ငံရေးလုပ်လို့ရနေတဲ့ NLD ဗဟိုကော် မတီဝင်တွေနဲ့ ပါတီဝင်တွေ၊ ပြည်ပမှာ ရောက်နေတဲ့ တော်လှန်ရေးလုပ်နေကြတဲ့ NLD ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်လို့ ဆိုနေကြသူတွေကို မေးလိုတာက ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ပဲ ပြန်လွှတ်စေချင်ကြတာလားဆိုတာပဲ ဖြစ်ပါတယ်။ ဒီအချိန်၊ ဒီကာလဟာ ဒေါ်အောင်ဆန်းစု ကြည် ပြန်လွှတ်ဖို့အချိန်ကောင်းပါ။ "ငါတို့ တောင်းဆိုနေတာပဲ" မလုပ်ပါနဲ့။ တကယ်လွတ်စေချင်တဲ့ ဆန္ဒရှိရင် တောင်းဆိုနေ တယ်ဆိုတာထက် လက်တွေ့ဆန်ဆန် လုပ်လို့ရတဲ့နည်း လမ်းတွေရှိပါတယ်။ အခု လုပ်နေကြတာက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး လက်ရှိအစိုးရနဲ့ တပ်မတော်ကို နိုင်ငံရေးအရ ပြစ်တင်ရှုတ်ချဖို့သာ အဓိကထားနေကြတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ပြန် လွှတ်စေချင်ရင် NLD အနေနဲ့ ရွေးကောက်ပွဲဝင်၊ တရားတဲ့နည်းနဲ့ မဲနိုင်အောင်လုပ်။ ကိုယ်အစိုးရ ဖြစ်ပြီဆိုရင် ဥပဒေအရ ကြိုက်တာလုပ်လို့ရနေပြီ မဟုတ်ဘူးလား။ လွန်ရောကျွံရော တစ်နှစ်အတွင်းဆို လွတ်ပြီ။ ဘာလို့ဒီလမ်းကို NLD နဲ့ NUG တို့ မရွေးခဲ့ကြတာလဲ။ စစ်အာဏာရှင်စနစ် ဖြုတ်ချဖို့လို့ အကြောင်းမပြပါနဲ့။ လက်တွေ့မဆန် အခြေအနေမှန် မဟုတ်တဲ့ စွပ်စွဲချက်က ဘာတန်ဖိုးမှ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့ဆိုတာ အခြေအနေ နှစ်ရပ်အပေါ်မှာ မူတည်နေတယ်လို့ မြင်ပါတယ်။ ပထမတစ်ရပ်က အထက်မှာဆိုခဲ့သလို NLD နဲ့ NUG လိုလားသူများ ရွေးကောက်ပွဲကတစ်ဆင့် အစိုးရဖွဲ့နိုင်ခဲ့ရင်သော်လည်းကောင်း၊ ဒုတိယက ရွေးကောက်ပွဲ တစ်ဆင့် ပေါ်ပေါက်လာတဲ့ အစိုးရအနေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှု အပေါ်မှာမူတည် ဆောင်ရွက်မယ့် အခြေအနေအရ သော် လည်းကောင်း ဖြစ်နိုင်ခြေရှိပါတယ်။ လက်ရှိအခြေအနေအရ ပထမအချက်ကတော့ ဖြစ်နိုင် ခြေမရှိသလောက်လို့ ဆိုရပါမယ်။ ဘာလို့လည်းဆိုတော့ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက် မယ်လို့ NUG က ဆိုတယ်။ ဒါ့အပြင် ပြည်တွင်းက NLD ကလည်း ပါတီမှတ်ပုံလည်း ပြန်မတင်၊ ရွေး ကောက်ပွဲလည်း မဝင်ဆိုတော့ NLD နဲ့ NLD လိုလားသူတွေ တရားဝင်အစိုးရ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်သွားလို့ပါ။ NUG အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက် အမှားတွေကို ဝန်ခံပြီး ပြည်တွင်းနိုင်ငံရေးမှာ ပါဝင်လာရင်တော့ တစ်မျိုးပေါ့။ ဒါကလည်း လက်ရှိ သူတို့လုပ်ရပ်တွေအရ ဖြစ်လာစရာ မရှိပါဘူး။ အခုကြည့်ရတာက NUG ချမှတ်ထားတဲ့လမ်းကို ပြည်တွင်းပြည်ပ ပေါင်းပြီးကြံနေကြသလားတောင် မဆိုနိုင်ဘူး။ တော်လှန်ရေးပြီး ကြားကာလအစိုးရရောက်မှသာ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လွတ်မယ်ဆိုရင် ဒီတစ်သက် လွတ်ပါ့မလားတောင်မသိ။
ဒုတိယတစ်ချက်ကတော့ ဖြစ်နိုင်လောက်တဲ့ အခြေအနေပါ။ ရွေးကောက်ခံအစိုးရတစ်ရပ်ရဲ့ သဘာ၀ဟာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု အခြေအနေပေါ်မှာ မူတည်ပြီး ပြည်သူတွေရဲ့ဘဝကို သက်သာချောင်ချိစေတာပဲ ဖြစ်ပါတယ်။ ဒီသဘာဝအရ မိမိတို့ အခွင့်အရေး၊ တစ်ပါးသူတွေရဲ့ အခွင့်အရေးတွေ ရဖို့ ရွေးကောက်ပွဲအောင်မြင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူတွေရော၊ ခင်ဗျားတို့ မျှော်လင့်တောင့်တနေတဲ့ သူတွေပါ အကျိုးရှိမှာ ဖြစ်ပါတယ်။ NUG ရဲ့ နွေဦးတော်လှန်ရေးဆိုတာ အချိန်ကြာလာတာနဲ့အမျှ လေဖန်းဒါန်းစီးတဲ့ အဆင့်ဖြစ်သွားမှာဖြစ်တဲ့အတွက် လက်တွေ့အကျိုးကိုသာ ချဉ်းကပ်ဖို့ လိုပါလိမ့်မယ်။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )