တောင်ပြုန်းပွဲတော်နှင့် နတ်အကဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများ

၂၀၂၅ ၊ ဩဂုတ် ၁၆
    နတ်များအား ပူဇော်ပသသည့် ဓလေ့သည် ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ လူမျိုးအများစုတွင် တစ်နည်းတစ်ဖုံဖြင့် ဖြစ်ထွန်းလျက်ရှိပါသည်။ မြန်မာနိုင်ငံ၌ ပုဂံခေတ် သေဉ်လည်ကြောင် မင်း(အေဒီ ၃၄၄-၃၈၇)လက်ထက်က စတင်၍ အကြီးကျယ်ဆုံး နတ်ပွဲကြီးများကို စတင်ကျင်းပခဲ့ပါသည်။ အနော်ရထာမင်း (အေဒီ ၁၀၄၄ -၁၀၇၇)ခဲ့ပါသလက်ထက်တွင် ရွှေဖျဉ်းညီနောင် နတ်ပူဇော်ပွဲများကို မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုန်းရွာ၌ ခမ်းနားကြီးကျယ်စွာ စတင်ကျင်းပစေည်။ တစ်ခါတစ်ရံတွင် နတ်ကိုးကွယ်ခြင်း၊ ယဇ်ပူဇော်ခြင်းများ လွန်ကဲဆိုးရွားလာမှုကြောင့် အနော်ရထာမင်း (အေဒီ ၁၀၄၄ -၁၀၇၇)၊ ဘုရင့်နောင်ကျော်ထင်နော်ရထာ (အေဒီ ၁၅၅၄-၁၅၈၁)၊ အနောက်ဘက်လွန် မင်းတရားကြီး (အေဒီ ၁၆၁၆-၁၆၂၈) နှင့် ဟံသာဝတီရောက်မင်း(အေဒီ ၁၇၃၃-၁၇၅၂)တို့ လက်ထက်တွင် မင်းအာဏာဖြင့် နှိမ်နင်းခဲ့ရမှုများလည်း ရှိခဲ့ပါသည်။
    ဘကြီးတော်(စစ်ကိုင်းမင်း)(အေဒီ ၁၈၁၉-၁၈၃၇)လက်ထက်တွင် ခေတ်အဆက်ဆက်၌ ကျင်းပခဲ့သည့် နတ်ပွဲအစီအစဉ်များနှင့် သီချင်းများကို မြဝတီမင်းကြီး ဦးစအား စိစစ် ပြုစုစေခဲ့ပါသည်။ ထို့ပြင် နတ်တို့၏ ဝတ်စားဆင်ယင်ပုံ၊ နတ်တို့အား ပူဇော်ပသပုံ၊ နတ်အက  ကပုံနှင့် တူရိယာများဖြင့် သီဆိုတီးမှုတ်ပုံတို့ကို  စနစ်တကျ ဖြစ်စေရန် စီစဉ်ခဲ့ပါသည်။ ထို့ကြောင့် ကုန်းဘောင်ခေတ် နတ်ပူဇော်ပွဲများတွင် နတ်ဆိုင်းများကို တိကျတွင်ကျယ်စွာ အသုံးပြုခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
 ရှေးမြန်မာမင်းများ လက်ထက်တွင် နတ်များကို စနစ်တကျ စာရင်းသတ်မှတ်ရာတွင် ၃၇မင်းအထိသာ တရားဝင် သတ်မှတ်ခဲ့ပြီး ပွဲတော်များကို တစ်နှစ်လျှင် ရှစ်ပွဲအထိ ကျင်းပခွင့်ပြုခဲ့ပါသည်။ အများအားဖြင့် ဒီဇင်ဘာနှင့် မတ်လများတွင် ကျင်းပလေ့ရှိပြီး ဝါတွင်းကာလများဖြစ်သော ဇူလိုင်လနှင့် သြဂုတ်လများတွင်လည်း ကျင်းပလေ့ရှိပါသည်။ ပွဲတော်များအနက် တောင်ပြုန်းပွဲတော်သည် အရေးအကြီးဆုံးဖြစ်ပြီး တောင်ပြုန်းရှိ နတ်နန်းများသည် မြန်မာနိုင်ငံတွင် အထူးအရေးပါသော နတ်နန်းများ ဖြစ်ကြသည်။ တောင်ပြုန်းရှိ နတ်နန်းများကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် လက်ဆင့်ကမ်း အမွေခံ နတ်နန်းထိန်းကြီးများနှင့် နတ်ဆိုင်းဆရာကြီးများ ရှိသည်ကိုလည်း လေ့လာတွေ့ရှိရပြီး ၎င်းင်းတို့၏ အမည်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


နတ်နန်းထိန်းကြီးများ
ပထမအကြိမ်    -    မိုးကောင်းဒေဝီနှင့် မိုင်းယင်းဒေဝီ။
ဒုတိယအကြိမ်    -    မိုင်းယင်းဒေဝီနှင့် ပုဂံမင်းထင်ဇေယျ။
တတိယအကြိမ်    -    ဦးရွှေဘွားနှင့် မန္တလေးဘိုးတော်၏ တူမအရင်း အမေဌေး(ခ)ဌေးမမတို့၏ 
တစ်ဦးတည်းသော သမီးဖြစ်သူ ဒေါ် ဆွဲမိ (ခ) ဒေါ်ဆွဲ။
စတုတ္ထအကြိမ်    -    ဆင်မှူးဗိုလ်မှူး စောခွန်သိုက်နှင့် ဒေါ် ဆွဲမိတို့၏သား ဗိုလ်မှူးသောကြာ။
ပဉ္စမအကြိမ်    -    ဗိုလ်မှူးသောကြာနှင့် မြဝတီမင်းကြီး၏ နှမတော် ထွေးငယ်ငယ်တို့၏ သား 
များဖြစ်ကြသော သဘင်ဝန် ဦးနု၊ ဒေ၀ ကျော်စွာ ဦးတရုတ်ကလေးနှင့် ဦးထွန်း 
(ခေါ်) နန်းထွန်း။
ဆဋ္ဌမအကြိမ်    -    သဘင်ဝန်ဦးနုနှင့် စောမြတ်ကလျာ တို့၏တစ်ဦးတည်းသောသမီး အမေစို (ခ) 
စိုစို။

နတ်ဆိုင်းဆရာကြီးများ(နတ်နန်းပေါ်တွင် စတင်တီးမှုတ် ပူဇော်ခဲ့သူများ)
၁။    -        ဦးတရုတ်ကလေး ]ပÍ္စမမြောက်နတ် နန်းထိန်း (ဘိုးတော်ဘုရားက ဒေ၀ 
ကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သည်)
၂။ ဦးဖိုးသာ    -    ဦးတရုတ်ကလေး၏သား(မင်းတုန်းမင်း က ဒေဝကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သည်)
၃။ ဦးဆင်    -    ဦးဖိုးသာ၏သား (သီပေါမင်းက ဒေ၀ကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သည်)။
၄။ ဦးပြေ့    -    ဦးဆင်၏တူ (ဝန်ကြီးချုပ်ဦးနုက ဒေ၀ ကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သည်)။
၅။ ဦးကျော်ညွန့်-     ဦးပြည့်၏သား။

 
    တောင်ပြုန်းပွဲတော်တွင် တောင်ပြုန်းအရှင် နတ်နှစ်ပါး၏ တက်ပွဲချော့ပွဲကျင်းပရန် စတင်တီးမှုတ်သည့်အခါ ပထမဦးစွာ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးနောက် အထက်နတ်များကို ပင့်ဖိတ်ကာ ဆိုင်းအတွက် လမိုင်းနတ်တင်ပါသည်။ ထို့နောက် နတ်ကနားဆိုင်း၏အစချီကို ယဉ်မွန်ဆေးလေး၊ ရီရီဆိုင်းဆိုင်း တီးကွက်များဖြင့် ဧည့်ခံတီးမှုတ်ကြပြီး သပြေခံကို စတင်တီးမှုတ် ကြသည်။ ထို့နောက် နတ်အကြောင်းနှင့် သက်ဆိုင်သည့် သီချင်းများကို အခြေအနေနှင့် အချိန်အခါကို ကြည့်ပြီး ဆီလျော်သလို တီးမှုတ်ကြပါ သည်။
    ရွှေဖျဉ်းညီနောင်နှစ်ပါး၏ နတ်နန်းပေါ်တွင် နတ်ကနားပွဲ ကျင်းပရာတွင် နတ်ကတော်တို့က ပင့်ဖိတ်သဖြင့် ကြွရောက်လာဟန် ကပြသရုပ်ဆောင်ရသည့် နတ်ကတော်တို့အတွက် ဆိုင်းဆရာသည် သက်ဆိုင်ရာ နတ်တို့နှင့် လိုက်လျောညီထွေ ဖြစ်စေရန် တီးမှုတ်ပေးရသည်။ ထို့အတူ နတ်ကတော်တို့၏ ကကြိုးကကွက် ကောင်းမွန်စေရန်နှင့် သီဆိုကခုန်မှု ကောင်းမွန်စေရန်အတွက်လည်း နတ်ဆိုင်းဆရာတို့က ပို့ ဆောင်ပေးရပါသည်။ နတ်ဆိုင်းများ၏ တီးချက်တို့သည် မြန်ဆန်သွက် လက်သည့်အလျောက် နတ်ချင်းအဆို၊ အကတို့သည်လည်း သွက်လက်စွာ သီဆိုကပြလေ့ ရှိကြပါသည်။
    အစဉ်အလာအရ(၃၇)မင်းနတ်ချင်းများအား ပူဇော်ပသခဲ့ရာမှ ကုန်းဘောင်ခေတ် စဉ့်ကူးမင်း (အေဒီ ၁၇၇၆-၁၇၈၂) လက်ထက်သို့ ရောက်သောအခါ အမြင့်သဘင် တိုးတက်ထွန်းကားလာချိန်မှ စတင်၍ သဘင်အနုပညာတင်ဆက်မှုများတွင် နတ်ပူဇော်သည့် ဓလေ့များ စတင်ထွန်းကားလားခဲ့သည်။ ထို့နောက် ရိုးရာနတ်များအား ပူဇော်ပသသည့် ဓလေ့သည် မြန်မာ့သဘင် လောကသို့ ရောက်ရှိခဲ့ပြီး ဇာတ်သဘင် ဖျော်ဖြေတင်ဆက်ရာတွင် နတ်ကတော်အကနှင့် အပျိုတော်အကဟူ၍ သိသာထင်ရှားစွာ နေရာယူလာခဲ့ပါသည်။ 
    ပုဂံခေတ်မှ စတင်ခဲ့သည့် တောင်ပြုန်းပွဲတော် ၏ နောက်ခံသမိုင်းကြောင်းတွင် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအနုပညာနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဓလေ့ထုံးစံများ ထင်ဟပ်လျက်ရှိပါသည်။  တောင်ပြုန်းပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်ကျော် ၁ ရက်အထိ ကျင်းပလေ့ ရှိပါသည်။ ပွဲတော်ရက်တွင် ပြုလုပ်သည့် အစီအစဉ်များမှာ ကန်တော့ခံပွဲ၊ ညညီလာခံပွဲ၊ ချိုးရေတော်သုံးပွဲ၊ နန်းတက်ပွဲ၊ ယုန်ထိုးပွဲ၊ ထိန်ခုတ်ပွဲ၊ ပခန်းမင်းပို့ပွဲနှင့် ရွှေဘုံဆင်းပွဲတို့ဖြစ်ကြပါသည်။ ပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်၍ ပါဝင် ဆင်နွှဲလေ့ရှိကြပြီး ဈေးဆိုင် ခန်းများဖွင့်လှစ်ကာ ဒေသထွက်ပစ္စည်းများ၊ မြန်မာ့ရိုးရာမုန့်များ၊ အလှအပပစ္စည်းများနှင့် အထည်အမျိုးမျိုးတို့ကို ရောင်း ချသူများဖြင့် လွန်စွာစည်ကားလှပါသည်။ 
    ယခုနှစ်တွင်လည်း တောင်ပြုန်းပွဲတော်ကို အစဉ်အလာမပြတ် ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ သွေးချင်းညီအစ်ကို မောင်နှမများက ရိုးရာမပျက် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်ကို စာရေးသူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါသည်။ ထို့ပြင် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်က စတင်သတ်မှတ်ပေး ခဲ့သည့် နတ်အကဆိုင်ရာ ဖျော်ဖြေ တင်ဆက်မှုများကို လည်း သမားစဉ်မပျက် တီးခတ်ကာ ပွဲတော်သို့ လာရောက်ကြသူများကလည်း ပါဝင်သီဆိုကခုန်လျက်ရှိဆဲ ပင်ဖြစ်ကြောင်း ကြည်နူးဝမ်း မြောက်ဖွယ်ရာ မြင်တွေ့ခံစားခဲ့ရသည်ကို ဝေမျှအပ်ပါသည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49461

© 2022 - 2025 News. All Rights Reserved.