ထရမ့်ကြောင့် တရုတ်နဲ့ အိန္ဒိယ ပိုမို နီးကပ်လာမှာလား

၂၀၂၅ ၊ ဩဂုတ် ၁၅
မေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတဖြစ်လာချိန်ကတည်းက သွင်းကုန်အခွန်စည်းကြပ်မှုတွေကို နိုင်ငံတကာ အခင်းအကျင်းတွေမှာ လက်နက်တစ်ခုအဖြစ် တောက်လျှောက် အသုံးချလာခဲ့ပါတယ်။ သူ့အလိုကို ဆန့်ကျင်ရင်၊ သူသဘောမတွေ့ရင် သက်ဆိုင်ရာ နိုင်ငံကနေ အမေရိကန်ဆီ တင်ပို့တဲ့ ကုန်စည်တွေအပေါ် အခွန်တွေ အမြောက်အမြား တိုးမြှင့်စည်းကြပ်တာဟာ ထရမ့်အတွက် အင်မတန် သည်းခြေကြိုက်ဖြစ်နေပြီး တကယ်လည်း ထိရောက်အားကောင်းတဲ့ လက်နက်တစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ ကိုယ်ရထားတဲ့ အားသာချက်တစ်ခုကို လွန်လွန်ကဲကဲ အသုံးချနေတာက ဘေးထွက်ဆိုးကျိုးတွေ မရှိတာတော့ မဟုတ်ပါဘူး။
    အာရှတိုက်ဘက်ကို မျှော်ကြည့်တဲ့အခါ တရုတ်ရဲ့ သြဇာကြီးမားလာမှုဟာ အမေရိကန်အစိုးရ အဆက်ဆက်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီတော့ အမေရိကန်ဟာ ဒေသတွင်းမှာ တရုတ်ရဲ့ စစ်ရေး၊ သံတမန်ရေး အင်အားတွေ ဖြန့်ကြက်နိုင်မယ့် အလား အလာ မှန်သမျှကို ချိုးနှိမ်ဖို့ ကြိုးစားခဲ့တယ်။ အမေရိကန်မှာ ဂျိုးဘိုင်ဒန်က သမ္မတအဖြစ် တာဝန်ယူနေချိန်မှာတော့ အဲဒီ ရည်မှန်းချက်အတွက် အိန္ဒိယဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
    တရုတ်နဲ့ အိန္ဒိယတို့ဟာ တင်းမာတဲ့ အားပြိုင်မှုတွေ ရှိခဲ့သလို နှစ်နိုင်ငံလုံးကလည်း အာရှရဲ့ စူပါပါဝါတွေအဖြစ် ကိုယ်စီမာနတွေ အသီးသီး စွဲကိုင်ထားကြပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ နယ်စပ်အငြင်းအခုံကို အကြောင်းပြုပြီး နှစ်နိုင်ငံကြားမှာ သွေးထွက်သံယို စစ်ရေးပဋိပက္ခမျိုးပါ ဖြစ်ပေါ်ခဲ့ပါ တယ်။ အဲဒီနောက်ပိုင်း တရုတ်နဲ့အိန္ဒိယ ဆက်ဆံရေးဟာ သိသိသာသာ ဆိုးရွားလာခဲ့ပါတယ်။ အမေရိကန်မှာ ဘိုင်ဒန်ရဲ့ အစိုးရ အာဏာရနေတုန်းကတော့ အိန္ဒိယနဲ့ ဆက်ဆံရေးကို မြှင့်တင်ပြီး အင်ဒို-ပစိဖိတ် ဒေသမှာ တရုတ်ကို ဟန့်တားမယ့် မဟာဗျူဟာ မိတ်ဖက်အဖြစ် အသုံးချခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်လက် ထက်မှာတော့ အိန္ဒိယ-အမေရိကန် ဆက်ဆံရေးဟာ ခပ်မြန်မြန်ပဲ အားလျော့သွားပါတော့တယ်။ ထရမ့် ဟာ အိန္ဒိယအပေါ် သဘောမတွေ့တဲ့ အကြောင်းတရားတချို့လည်း ရှိနေပါတယ်။ ဥပမာ ကမ္ဘာ့စီးပွားရေး နယ်ပယ်မှာ အမေရိကန်နဲ့ အနောက် အုပ်စုနိုင်ငံတွေ ကြီးစိုးထားတာကို သဘောမတွေ့တဲ့ နိုင်ငံတွေ စုပေါင်းထားတဲ့ BRICS အဖွဲ့ထဲမှာ အိန္ဒိယပါဝင်နေတာမျိုးကို ထရမ့်က မျက်စိစပါးမွေး စူးနေဟန် ရှိပါ တယ်။ အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကို သွင်းကုန်အခွန်စည်းကြပ်မှုတွေ မတူညီဘဲသတ်မှတ်တဲ့အခါ ထရမ့်က အိန္ဒိယကို ၂၅ ရာခိုင်နှုန်း အခွန်နှုန်းထား ကောက်ယူမယ်လို့ ကြေညာခဲ့ပါတယ်။
    ဒါပေမဲ့ ကိစ္စတွေက ရိုးရိုးရှင်းရှင်း မဟုတ်ဘဲ အိန္ဒိယအပေါ် သီးခြားကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းကို ထပ်မံစည်းကြပ်မယ်လို့ ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ အိန္ဒိယရဲ့ သွင်းကုန်တွေဟာ အမေရိကန်ကို တင်ပို့ချိန်မှာ တန်ဖိုးရဲ့ ရာခိုင်နှုန်း ၅၀ ထိ အခွန်စည်းကြပ် ခံရမှာပါ။ ဒါဟာ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် အမေရိကန်က သတ်မှတ်တဲ့ အခွန်နှုန်းထားတွေထဲမှာ အမြင့်ဆုံး စာရင်းဝင် ဖြစ်လာပါတယ်။ သီးခြား အခွန်ထပ်တိုးတဲ့အကြောင်း ပြချက်ကတော့ အိန္ဒိယဟာ ရုရှားဆီက နေ ရေနံကို ဆက်ဝယ်နေတာကြောင့်လို့ ထရမ့်ကပြောပါတယ်။
    အိန္ဒိယဟာ ရုရှား-ယူကရိန်း စစ်ပွဲ စတင်ချိန် နောက်ပိုင်း အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ဖိအားပေးမှုကို ဖီဆန်ရင်း ရုရှားဆီကနေ ဆက်ပြီးရေနံတွေ ဝယ်ယူနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှစ်ပြီးတစ်နှစ် ဝယ်ယူတင်သွင်းတဲ့ ပမာဏကိုတော့ လျှော့ချလာခဲ့ပါတယ်။ ထရမ့်က အိန္ဒိယသာ ရုရှားရေနံတွေ ဆက်ပြီးဝယ်နေဦးမယ်ဆိုရင် အခွန်တိုးကောက်မယ်လို့ ကြိုတင်ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယကလည်း နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုထားတဲ့ အရောင်းအဝယ် ကိစ္စတွေကို ချက်ချင်းရပ်တန့်လို့ မရနိုင်ဘူးဆိုတာ ပြေရာပြေကြောင်း ရှင်းပြခဲ့သလို ရုရှားရေနံတွေကို ဆက်ပြီး တင်သွင်းနေခဲ့ပါတယ်။ အဲဒီနောက် ထရမ့်က သီးခြားအခွန် ၂၅ ရာ ခိုင်နှုန်းထပ်တိုးမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ကြေညာလိုက်တော့တာပါပဲ။
    စိတ်ဝင်စားစရာ တစ်ခုက အဲဒီကြေညာချက် ထွက်ပေါ်လာပြီး နာရီအနည်းငယ် အကြာမှာပဲ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ တရုတ်နိုင်ငံကို တရားဝင် သွားရောက်မှာ ဖြစ်တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ မိုဒီဟာ ၂၀၁၈ တုန်း က တရုတ်နိုင်ငံကို နောက်ဆုံးအကြိမ် သွားရောက်ခဲ့ဖူးပြီး ၂၀၂၀ နယ်စပ် ပဋိပက္ခအပြီးမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေးက အဆိုးဘက်ကို ဦးတည် သွားခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်က တရုတ်ကိုရော၊ အိန္ဒိယကိုပါ ရန်လိုတဲ့ မူဝါဒတွေ ကျင့်သုံးလာတဲ့ အခြေအနေမှာတော့ တစ်ချိန်က ပြိုင်ဘက်ဖြစ်ခဲ့တဲ့ အာရှအင်အားကြီး နှစ်နိုင်ငံဟာ တင်းမာမှုတွေကို ဖြေလျှော့ဖို့ စိတ်တူကိုယ်တူ ခြေလှမ်းပြင်လာဟန်ရှိပါတယ်။
    တရုတ်ရဲ့ တီယန်ကျင်းမြို့မှာ သြဂုတ်လကုန်ကျရင် ကျင်းပမယ့် ရှန်ဟိုင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ရဲ့ ညီလာခံကို မိုဒီကိုယ်တိုင် တက်ရောက်မယ်ဆိုတာက တရုတ်-အိန္ဒိယ ဆက်ဆံရေးဟာ ပြန်လည် နွေးထွေးတဲ့ လမ်းကြောင်းဆီ ဦးတည်နေ တယ်လို့ မြင်သာစေပါတယ်။ ထရမ့်က အိန္ဒိယကို သီးခြားအခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်သလိုပဲ ရုရှားဆီက ရေနံ ဆက်ဝယ်နေတဲ့ နောက်ထပ် နိုင်ငံတွေကိုလည်း အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီတော့ ရုရှားရေနံကို ဆက်ဝယ်နေတဲ့ တရုတ်ဆီကိုလည်း စက်ကွင်း ကျရောက်လာနိုင်ခြေတွေ ရှိနေပါတယ်။
    အိန္ဒိယကတော့ အမေရိကန်နဲ့ ဆက်ပြီးညှိ နှိုင်းသွားမယ်လို့ ပြောထားပေမယ့် အမေရိကန်ဆီက စစ်လက်နက်တွေ ဝယ်ယူဖို့ ဆွေးနွေးနေတာတွေကို ဆိုင်းငံ့လိုက်ပါတယ်။ ပြီးတော့ အိန္ဒိယကာကွယ်ရေးဝန် ကြီးက လက်နက်ဝယ်ယူရေးကိစ္စ ဆွေးနွေးဖို့ ဝါရှင်တန် ဒီစီကို သွားရောက်မယ့် ခရီးစဉ်ကိုပါ ပယ်ဖျက်လိုက်ပါတယ်။ ထရမ့်ဟာ အိန္ဒိယကို ဆန့်ကျင်တဲ့ ခြေလှမ်းတွေ သိသိသာသာ အစပြုလာတဲ့အပြင် အိန္ဒိယရဲ့ ခါးသီးရန်ဘက် ပါကစ္စတန်နဲ့ ဆက်ဆံရေးကိုလည်း မြှင့်တင်လာနေပါတယ်။ ဒီအခြေအနေတွေဟာ အိန္ဒိယအနေနဲ့ အမေရိကန်ကို ယုံစားလို့ မရတော့ဘူးဆိုတဲ့ လက်တွေ့ အမှန်တရားကို ပိုမို သိမြင်စေပြီး တရုတ်နဲ့ ပိုနီးကပ်လာမယ့်သဘောမျိုး ဖြစ်နေတယ်လို့ နိုင်ငံတကာရေးရာ သုတေသီတွေက ပြောပါတယ်။
    ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းမှာ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့သူ ဂျွန်ဘော်လ်တန် ကိုယ်တိုင်က အိန္ဒိယအပေါ် ထရမ့်က အခွန်တွေ အမြောက်အမြား တိုးမြှင့်စည်းကြပ်တဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မေးခွန်းထုတ်ခဲ့ပါတယ်။ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်လာမယ့် မိုဒီရဲ့ တရုတ်ခရီးစဉ်အပေါ် အခြေပြုပြီး ကောက်ချက်ဆွဲရင်တောင် အဲဒီဆုံးဖြတ်ချက်ကြောင့် ကြုံလာမယ့် အကျိုးဆက်တွေက အလားအလာ မကောင်းလှဘူးလို့ ဘော်လ်တန်က ဆိုပါတယ်။ ထရမ့်ဟာ တရုတ်နဲ့ အိန္ဒိယကို နီးကပ်ပူးပေါင်းသွားအောင် တွန်းပို့နေပြီး အဲဒီအတွက် ထွက်ပေါ်လာမယ့် ရလဒ်တွေက အမေရိကန်အတွက် အဆိုးဆုံးတောင် ဖြစ်သွားနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။
    တကယ်တော့ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းမှာတောင်မှ အိန္ဒိယနဲ့ ဆက်ဆံရေး တိုးမြှင့်မှုကို မဟာဗျူဟာ ရွေးချယ်မှုတစ်ခုအဖြစ် လက်ကိုင်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ ဒုတိယသက် တမ်းမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ၁၉၉၈ နောက်ပိုင်း အတင်းမာဆုံး ဖြစ်လာတယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။ ၁၉၉၈ တုန်းကတော့ အိန္ဒိယက နျူကလီးယားလက်နက်တွေ စမ်းသပ်ခဲ့တာကြောင့် အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ သတ်မှတ်ရာက နှစ်နိုင်ငံဆက်ဆံရေး အေးစက်သွားခဲ့တာ ဖြစ်ပါတယ်။
    နောက်ပြီး ရုရှားရဲ့ စွမ်းအင်ရင်းမြစ်တွေကို ဝယ်ယူတာနဲ့ပတ်သက်လို့ ထရမ့်က လိုတစ်မျိုး၊ မလိုတစ်မျိုး တုံ့ပြန်သလိုလည်း ဖြစ်နေတာ အမှန်ပါ။ ဥပမာ ထရမ့်က အိန္ဒိယဟာ ရုရှားဆီက ရေနံတွေကို ဝယ်ယူနေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြဿနာရှာနေပေမယ့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေက ရုရှားရဲ့အရည်အဖြစ် ပြောင်းလဲထားတဲ့ သဘာဝဓာတ်ငွေ့ (LNG) တွေ ဝယ်ယူနေတာကိုတော့ မသိချင်ယောင်ဆောင်ပေးထားပါတယ်။
    အိန္ဒိယဟာ အမေရိကန်ဆီ လယ်ယာနဲ့ မွေးမြူရေးဆိုင်ရာ ထွက်ကုန်တွေ အပါအဝင် ကုန်စည်အများအပြားကို တင်ပို့နေတဲ့ နိုင်ငံတစ်ခုပါ။ အိန္ဒိယရဲ့ ကိုယ်စားလှယ်တွေဟာ ထရမ့်သတ်မှတ်တဲ့ အခွန်နှုန်းထားတွေကို လျှော့ချဖို့ ငါးကြိမ်တိုင် ဆွေးနွေးခဲ့ပြီးပေမယ့် မအောင်မြင်ဘဲ အကြိမ်ကြိမ် ပျက်ပြယ်ခဲ့ပါတယ်။ ထရမ့် ဘက်က အိန္ဒိယကို ပိုပြီး ဖိလေလေ အဲဒီအခြေအနေကို ပြေလျော့စေမယ့် နည်းလမ်းတွေကို အိန္ဒိယက တရုတ်ဆီမှာ ရှာဖွေလာလေလေ ဖြစ်နိုင်ပါတယ်။ ဒီအချက်ကို ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီထဲမှာတောင် စိုးရိမ်လာနေကြပါတယ်။
    ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ နစ်ကီဟေလီကလည်း အမေရိကန် သမ္မတအဆက်ဆက် ဂရုတစိုက်တည်ဆောက်ခဲ့တဲ့ အိန္ဒိယနဲ့ ဆက်ဆံရေး ပေါင်းကူးတံတားကို ထရမ့်က မီးတင်ရှို့နေတာမျိုး မလုပ်ဖို့ သတိပေးခဲ့ပါတယ်။ အိန္ဒိယလို ခိုင်မာတဲ့ မဟာမိတ်မျိုးနဲ့ ဆက်ဆံရေးကို ဖျက်ဆီးပြီး တရုတ်ကို အခွင့်အရေး မပေးသင့်ဘူးလို့ သူက လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ X မှာ ရေးသားခဲ့ပါတယ်။
    အိန္ဒိယရဲ့ ပို့ကုန်တွေကို သီးခြား ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်မယ့် ထရမ့်ရဲ့အမိန့်ထဲမှာ တရုတ်ကို ရည်ညွှန်းထားတာတော့ မပါခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်က လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ အမိန့်ဟာ ရုရှားရေနံတွေကို အိန္ဒိယကဝယ်ယူလို့ ဒဏ်ခတ်တာလို့ အကြောင်း ပြချက် ပေးထားကတည်းက တရုတ်ကိုလည်း အလားတူ ပစ်မှတ်ထားဖို့ တာဆူနေတယ်ဆိုတာက အလွယ်တကူ သိမြင်နိုင်ပါတယ်။ ထရမ့်ဟာ သူ့ရဲ့ သမ္မတသက်တမ်း နှစ်ကြိမ်လုံးမှာ တရုတ်အပေါ် ရန်လိုတဲ့ သဘောထားကို ပေါ်ပေါ်ထင်ထင် ဆုပ်ကိုင်ခဲ့သူပါ။ 
    အမေရိကန်မှာ ထရမ့်လို မှန်းဆရခက်တဲ့ သမ္မတမျိုး အာဏာရလာချိန်မှာ ဘာကိုမှ ယုံစားလို့မရ နိုင်တော့မှန်း သဘောပေါက်သွားတဲ့ မိုဒီဟာ အခုတော့ တရုတ်နဲ့ ဆက်ဆံရေးကို ကုစားဖို့ အချိန်တန်ပြီဆိုတာ ကောင်းကောင်း နားလည်သွားပုံ ရပါတယ်။ ဒီအခြေအနေဟာ အာရှရဲ့ ပါဝါလွန်ဆွဲမှု ပြိုင်ပွဲမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်သလို တရုတ်အတွက်လည်း အမေရိကန်ကို တန်ပြန်ရာမှာ ပိုပြီး အားသာချက်တွေ ရှိလာနိုင်ပါတယ်။ ထရမ့်ကတော့ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဆိုတဲ့ ဖိအားကိုသုံးပြီး အိန္ဒိယဆီက လိုချင်တာတွေကို ရအောင် ညှစ်ယူနိုင်မယ်လို့ ယုံကြည်ထားဆဲပါ။
    တကယ်ပဲလည်း အမေရိကန်ရဲ့ အဲဒီနည်း လမ်းနဲ့ ဖိအားပေးမှုဟာ နိုင်ငံအများစုအတွက် တောင့်ခံဖို့ခက်ပါတယ်။ ဒါကြောင့်လည်း ထရမ့်ကို လိုက်လျောပြီး အလျှော့ပေးကြ၊ ညှိကြရပါတယ်။ ထရမ့်ကတော့ အဲဒီအခြေအနေကို သာယာပြီး ဂုဏ်ယူနေပုံပါပဲ။ ဒါပေမဲ့ ဟေလီနဲ့ ဘော်လ်တန်တို့လို ပုဂ္ဂိုလ်တွေ ထောက်ပြနေသလိုပဲ အိန္ဒိယလိုအရေးပါတဲ့ ဒေသတွင်းမိတ်ဖက် နိုင်ငံတစ်ခုနဲ့ ဆက်ဆံရေးကို အထက်စီး ဆန်ဆန် လုပ်ရပ်တွေနဲ့ ကိုယ်တိုင် ဖျက်ဆီးနေတာကတော့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်တာကလည်း ငြင်းလို့မရပါဘူး။
    အိန္ဒိယနဲ့ တရုတ်တို့ဟာ တင်းမာမှုတွေ ရှိခဲ့တယ်ဆိုရင်တောင်မှ BRICS လို အစုအဖွဲ့တွေမှာ အတူ ပါဝင်ရင်း အကျိုးစီးပွားဆိုင်ရာ ပူးပေါင်းအလုပ်လုပ် မှုတွေကိုတော့ ထိန်းသိမ်းထားခဲ့ကြပါတယ်။ ထရမ့်ရဲ့ တစ်ဖက်သတ်ဆန်တဲ့ အခွန်စည်းကြပ်မှုတွေက အဲဒီပြိုင်ဘက် နှစ်နိုင်ငံကြားမှာ ပြေလည်မှုရရှိစေပြီး အမေရိကန်ကို ပူးပေါင်းအာခံဖို့ တွန်းအားမျိုးထိ ဖြစ်လာစေမလားဆိုတာကိုတော့ မိုဒီရဲ့ တရုတ်ခရီးစဉ် နောက် ပိုင်း အလှည့်အပြောင်းတွေ ဘယ်လောက်ဖြစ်လာမလဲဆိုတာကို မူတည်ပြီး အဖြေထွက်လာနိုင်ပါတယ်။
(ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49461

© 2022 - 2025 News. All Rights Reserved.