ဆရာထူး၏ ကျန်းမာရေး ကမ်ပိန်း

၂၀၂၅ ၊ စက်တင်ဘာ ၂၆

    တော်လှန်ရေးကြီး အချိန်အခါ ညောင်းလာ တော့ တချို့တွေများ လမ်းချင်းတူလို့ လူချင်းသြဇီမှာ သွားဆုံကြတာ အားကြဖွယ်ပင်ဖြစ်သည်။ တော်လှန်အနု ပညာရှင်တွေများ တစ်ယောက်ပြီးတစ်ယောက် လူချင်းဆုံကြတာ မြင်ရတော့ ထူးမြတ်တို့လို တော်လှန်ရေးဘက် တော်သားတွေရင်ထဲ ပီတိဂွမ်းဆီ ထိသလို ဝမ်းသာရပေသည်။ မကြာသေးမီရက်ပိုင်းကပဲ တော်လှန်အလှမယ် လေးတစ်ယောက် သြဇီကို ချောမောစွာ ရောက်ရှိသွားပြီး  ငှက်တစ်ကောင်နာမည်နဲ့ တော်လှန်မင်းသားလေးနဲ့ ဓာတ်ပုံတွဲရိုက်တာ လမ်းချင်းနီးသွားတဲ့အကြောင်း တော်လှန်ပြည်သူတွေကို သတင်းစကားပါးလာသည်။ တော်လှန်အလှ မယ်လေးကြည့်ရတာ အင်မတန် ပျော်ရွှင်နေပုံရသည်။ တောထဲမှာနေတုန်းကနဲ့မတူ ပို၍တောင် လှပ လာသေးသည်။ အလှမယ်လေးကလည်း တောထဲမှာ ပူတူတူးလေးတွေနဲ့ အတူတူနေပြီး မတော်လှန်နိုင် တာစိတ်မကောင်းဖြစ်မိကြောင်း၊ လုံခြုံရေးအရ သြဇီအထိ ရောက်လာရတာဖြစ်ကြောင်း တော်လှန်ရေးကြီးကို ရောက်လေရာ နိုင်ငံကနေ တော်လှန်သွားမည်ဟု ကတိပြုလေရာ မျက်ရည်လေးလည်တဲ့ အထိ ဝမ်းတောင်သာမိ သေးသည်။
    တော်လှန်အနုပညာရှင်တွေဆိုတာကလည်း တော်လှန်ရေးကြီး စပြီဆိုကတည်းက ပါဝင်လာလိုက်တာ နောက်ဆုံး တတိယနိုင်ငံတွေအထိ ရောက်တဲ့အထိ တော်လှန်နေဆဲ ဖြစ်တာကြောင့် ဂုဏ်တောင် ယူမိသေးသည်။ တော်လှန်အနုပညာရှင်တွေဆိုတာက သူ့ပရိသတ်နဲ့သူ ရှိပြီးသားဖြစ်သည်။ တော်လှန်ရေးကြီးစတော့ တော်လှန်ဒါရိုက်တာကြီးတစ်ယောက် တောထဲမှာ မြေအိုးလေးတစ်လုံးနဲ့ ချက်ပြုတ်စားသောက်ပြနေရတာမြင်တော့ ပြည်သူတွေ စိတ်မကောင်း ဖြစ်ရသည်။ ဝက်သားလေး သုံး၊ လေးတုံးလောက်ကို မြေအိုးထဲထည့်ချက်ပြီး ချို့ချို့တဲ့တဲ့ စားသောက်နေရတာမြင်တော့ ထူးမြတ်တို့လို ပရိသတ်တွေရင်ထဲ မချည့်အောင် ခံစားရသည်။ သိပ်တော့ မကြာလိုက်ပါ တော်လှန်ဒါရိုက်တာကြီး အိုင် ဖုန်းဖြင့် ရိုက်ကူးထားသော တော်လှန်ဇာတ်ကားတွေ နိုင်ငံတကာမှာ ရုံတင်ရင်း တတိယနိုင်ငံတစ်ခုမှာ ခိုလှုံခွင့်ရသွားလေသည်။ ဒီလို တွေ့ရပြန်တော့လည်း စိတ်ချမ်းသာစရာဖြစ်သည်။
    သြဇီရောက်သွားတဲ့ အလှမယ်လေးဆိုရင်လည်း တောထဲမှာ ပြောက်ကျားယူနီဖောင်းလေးဝတ်၊ အိပ်ရေးမဝသည့် မျက်နှာလေးနဲ့ ငိုငိုပြနေတာ မြင်ကတည်းက စိတ်မကောင်းဖြစ်ရသည်။ နုနုရွရွ အလှမယ်လေးဖြစ်ပြီး တောထဲမှာခြင်ကိုက်၊ မွှားကိုက်၊ ဖြုတ်ကိုက်နဲ့ အလှမယ်ရုပ်ပင် မပေါက်တော့ဘဲ သားငယ်ကိုစွန်ချီ၊ လင်ကိုမြွေကိုက်သည့် မပဋာမြေလူးရုပ်လေးဖြစ်နေတာ မြင်ပြီး ရင်ထဲမှာ မချည့်အောင် နာခဲ့ရသည်။ ခုတော့လည်း နတ်ရေကန်ထဲ ခုန်ချလိုက်သလား ထင်ရသည်။ ခုတော့လည်း ဆစ်ဒနီမြို့ တော်ကြီးကနေလှမ်းပြီး တော်လှန်ပေးမည်ဟု ကတိပြုလေတော့လည်း ရေခြားမြေခြားမှာ တော်လှန်အလှမယ်လေး အဆင်မှပြေပါ့မလားစိတ်ပူသေးသည်။
    တောထဲမှာနေတာထက်တော့ အဆင်ပြေမည်ဟု ထင်သည်။ လိုရမယ်ရတော့ တောထဲက ယူနီဖောင်းလေးတွေ ယူသွားစေချင်သည်။ ယူနီဖောင်းလေးတွေဝတ်ပြီး သြဇီမှာ ဓာတ်ပုံရိုက်ကာ တော်လှန်စာလေးတွေ မကြာခဏ ရေးစေချင်သည်။ ဒါမှလည်း ထူးမြတ်တို့ အလွမ်းပြေမှာ ဖြစ်သည်။
    ခုတလော တော်လှန် အဆိုတော်ကြီးနှင့် တော်လှန်သရုပ်ဆောင် အဆိုတော်တို့ ဇနီးမောင်နှံ နှစ်ယောက်အမေရိကားမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ အလုပ်ရှုပ်နေကြသည်။ ကလေးတွေရဲ့ ပညာရေးကြောင့် တတိယနိုင်ငံဆီသို့ မသွားချင်သွားချင်နဲ့ အတင်းပို့ကြလို့သွားရပါကြောင်း မျက် ရည်လည်ရွှဲဖြင့် အဆိုအငို ကောင်းကောင်းဖြင့် ဖေ့စ်ဘုတ်ကနေ ပြောပြတော့ ဝမ်းနည်းဝမ်းသာကြီး ဖြစ်မိသေးသည်။ ကျောင်းမတက်နဲ့ ကျောင်းထွက်ဆိုပြီး အော်ကြဟစ်ကြရင်း ကျောင်းမတက်နဲ့ဆိုတာ မြန်မာပြည်က ကျောင်းပြောတာဖြစ်ပြီး အမေရိကားတို့၊ သြဇီတို့၊ ဂျပန်တို့က ကျောင်းတွေမှာ တက်လို့ရတာဖြစ်သည်။ ဒါကြောင့် တော်လှန်အနုပညာရှင်တွေရဲ့ မျိုးဆက်ကလေးလေးတွေကို ကျောင်းထားဖို့ မြန်မာ ပြည်ကနေ မိုင်းပေါင်းထောင်ချီ ဝေးကွာသည့် ဆွေမရှိ မျိုးမရှိ နိုင်ငံရပ်ခြားကိုသွားပြီး ချို့ချို့တဲ့တဲ့ ကျောင်းသွားထားကြတာ မြင်တော့လည်း သားသမီးချင်း ကိုယ်ချင်းစာ မိပြန်သည်။ တော်လှန်အနုပညာရှင် ဇနီးမောင်နှံတို့ အလုပ်နဲ့လက်နဲ့ ပြတ်သည်ဟူ၍မရှိ အမေရိကားတစ်ခွင် ပြဲပြဲစင်အောင် သီချင်းတွေပတ်ဆိုရင်း တော်လှန်ရန်ပုံ ငွေတွေရှာနေရသည်။ တစ်နေ့ကပဲ ဟိုအန်တီကြီးရဲ့ဓာတ်ပုံကို လေလံတင်ကြပြန်သေး သည်။ တော်လှန် ရေးကာလတစ်လျှောက် အန်တီကြီးကို ပြပြပြီး တော်လှန်လာလိုက်ကြတာ တချို့ဆို ပြည်ပကနေ အိုးမကွာအိမ်မကွာ တော်လှန်နေကြပြီ ဖြစ်သည်။
    ခုဆိုရင် ပြည်သူချစ်သော တော်လှန်အနုပညာရှင်တွေ အားလုံးနီးပါးလောက် တတိယနိုင်ငံတွေကို အေးချမ်းသာယာစွာ ရောက်ရှိသွားပြီး တော်လှန်ရေး တတိယပိုင်းကို စတင်နေကြပြီ ဖြစ်သည်။ မဲဆောက်မှာတော့ တော်လှန်လူရွှင်တော် အချို့လောက်သာ ကျန်တော့သည်။ တော်လှန်အနုပညာရှင်တွေအားလုံး လမ်းချင်းနီးစေလိုသော စေတနာဖြင့် လက်ကျန်တော်လှန်အနု ပညာရှင်တွေကိုလည်း ခေါ်သွားကြစေလိုသည်။ ဒါမှလည်း လူစုံတက်စုံ တစ်ယောက်နဲ့တစ်ယောက် လမ်းနီးပြီး လူချင်းဆုံကြမှာ ဖြစ်သည်။ ဒါမှလည်း လူစုံတက်စုံ အနုပညာအလုပ်တွေလုပ်ရင်း တော်လှန်နေလို့ရမှာ ဖြစ်သည်။ ခုတလော သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ မြန်မာ့တော်လှန်ရေးကားတွေ ရုံတင်တာ ခပ်စိတ်စိတ် တွေလာရသည်။ မြန်မာ့ရုပ်ရှင်တွေ ကမ္ဘာကို စတင်ထိုးဖောက်နေတာ မြင်ရတော့လည်း ဝမ်းသာရပြန်သည်။ အခန့်သင့်ရင် သက်ဆိုင်ရာ နိုင်ငံတွေကပေးသည့် အနုပညာထူးချွန်ဆုတွေတောင် ရနိုင်သေး သည်။ တော်လှန်ဇာတ်ကားတွေ များများရိုက်ပြီး ရုံတင်ကြစေလိုသည်။
    ခုတလော တော်လှန်ရေးဘက်တော်သား မောင်ထူးမြတ်လေးတစ်ယောက် ကမ္ဘာ့မြေပုံကြီး ထိုင်ကြည့်ပြီး လွမ်းသလို ဆွေးသလိုကြီး ခံစားနေရသည်။ တစ်လှိုင်းပြီးတစ်လှိုင်းလာမယ်တို့၊ တစ်မြို့ပြီးတစ် မြို့သိမ်း ပြမယ်တို့၊ နောက်ဆုံးလှိုင်း အိမ်ပြန်မယ့် လှိုင်းတို့၊ ပြည်တော်ဝင်မယ်တို့ဆိုပြီး ပြောကြတဲ့ တော်လှန်ရေး ဦးသျှောင်ကြီးတွေ၊ တော်လှန်အနုပညာရှင်ကြီးတွေ  ရေခြားမြေခြားရောက်သွားကြပြီး ပြည်တွင်းမှာ ကိုယ်တစ်ယောက်တည်း ထိုင်တော်လှန်နေသလို ခံစားရသည်။ တစ်ယောက်ပြီးတစ်ယောက် မိသားစုလိုက်ကြီး နိုင်ငံတကာထွက်သွားပြီး နိုင်ငံတကာကနေ တော်လှန်ရေးလုပ်နေကြတာ အားရဖွယ်ကောင်းလှသည်။ ဘာပဲဖြစ်ဖြစ် ခဏခဏ ကျန်းမာရေးချို့ယွင်းနေတတ်သော အန်တီကြီး လည်း ရှိနေသေးတာပဲဟု စိတ်ဖြေရသေးသည်။
    အန်တီကြီး နေမကောင်းဖြစ်တယ်လို့ သတင်းတွေတက်လာရင် စိတ်ပူနေကြသူများစုပြီး တော်လှန်ရေးဘက်တော်သား မောင်ထူးမြတ်လေးကို ကျန်းမာရေးဒေါ်လာတွေ ပေးပို့လှူဒါန်းလို့ရသည်။ တော်လှန်ရေးအတွက် ပြည်ပမှာသွားပြီး ရွပ်ရွပ်ချွံချွံ မတော်လှန် နိုင်တဲ့အတွက် အားနာမိ သည်။
    တတ်နိုင်တဲ့ဘက်က ခဏခဏ နေမကောင်း ဖြစ်တတ်တဲ့ အန်တီကြီးအတွက် 'အန်တီကြီး ကျန်းမာရေး ဒေါ်လာတွေနဲ့ လှမ်းကူပေး' ကမ်ပိန်းလေး စတင်လိုက်ချင်သည်။ ဒေးဝမ်း။   
( ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 55

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53007

© 2022 - 2025 News. All Rights Reserved.