ဆရာကြီးတို့ ပြန်လာပြီ

၂၀၂၅ ၊ မတ် ၂

    ဆရာကြီးပြန်လာပြီ ဟူသော သတင်းက တောမီးပမာ ပျံ့နှံ့သွားသည်။ ဆရာကြီးက အပြီးပြန်လာတာဟေ့ဆိုပြီး မြှောက်ပေးတဲ့လူကလည်း မြှောက်ပေးပြန်တော့ တော်လှန်ရေးစကား ပြောရလျှင် ဒါက ပြည်တော်ဝင်လာတာ ဖြစ်သည်။ သူ့ဟာသူ ခဏလာလည်တာလား၊ အဝင် အထွက်ကောင်းအောင် တစ်ကွက်ပြတာလား မသိသော်လည်း ဆရာကြီး ပြန်လာပြီဆိုသော သတင်းများအောက်တွင် ဆရာကြီး ပြန်လာတာ ကျွန်တော်တို့၊ ကျွန်မတို့ အားရှိပါတယ်ဆိုပြီး ဝိုင်းမှတ်ချက် ပြုကြလေသည်။ ဆရာကြီးတို့ကို အားပေးထောက်ခံကြသော သတင်းဌာနတွေကလည်း ဝါးတားတား ရိုက်ထားသော ဓာတ်ပုံတွေ ထုတ်ပြပြီး ဆရာကြီးကို ဝိုင်းပြီးကြိုဆို ကြလေသည်။ တချို့ကလည်းတွေ့လား သန်းမကြီး ခေါ်လိုက်တာနဲ့ ဆရာကြီးတွေ ပြန်ဝင်လာတာ တစ်ယောက်ပြီးတစ်ယောက် လာလိမ့်မယ် စောင့်ကြည့်ကြဆိုပြီး သုံးသပ်ကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ဆရာကြီးတို့ ပြန်လာကြပြီဖြစ်သည်။ မောင်ထူးမြတ်လေးကတော့ ဆရာကြီးတို့ အသိမပေးဘဲ တိတ်တိတ်လေး ပြန်ဝင်လာတာကို အံ့သြမိသည်။ တချို့ကလည်း အမေရိကားက ဆရာကြီးတို့ကို နှင်ထုတ်လိုက်လို့ပဲ ပြန်လာရသလိုလို သွားပုပ်လေလွင့် ဝေဖန်ကြသေးသည်။ အမေရိကားကလည်း သူ့နိုင်ငံထဲက ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားရင် ပြန်ဝင်လာလို့ရကြောင်း၊ ဖမ်းပြီး ပြန်ပို့ရင်တော့ ပြန်ဝင်လာလို့မရကြောင်း ပြောထားတာဆိုတော့ ဆရာကြီးတို့များ ဖမ်းပြီးပြန်ပို့မှာကြောက်လို့ ပြန်လာကြတာဟု ဆိုကြပြန်သေးသည်။ မည်သို့ပင် ဆိုစေကာမူ ဂျင်းပင်လေးနဲ့ ခေါက်ရိုးပင်မကြေသော အင်္ကျီအဖြူလေးနဲ့ ဆရာကြီးတို့ ပြန်လာပုံများ မဲဆောက်ကနေ ကမ်းကူးပြီး ဓာတ်ပုံလာရိုက်သလားဟု ထင်ရလောက်အောင် တကယ်ပြန်လာတာ ဖြစ်သည်။ 
    ထူးမြတ်တို့လို တော်လှန်ရေးဆရာကြီးတွေကို ကြည်ညိုရင်းစွဲ ရှိသူများအဖို့ကတော့ ဆရာကြီးတွေခုလို တိတ်တိတ်လေး ပြန်လာတာကို သဘောမကျချေ။တိုင်းပြည်ရဲ့ ရာခိုင်နှုန်း ၇၀ လောက်ကို သိမ်းထားတဲ့ တော်လှန်ရေးဆရာကြီးတွေအဖို့ ကိုယ်ပိုင်ဂျက်လေယာဉ် နဲ့ ရာခိုင်နှုန်း ၇၀ အတွင်းက ကြိုက်တဲ့လေဆိပ်ကို ရွေးဆင်းပြီး ပြန်လာလို့ရတာကို တိတ်တိတ်လေး ပြန်လာတာက ဘာသဘောလဲဟု မေးလိုက်ချင်သည်။ ခုခေတ်ကလည်း စပရိုက်တိုက်တယ်ဆိုတာ ခေတ်ထနေသည်။ စပရိုက်တိုက်ပေးတဲ့ အဖွဲ့တွေက အလုပ်အပ်သူ စိတ်ကြိုက်လူတွေဆီသွားပြီး စပရိုက်လိုက်တိုက်သည့် ရုပ်သံဖိုင် တွေ မကြာခဏ ကြည့်ဖူးသည်။ စပရိုက်တိုက်ခံရသူတွေကလည်း မျက်ရည်နဲ့မျက်ခွက် ငိုကြယိုကြရ သည်။ ခုလည်း ဆရာကြီးက ပြည်သူတွေကို စပရိုက်တိုက်တာ ဖြစ်နိုင်သည်။ အမေရိကားကနေ ဘွားခနဲ နယ်စပ်မှာ ဝါးတားတား ဓာတ်ပုံတွေရိုက်ပြီး ပြန်လာပြီဆိုတော့ အံ့သြရပြန်သည်။ တချို့ကလည်း ဆရာကြီး၏ လုံခြုံရေးကို စိတ်ပူကြသေးသည်။
    ဆရာကြီး၏ တည်နေရာများ သိသွားနိုင်သဖြင့် ဓာတ်ပုံတွေ မထုတ်ပြန်ကြဖို့ ပြောကြပြန်သည်။ ခုတလော လေကြောင်းတိုက်ခိုက်မှုဆိုတာက ခေတ်စားနေတော့ ဆရာကြီး မာလကီးယားသွားမှာ စိုးရိမ်ပုံရသည်။ ဒါကလည်း မဖြစ်နိုင်ခြေ။ ဆရာကြီးတို့ ဒေါ်လာသန်းချီသုံးထားသော လေကြောင်းရန် ကာကွယ်ရေး အော်လံကြီးတွေက အလုပ်ဖြစ်လှသည်။ "ဘယ်လေတပ်က  ပျံတက်လာတဲ့ ဂျက်ဖိုက်တာဟာ ဘယ်ဘက်ကို ဦးတည်ပျံသန်းနေပါတယ်''ဆိုတာမျိုး အော်လိုက်ရင် လေကြောင်း ရန်ကာကွယ်ပြီးသားဖြစ်လို့ ဆရာကြီးလည်း ကမ်းကူးပြီး အချိန်မီပြေးလို့ရသည်။ 
    ဆရာကြီးဆိုတာ အလကားဖြစ်လာတာမဟုတ်ချေ။ ဟိုတလောလေးကပင် ငလျင်လှုပ်ရာ ဒေသတွေကို အစိုးရကခွင့်ပြုရင် ချက်ချင်းလာပြီး ကယ်ဆယ်ရေးလုပ်ပေးမည်ဟု အသံလေး လွှင့်လိုက်သည်။ သိပ်မကြာလိုက် တောထဲက ဆရာကြီးဓာတ်ပုံတွေ တက်လာသည်။ တော်လှန်ရေးစပရိုက်များ လာတိုက်လေးသလားတောင် ထင်ရသေးသည်။ ဒီတော့ ဆရာကြီးတို့ မြန်မာပြည်ကို ဘာကြောင့် ပြန်လာကြသလဲဟု တော်လှန်ရေး ဘက်တော်သားတွေက သိလိုစိတ်ပြင်းပြလှသည်။ ငလျင်ကူညီကယ်ဆယ်ရေးအတွက် လာတယ်ဟု ဆိုရအောင်လည်း နယ်စပ်ဒေသတွေမှာ ငလျင်မလှုပ်တာကြောင့် မဖြစ်နိုင်ခြေ။ ဒါမှမဟုတ် ငလျင်ဘေးအတွက် ဒေါ်လာတစ်သန်း လာလှူတာလားဟု တွေးကြည့်ပြန်တော့လည်း လှူတာတန်းတာတွေ မတွေ့ရတာကြောင့် ဆရာကြီးတို့ ဘာများ ပြန်လာလုပ်ကြသလဲဆိုတာကို ပြည်သူက ပိုသိလိုတာဖြစ်သည်။ ဆရာကြီးကတော့ ဆေးပညာတွေ လာသင်ပေးတာဖြစ် ကြောင်း၊ ဆေးကုသမှုတွေ လာလုပ်ပေးတာဟု ပြောသည်။ လက်ကျန် ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေများ လာထိုးပေးတာလည်း ဖြစ်နိုင်သည်။ အစိုးရထိုးပေးတဲ့ ဆေးတွေ မထိုးချင်ဘူးလို့ ဟစ်ကြွေးခဲ့သူများ ဆရာကြီးရှိရာသို့ သွားရောက် ထိုးနှံနိုင်ကြောင်း သတင်းစကားပါးလိုသည်။ တချို့ကလည်း ဘယ်သူပြန်လာမှ ကာကွယ်ဆေးထိုးမယ်၊ ဘယ်သူပြန်လာမှ ဆေးကုမယ်ဆိုသူများ ဆရာကြီးထံ တုံကင်ယူပြီး သွားရောက်ကုသမှု ခံနိုင်ကြပြီ ဖြစ်သည်။ 
    တချို့ကလည်း ဆရာကြီး၏ဓာတ်ပုံကို အနုလုံပဋိလုံ ရှုစားကြပြီး ဆရာကြီးဓာတ်ပုံတွေက ဝါးတားတား ဖြစ်နေကြတာကြောင့် အရင်တုန်းက တောထဲမှာ ရိုက်တဲ့ပုံတွေ ဖြစ်နိုင်ကြောင်း၊ တချို့ကလည်း တောထဲမှာ မဟုတ်ကြောင်း နယ်စပ်မှာ ရုပ်တည်ကြီးနဲ့ ရိုက်ပြီး ဝါဒဖြန့်တာ ဖြစ်နိုင်ကြောင်း၊ အမေရိကားမှာ ငါးကြော် ရောင်းရုံဖြင့် ကြီးပွားချမ်းသာနိုင်ကြောင်း၊ 'အမေ့သား အိမ်ပြန်ရောက်ပြီ}လို့ ဖေ့စ်ဘုတ်မှာ ရေးတင်ကတည်းက အိမ်ပြန်ရောက်နေတာဖြစ်ကြောင်း သုံးသပ်ကြသည်။ ဒါတင်မကသေး ဟိုတလောက အမေရိကားက နှင်ထုတ်နေသူတွေကို အစိုးရက လက်ခံပေးမည်ဟု ထုတ်ပြန်ခဲ့ရာ ဆရာကြီးမှာလည်း နှင်ထုတ်ခံရသူများထဲက တစ်ဦးဖြစ်နိုင်ကြောင်း မှတ်ချက်ပြုကြလေသည်။ မဲဆောက်မှာ အမေရိကားက နှင်ထုတ်ခံရသူ ၂၉ ယောက် ရောက်ရှိနေကြောင်း၊ မကြာခင် ရောယောင်ပြီး မြေပြင်မှာ ပြည်သူနဲ့အတူရှိကြောင်း ဓာတ်ပုံတွေရိုက်ကာ အလှူခံရန် စီစဉ်နေကြောင်း သတင်းတွေ ဖြန့်ဖြူးကြလေသည်။ ဆရာကြီးတို့ကလည်း အမေရိကားသွားတုန်းက တိတ်တိတ်လေး ထွက်သွားပြီး ပြန်လာတော့လည်း တိတ်တိတ်လေး ပြန်လာကြတာကြောင့်  အားပေးထောက်ခံသူတွေ ဇဝေဇဝါ ဖြစ်ကုန်ကြတာ ဖြစ်သည်။ 
    မည်သို့ပင်ဆိုစေကာမူ ဆရာကြီးတို့ပြန်လာပြီဆိုတော့ ကြိုဆိုပွဲတွေလုပ်ကာ သူ့နည်းသူဟန့်နဲ့ ကြိုဆိုကြရပေတော့မည်။ ကြိုဆိုပွဲဆိုလို့ တိုင်းရင်းသားဒေသက ကြိုဆိုပွဲဓလေ့တစ်ခု သွားသတိရသည်။ တိုင်းရင်းသား ဒေသတစ်နေရာမှာ ခေါင်းဆောင်တစ်ယောက် ရောက်လာတိုင်း တိုင်းရင်းသား ဘာသာအရ သီချင်းတစ်ပုဒ် တည်းဆိုပြီး ကြိုဆိုကြသည်။ သီချင်းအဓိပ္ပာယ်က မြန်မာလို 'လူဆိုးပြောင်းလို့ လူကောင်းရောက်ပြီ'ဟူ၍ ဖြစ်သည်။ ဒီတော့ အသစ်ရောက်လာတဲ့ ခေါင်းဆောင်တစ်ယောက်က မနေသာတော့ဘဲ 'ခင်ဗျားတို့အရင်ခေါင်းဆောင်က တော်တော်များ ဆိုးသလားဗျ'ဟုမေးလေးရာ တိုင်းရင်းသားတွေက 'ဆိုးမဆိုးတော့မသိဘူး တစ်ယောက်ပြောင်းလာတာနဲ့ ဒီသီချင်းနဲပဲ ကြိုတာဗျ'ဟု ဖြေလေတော့သည်။ ခုလည်း တိုင်းရင်းသားဒေသတွေ၊ လွတ်မြောက်နယ်မြေ ဆိုတာတွေကို ရောက်လာသည့် ဆရာကြီးကိုလည်း ထိုသီချင်းနဲ့ ကြိုကြရမည်။ 
    ဆရာကြီးပြောသလို ထိန်းချုပ်နယ်မြေဆိုတော့ ဆရာကြီးတို့ တပည့်တပန်းလူယဉ်ကျေးတွေရှိရာ အညာဒေသတွေကိုလည်း ချီတက်ကာ အရောက်သွားသင့်သည်။အညာဆိုတော့လည်း အညာပီပီ ဆရာကြီးကို အညာသီချင်းလေးတွေနဲ့ ကြိုဆိုကြဖို့ တိုက်တွန်းလိုသည်။ ကြိုဆိုရေး သီချင်းတွေ အထူးတလည် စဉ်းစားနေစရာမလိုဘဲ ဟိုတလောက နာမည်ကြီးလာသော နှုတ်ခမ်းမွေးစစနဲ့ အဆို တော်၏ သီချင်းဖြင့် ကြိုဆိုသင့်သည်။ ဆရာကြီး အညာကို ရောက်လာရင် 'ရွာကိုလာလည် အညာကို လာလည် ခင်ဗျားကြီးကလူလည် ကျုပ်နှလုံးသားလေး အဖြူထည် လူမမယ်ကလေးတစ်ယောက်လို တော်လှန် ရေးအကြောင်း ဘာမှနားမလည်'၊ 'မုသားစကားနဲ့ အမေရိကားသွားလို့ လူအကြီးမှာ အသည်းတွေကွဲ ဇွတ်ပုံချစ်မိသမျှတွေ၊ လွှတ်ယုံမိခဲ့သမျှတွေ နုံချာတဲ့ ရွာသားမို့ပါ ယုံပါတယ် ခင်ဗျားပြောတဲ့စကားတွေ'ဆိုသည့် သီချင်းကို စုပေါင်းဆိုကြပြီး အညာတစ်ခွင်က အုတ်ဂူနီနီလေးတွေဆီ ဆရာကြီးကို  အလည်ခေါ်ကြစေလိုသည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43143

© 2022 - 2025 News. All Rights Reserved.