ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ လမ်းခင်းပေးထားသည့် မဲဆန္ဒနယ် သတ်မှတ်ချက်

၂၀၂၅ ၊ ဩဂုတ် ၂၃
    မဲဆန္ဒနယ်များ စာရင်းကို UEC က ထုတ်ပြန် လိုက်ပြီးနောက်ပိုင်း နိုင်ငံရေးပါတီများကလည်း မဲအများဆုံးဖြင့် အနိုင်ယူနိုင်ဖို့၊ အချိုးကျ ကိုယ်စားပြုနိုင်ဖို့ ပြင်ဆင်နေကြပြီဖြစ်သည်။ တစ်နည်းအားဖြင့် မဲဆန္ဒနယ်များအရ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) တို့ဖြင့် သင့်လျော်မည့် ကိုယ်စားလှယ်လောင်းများ လျာထားနိုင်ရေး ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ ရွေးကောက်ပွဲအတွက် အဆင်သင့် ဖြစ်နေသည့် ပါတီကြီးများ ရှိသလို ပါတီအချို့ကလည်း ရုံးခန်းဖွင့်ခြင်း၊ ပါတီဝင်အင်အားစုဆောင်းခြင်းများ လုပ်ဆောင်နေကြသည်။ မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ပြီးနောက် ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရေးကို နိုင်ငံရေးပါတီများ အာရုံစိုက်နေကြပြီဖြစ် သည်။ 
    လာမည့်ရွေးကောက်ပွဲတွင် FPTP စနစ်ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် FPTP စနစ်ဖြင့် မဲဆန္ဒနယ် ၈၄ နယ်၊ PR စနစ်ဖြင့် မဲဆန္ဒနယ် ၂၆ နယ် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းမဲဆန္ဒနယ်မြေ သတ်မှတ်ထုတ်ပြန်ချက်များနှင့် လွှတ်တော်အလိုက် မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ် မြေများစာရင်း အသေးစိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် ထုတ်ပြန်ပေးထားသည်။ ယခုနှစ်အတွင်း ကျင်းပမည့် လွှတ်တော်အသီးသီး အတွက် မဲဆန္ဒနယ်များမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် ကျင်းပမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်၊ ရောနှောထားသော ကိုယ်စားလှယ်အချိုး ကျစနစ် (MMP) ဖြင့် ကျင်းပမည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ စုစုပေါင်းမဲဆန္ဒနယ် ၁၁၀၊ ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP) ဖြင့် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် သို့မ ဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၂၂ နယ်နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၃၆၄ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူ မျိုး မဲဆန္ဒနယ် ၂၉ နယ် ဖြစ်သည်။ 
    နိုင်ငံရေးပဋိပက္ခအချို့ရှိနေချိန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ လုံးတွင် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များစာရင်း UEC က ထုတ်ပြန်ချက်အပေါ် အပြုသဘောမဆောင်သည့် ပြောဆိုရေးသားမှုများ ထွက်ပေါ်လာသည်။ ရွေးကောက်ပွဲကို မလိုလားသူ ဆန့်ကျင်သူများဘက်မှ ထွက် ပေါ်လာခြင်း လည်းဖြစ်သည်။ ထိုဆန့်ကျင်ဘက် လူပုဂ္ဂိုလ်များသည်လည်း နဂိုကတည်းက ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးနှောင့်ယှက်မည်ဟု လေသံပစ်ထားကြသူများ၊ လက်နက်ကိုင်လမ်းစဉ် လျှောက်နေကြသူများပင် ဖြစ်သည်။ ရွေးကောက်ပွဲကာလ နီးကပ်လာချိန်၊ မဲ ဆန္ဒနယ်မြေများ စာရင်းထုတ်ပြန်လာချိန်တွင် လက်နက်ကိုင်အဖွဲ့များ ယာယီထိန်းချုပ်ထားသော နယ်မြေဒေသများ၌ ရွေးကောက်ပွဲ မဖြစ်နိုင်၊ ထိုမြို့နယ်များတွင် မဲရုံ၊ မဲပုံးများထားနိုင်မည့် အခြေအနေ လုံး၀မရှိဟူ၍ အချိန်ကိုက် ပြောဆိုလာသည်။ ရွေးကောက်ပွဲအပေါ်၊ မဲဆန္ဒရှင် ပြည်သူအပေါ်၊ နိုင်ငံရေးပါတီများအပေါ် ခြိမ်းခြောက်လိုက်သည့် သဘောဟုလည်း သုံးသပ်ရမည်။ လုံခြုံရေးစိုးရိမ်မှု ဖြစ်စေရန် ရည်ရွယ်ချက် ဖြစ်သည်။ သို့သော် ၎င်းတို့၏ ပြောဆိုချက်မှာ လူထုဆန္ဒ၊ လူထုအသံမဟုတ်သလို ဒေသခံပြည်သူလူ ထုများကိုလည်း ကိုယ်စားပြုသူများ မဟုတ်ပေ။ ထိုသို့ ဒေသခံများ၏ ခံစားချက် လိုအင်ဆန္ဒများကို ထည့်မတွက်ကြဘဲ လက်နက်ကိုင်များ ယာယီစိုးမိုးထားရာ ဒေသရွေးကောက်ပွဲ မဖြစ်စေလိုခြင်းမှာ နိုင်ငံနှင့် လူမျိုးအကျိုးကို မရှေးရှုသည့် ဒီမိုကရေစီ အဖျက်အ‌မှောင့်များပင် ဖြစ်သည်။
    "အခုထုတ်ပြန်လိုက်တဲ့ မဲဆန္ဒနယ်မြေတွေက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေ တွေလေ။ လက်နက်ကိုင်တွေ ယာယီထိန်းချုပ်ထား၊ စိုးမိုးထားပါစေ ဒေသခံပြည်သူတွေ မဲပေးခွင့်ရဖို့၊ ရွေးကောက်ပွဲကို အားလုံးကျင်းပနိုင်ဖို့  နိုင်ငံတော်အစိုးရက ဒီလို မဲဆန္ဒနယ်မြေ သတ်မှတ်ရမှာပဲ။ ဒါက နိုင်ငံတော်အစိုးရရဲ့ လုပ်ပိုင်ခွင့်ပဲလေ။ ဘယ်သူပဲ ထိန်းချုပ် ထိန်းချုပ် နိုင်ငံ့အစိုးရက ရွေးကောက်ပွဲအ တွက် မဲဆန္ဒနယ်မြေ သတ်မှတ်ကို သတ်မှတ်ရမှာပါ"ဟူ၍ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင်က တုံ့ပြန်လိုက်သည်။
    မဲဆန္ဒနယ်များစာရင်းအရ ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်အတွက် FPTP စနစ်ဖြင့် သက်ဆိုင်ရာ မြို့နယ်အားလုံး၏ မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့် နယ်မြေအဖြစ် သက်ဆိုင်ရာ မြို့နယ်တစ်ခုလုံးဟူ၍ ဖော်ပြထားသည်။ ဥပမာ ပြည်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့် နယ်မြေအဖြစ် ပြည်မြို့နယ်တစ်ခုလုံး ဟူ၍ သတ်မှတ်ထားသည်။ အခြားသော တိုင်းနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာ မြို့နယ်များရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများကိုလည်း ယင်းအတိုင်း သက်ဆိုင်ရာ မြို့နယ်များအလိုက် သတ်မှတ်ထားသည်။
    အမျိုးသားလွှတ်တော်တွင် PR စနစ်ဖြင့် ရွေး ကောက်နိုင်ရန် မဲဆန္ဒနယ်မြေ သတ်မှတ်မှုကို ခရိုင်များ ပေါင်း၍ သတ်မှတ်ထားသည်။ ဥပမာ ပဲခူးတိုင်းဒေသ ကြီး အမျိုးသားလွှတ်တော် (PR စနစ်)ဖြင့်  မဲဆန္ဒနယ် အမှတ်(၁)တွင် ပါဝင်သော နယ်မြေများအဖြစ် နတ်တလင်းခရိုင်တစ်ခုလုံး၊ ပြည်ခရိုင်တစ်ခုလုံးနှင့် သာယာဝတီခရိုင်တစ်ခုလုံးဟူ၍ သတ်မှတ်ထားပြီး ရွေးကောက် တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်ကိုလည်း သုံးဦးအဖြစ် သတ်မှတ်ထားသည်။ အလားတူ မဲဆန္ဒနယ် အမှတ်(၂)တွင် ပါဝင်သော နယ်မြေများအဖြစ် ညောင်လေးပင်ခရိုင်တစ်ခုလုံး၊ တောင်ငူ ခရိုင်တစ်ခုလုံး၊ ပဲခူးခရိုင်တစ်ခုလုံး၊ မဲဆန္ဒနယ် အမှတ် (၁) စစ်တွေခရိုင်တစ်ခုလုံး၊ မောင်တောခရိုင်တစ်ခုလုံးနှင့် မြောက်ဦးခရိုင်တစ်ခုလုံးဟူ၍ သတ်မှတ်ထားပြီး ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်ကိုလည်း သုံးဦးအဖြစ် သတ်မှတ်ထားသည်။
    အလားတူ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေတွင် ပါဝင်သော နယ်မြေများ သတ်မှတ်ရာတွင်လည်း သက်ဆိုင်ရာ တိုင်း (သို့) ပြည်နယ်အလိုက် တစ်တိုင်းလုံး၊ တစ်ပြည်နယ်လုံး ပါဝင်သည်ဟူ၍ သတ်မှတ်ထားသည်။ သို့သော် တိုင်း(သို့) ပြည်နယ်များအနက် ရှမ်းပြည်နယ်တွင် ဗမာ၊ ကချင်၊ လီဆူး၊ လားဟူ၊ အင်းသား၊ အာခါ၊ ကယန်းဟူ၍ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ခုနစ်နေ ရာပါဝင်သည်ကို တွေ့ရပြီး ကချင်ပြည်နယ်တွင်လည်း ဗမာ၊ ရှမ်း၊ လီဆူး၊ ရဝမ်ဟူ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် လေးနေရာခန့် ပါဝင်သည်။ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်သည် ကချင်ပြည်နယ်လွှတ်တော်အတွက် ရွေးချယ်ရန် သတ်မှတ်ထားပြီး ကချင်ပြည်နယ် တိုင်းရင်း သားလူမျိုး မဲဆန္ဒနယ်သည်လည်း ရှမ်းပြည်နယ်လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ရန် သတ်မှတ်ထားသည်။ အချို့ တိုင်းနှင့်ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာ တစ်ဦး၊ နှစ်ဦးခန့်သာ ပါဝင်သည်ကိုလည်း တွေ့ရသည်။ ပဲခူးတိုင်းဒေသကြီးလွှတ်တော် (PR စနစ်)အတွက် မဲဆန္ဒနယ် သတ်မှတ်မှုကို ခရိုင်အလိုက် သတ်မှတ်ထားသည်။ မဲဆန္ဒနယ်အမှတ် (၁)ကို (တောင်ငူခရိုင် တစ်ခုလုံး၊ ရွေးကောက်တင် မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ငါးဦး)။ မဲဆန္ဒနယ်အမှတ်(၂)ကို (သာယာဝတီ ခရိုင်တစ်ခုလုံး၊ ရွေးကောက် တင်မြှောက်ရမည့် လွှတ်တော်ကိုယ် စားလှယ် အရေအတွက် ခြောက်ဦး)မဲဆန္ဒနယ် အမှတ် (၃)ကို (ညောင်လေးပင်ခရိုင်တစ်ခုလုံး၊ ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ငါးဦး)၊ မဲဆန္ဒနယ်အမှတ်(၄)ကို (ပဲခူးခရိုင်တစ်ခုလုံး၊ ရွေး ကောက်တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် လေးဦး)၊မဲဆန္ဒနယ်အမှတ် (၅)နတ် တလင်းခရိုင် တစ်ခုလုံးနှင့် ပြည်ခရိုင်တစ်ခုလုံး၊ ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စား လှယ် အရေအတွက် ရှစ်ဦးဟူ၍ သတ်မှတ်ထားသည်။ အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း ထိုနည်းတူ ခရိုင်အလိုက် သတ်မှတ်ထားပြီး အချို့နေရာများတွင် ခရိုင်များပေါင်း၍ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေများ သတ်မှတ်ထားသည်။
    "မဲဆန္ဒနယ်မြေတွေ သတ်မှတ်လိုက်တာက ပြည်သူတွေအတွက် မျှမျှတတ ရှိတယ်။ ဥပမာပြောရရင် တစ်မြို့နယ်က လူတစ်ထောင် ရှိတယ်။ နောက် တစ်မြို့နယ်က လူတစ်ရာရှိတယ် ဆိုပါစို့၊ လူတစ်ထောင်ထဲက ရွေးလည်း တစ်‌ယောက်ပဲ ထွက်လာမယ်၊ လူတစ်ရာထဲ ကရွေးတာလည်း တစ်‌ယောက်ပဲထွက်လာမယ်။ ဆိုတော့  လူဦးရေ ထောင့်တစ်ရာဖြစ်အောင် ပေါင်းပြီး  ၅၅၀ စီ ဖြစ်အောင် ညှိလိုက်တဲ့ သဘောပေါ့။
    မဲဆန္ဒနယ်မြေ ကျယ်သွားအောင် တစ်ဖက်နဲ့တစ်ဖက် ပေါင်းလိုက်တာပေါ့။ အဲဒါလေးတော့ ထူးခြားပါတယ်။ လူဦးရေညှိပြီး မဲဆန္ဒနယ် သတ်မှတ်လိုက်တဲ့ သဘောတော့ တွေ့ရပါတယ်။ ဥပမာ ဒီဘက်မြို့မှာ လူဦးရေနည်းရင် ဟိုဘက်မြို့ကို ပေးလိုက်တယ်။ ဟိုဘက် မြို့မှာ လူများရင် ဒီဘက်မြို့ကို မြို့တစ်မြို့ပေးလိုက်တယ်။ အဲဒီလို လူညှိသွားတဲ့ သဘောဆိုတော့ မျှတသွားတာ‌ပေါ့။ တချို့ တစ်ခရိုင် တည်းမှာ လူဦးရေအများကြီးဖြစ် နေတယ်။ တစ်ခရိုင်တည်းမှာက လူတစ်သိန်းလောက် ရှိတယ်။ ကျန်တဲ့ တစ်ခရိုင်တည်းမှာက လူငါးသောင်း ရှိတယ်ဆိုပါစို့ တစ်ခရိုင်ကို လူခုနစ်သောင်းခွဲလောက် ဖြစ်သွား အောင် ခွဲလိုက်တဲ့သဘော၊ အဲဒီအတွက် မြို့ နယ်တွေက ဟိုဘက် ဒီဘက်ပါသွားတာပေါ့"ဟူ၍ ဖက် ဒရယ်ဒီမို ကရက်တစ် ပါတီဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက မှတ်ချက်ပြုသည်။
    ရွေးကောက်ပွဲ၏ ထူးခြားမှုမှာ ၂၀၁၀၊ ၂၀၂၀ ရွေး‌ကောက်ပွဲကာလနှင့် မတူသည့်  FPTP? PR အပြင်  ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP)ဖြင့် ကျင်းပခြင်းဖြစ်သည်။ MMP စနစ်အရ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့အတွက် ပါတီငယ်လေးများ အခွင့်အလမ်း ပိုရနိုင်သည်ဟု သုံးသပ်ကြသည်။ ယခုထုတ်ပြန်ခဲ့သည့် မဲဆန္ဒနယ်များစာရင်း သတ်မှတ်မှုတွင် ကချင် ပြည်နယ် အမျိုးသားလွှတ်တော်(PRစနစ်)ဖြင့် မဲဆန္ဒနယ်အမှတ်(၁)တွင် ပါဝင်သည့် နယ်မြေများအဖြစ် ပူတာအိုခရိုင်တစ်ခုလုံး၊ ချီဖွေခရိုင် တစ်ခုလုံး၊ တနိုင်းခရိုင် တစ်ခုလုံးနှင့် ဝိုင်းမော်မြို့နယ်ဟူ၍ သတ်မှတ် ထားပြီး ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက်ကို နှစ်ဦးသတ်မှတ်ထား သည်။ မဲဆန္ဒနယ်အမှတ်(၂)တွင်လည်း ပါဝင်သည့် နယ်မြေများအဖြစ် ဗန်းမော်ခရိုင် တစ်ခုလုံး၊ မိုးညှင်းခရိုင်တစ်ခုလုံး၊ မြစ်ကြီးနားမြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်တို့ သတ်မှတ်ထားပြီး ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက်ကို လေးဦးသတ်မှတ်ထားသည်ကို တွေ့ရသည်။
    ယင်းမဲဆန္ဒနယ်များသတ်မှတ်မှုသည် လူဦးရေ အချိုးအစားအပေါ်မူတည်ကာ သတ်မှတ်ခြင်း ဖြစ်ပြီး ထိုသို့ လူဦးရေအချိုးအစားဖြင့် ကိုယ်စားပြုမှုမျှတအောင် မဲဆန္ဒနယ်မြေ သတ်မှတ်ပေးလိုက်ခြင်းဟာ သင့်တင့်မျှတသည့် ဆောင်ရွက်မှုဟု (TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင်က ရှုမြင်သုံးသပ်ထားသည်။ "လူဦးရေ အနည်းအများအပေါ်မူတည်ပြီး သတ်မှတ်ထားလေသလားလို့တော့ မြင်မိပါတယ်။ လူဦးရေနည်းရင် နည်းသလို ကိုယ်စားလှယ်လောင်း နည်းသွားတဲ့အခါကျတော့ အဲဒီလို လူဦးရေ အချိုးအစား အပေါ်မူတည် သတ်မှတ်တာဟာ တရားမျှ တပါတယ်။ ဒီခရိုင်တွေမှာ လူဦးရေအများကြီး နေထိုင်တယ်ဆိုရင်ပေါ့၊ ဥပမာ ဗန်းမော်ခရိုင် မြစ်ကြီးနားမြို့ နယ်ဆိုရင် လူဦးရေအများဆုံးမြို့နယ်လေ။ လူဦးရေအ များဆုံးနေရာ ဖြစ်တဲ့အခါကျတော့ အမျိုးသားလွှတ် တော်အတွက်ကို လေးယောက် ပေးလိုက်တယ်။ ပူတာအိုခရိုင်တို့၊ ချီဖွေခရိုင်တို့ ပေါင်းတဲ့နယ်မြေတွေကို‌တော့  နှစ်ယောက်ပေး လိုက်တယ်။ ဒါက PR သတ်မှတ်ပြီး မဲဆန္ဒနယ်ခွဲတဲ့အခါ လူဦးရေများတဲ့နေရာကို လွှတ်တော် ကိုယ်စား လှယ် များများပေးလိုက်တယ်၊ လူဦးရေနည်း တဲ့နေရာကို လွှတ်တော်ကိုယ်စားလှယ်  နည်းပေးလိုက်တယ်ဆိုတာမျိုး လူဦးရေအချိုးအစားနဲ့ သတ်မှတ်လိုက်တာ"ဟူ၍ ၎င်းက သုံးသပ်ထားသည်။
    MMP အရောစနစ်ဖြင့် ကျင့်သုံးမည့် အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် ခြောက်နေရာကို တိုက်ရိုက် မဲပေးပိုင်ခွင့်ရှိသည့် FPTP စနစ် ကျင့်သုံး မည်ဖြစ်ပြီး ကျန်ခြောက်ဦးကိုလည်း PR စနစ်အရ အချိုး ကျ ယူရမည့်သဘောဟု နိုင်ငံရေးပါတီများက သုံးသပ် ထားသည်။
    PR စနစ်အရ ပါတီကိုပေးသည့်  စုစုပေါင်း မဲအရေအတွက်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရသင့်သည့် မဲဖြင့်စားကာ တစ်ဦး (သို့မဟုတ်) နှစ်ဦး၊ သုံးဦး အချိုးကျ ကိုယ်စားလှယ်ရယူသည့် စနစ်ဟူ၍လည်း ၎င်းတို့ရှင်းပြကြသည်။
    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်အရ လက်ရှိအချိန်အထိ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၆၀ ဝန်းကျင်ရှိနေပြီ ဖြစ်သည်။ ယင်းပါတီများတွင် တစ်နိုင်ငံလုံးယှဉ်ပြိုင်မည့် ပါတီကိုးပါတီ ပါဝင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များတွင်သာ ယှဉ်ပြိုင်မည့် ပါတီ ၅၀ ဝန်းကျင်ရှိနေသည်။ ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆဲပါတီများလည်း ကျန်ရှိနေသေးသည်။ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီများသည် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ အတွင်း မြို့နယ်အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံတွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဟု ဖော်ပြထားသည်။ သက် ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းသာ စည်းရုံးမည့်ပါတီများသည် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ အတွင်း အနည်းဆုံး မြို့နယ် ငါးရုံး ဖွင့်လှစ်ရမည်ဟု ဖော်ပြထားသည်။
UEC က နိုင်ငံရေးပါတီများ၏ ဖွင့်လှစ်ထားပြီးသော မြို့နယ် ပါတီရုံးခန်းများစာရင်းကို သြဂုတ်လ ၁၅ ရက်တွင် နောက်ဆုံးထားပေးပို့ကြရန် ညွှန်ကြားခဲ့သည်။ နိုင်ငံရေးပါတီများ၏ ရုံးခန်းဖွင့်လှစ်ထားမှု အ‌ခြေအနေကို သိရှိရန်နှင့် စိစစ်နိုင်ရန်အတွက် တောင်းခံခြင်းသည်ဟု နားလည်မိသည်။ နိုင်ငံရေးပါတီများကလည်း ရုံးဖွင့်လှစ်ပြီးစီးသည့် မြို့နယ်များစာရင်းကို UEC  သို့ ပေးပို့ကြသလို ထပ်မံ၍ မြို့နယ်ရုံးများ ဖွင့်လှစ်နေသည်ကို တွေ့ရသည်။ ခြွင်းချက်အနေဖြင့် နယ်မြေအခက်အခဲရှိသည့် ပါတီအချို့ ရုံးခန်းဖွင့်ရေး အခက်အခဲတချို့ ရှိနိုင်ပြီး အချို့ပါတီများမှာ အခြားမြို့နယ်များ၊ နီးစပ်ရာမြို့နယ်များတွင် ပူးတွဲပါတီရုံးများ ဖွင့်ထားကြသည်။ ရခိုင်ပြည်နယ်ရှိ ပါတီအချို့မှာလည်း ၎င်းတို့၏ မာန်အောင်၊ အမ်း စသည့် အခြားမြို့နယ်ရုံးများကို ကျောက်ဖြူ၊ စစ်တွေ မြို့နယ်တို့တွင် ပူးတွဲ ဖွင့်လှစ်ထားကြသည်။ 
    လက်နက်ကိုင်ပဋိပက္ခအချို့ ရှိနေသည်မှာ မှန်ပါသည်။ နိုင်ငံတော်အစိုးရကလည်း လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးပါတီလမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းမှတစ်ဆင့် ဥပဒေအရ ရပိုင်ခွင့်များ တောင်းဆိုကြရန်၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာ‌ရောက်ကြရန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်သည်။ PDF အမည်ခံ များအပါအဝင် လက်နက်ကိုင်အုပ်စုများ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့၊ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့၊ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးအတွက် ဥပဒေဘောင်အတွင်းကနေ  နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နဲ့ လက်တွဲပြီး ဖော်ဆောင်ဖို့ ကြိုဆိုလက် ခံမည်ဟူ၍လည်း ဖိတ်ခေါ်ခဲ့ပြီး ဖြစ်သည်။ နိုင်ငံသားတိုင်း ဥပဒေအရ ရပိုင်ခွင့်များ၊ နိုင်ငံရေးအခွင့်အ‌ရေးများ ရရှိစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်မှုတစ်ခုဟူ၍လည်း သုံးသပ်မိပါသည်။ 
    နိုင်ငံတော်အစိုးရက အချုပ်အခြာအာဏာတည်ရှိရာ နေရာတိုင်း၊ မြို့နယ်တိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။ မြို့နယ်တစ်စုံတစ်ခုပင် မဲဆန္ဒနယ်မကျန် ရစ်စေရေး၊ ပြည်သူအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေး ဖြစ်သည်။ ယခုကဲ့သို့  မြို့နှစ်မြို့ (သို့မဟုတ်) သုံးမြို့ခန့် ပေါင်းစုဖွဲ့စည်း၍ ခရိုင်သတ်မှတ်ခြင်း၊ လူဦးရေကို အခြေခံ၍ မဲဆန္ဒနယ်မြေများ သတ်မှတ်ခြင်း များသည်  ရွေးကောက်ပွဲကို ဦးတည်ဆောင်ရွက်နေခြင်းလည်းဖြစ် ပါသည်။
    "မြို့နယ်တချို့ကို ခရိုင်အဖြစ်ပေါင်းတာတို့၊ ခရိုင်များကို စုစည်းပြီးမှ မဲဆန္ဒနယ်သတ်မှတ်တာတို့‌တွေ လုပ်ပိုင်ခွင့်ရတဲ့အတိုင်း လုပ်ခဲ့တယ်။ ဒါဟာ နိုင်ငံရေးအားဖြင့် လုပ်ပိုင်ခွင့်ကို လက်နက်ကိုင်အဖွဲ့တွေကို သဘောပေါက်အောင်၊ နိုင်ငံတကာက မိသားစုတွေ သဘောပေါက်အောင် အခြေခံဥပဒေပါ ပေးထားချက်နဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို တည်ဆဲအစိုးရသည် ထိထိမိမိ အသုံးချလိုက်တာဖြစ် တယ်။ အဲဒီတော့ ပြန်ကြည့်ရင် အခြေခံဥပဒေအရ နိုင်ငံရေးရပိုင်ခွင့်တွေ တည်ဆဲအစိုးရမှာရှိတယ်။ ရွေးကောက်ပွဲကို ကျင်းပနိုင်တဲ့ အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ နိုင်ငံရေးအနှစ်သာရ ရှိတယ်ဆိုတာပြ လိုမှုဗျ။ ဘယ်လောက်ပဲ လက်နက်ကိုင် အဖွဲ့အစည်းတွေက နယ်မြေတွေ ယာယီသိမ်းထားပါစေ၊ နိုင်ငံရေးရပိုင်ခွင့်တွေ၊ စီမံခန့်ခွဲပိုင်မှုက တည်ဆဲအစိုးရ မှာပဲရှိပါတယ်။ သိမ်းထားတဲ့နေရာက လူထု‌တွေဟာ သိမ်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဆီမှာ ရှိချင်မှရှိမယ်။ နေချင်မှ နေမယ်။ ဒါကြောင့် သူတို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေ မဆုံးရှုံးရအောင် စီမံခန့်ခွဲပေးတာပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ သိမ်းထားတဲ့ နေရာတိုင်း၊ မြို့တိုင်းမှာ ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒနယ်မြေ သတ်မှတ်တဲ့အထဲမှာ ပါလာတာပါ"ဟူ၍ ရခိုင့်ဦး ဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ထားသည်။
    နိုင်ငံရေးအားဖြင့် လုပ်ပိုင်ခွင့်၊ နိုင်ငံရေးအားဖြင့် စီမံခန့်ခွဲပိုင်ခွင့်သည် တည်ဆဲအစိုးရထံတွင်သာ ရှိနေပြီး တစ်နည်းအားဖြင့် အခြေခံဥပဒေအရ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ရှိရစေရေး အစိုးရ၏ စီမံဆောင်ရွက်မှုဟု ၎င်းက ရှုမြင်ထားသည်။ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး စီမံခန့်ခွဲရာတွင် လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ်ရပ်က သိမ်းထားသည့်  ဧရိယာအတွင်းရှိ လူထုသည် ယင်းနယ်မြေ တွင် မနေထိုင်တော့ဘဲ စစ်ဘေးဒုက္ခသည်အဖြစ် အခြားနေရာဒေသများသို့ တိမ်းရှောင်နေရချိန် ၎င်းတို့၏ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် အခြေခံဥပဒေအရ နိုင်ငံ‌တော်အစိုးရက စီမံခန့်ခွဲပေး ရခြင်းဖြစ်သည်ဟု လည်း ဒေါက်တာအေးမောင်က မှတ်ချက်ပြုထားသည်။ လက်နက်ကိုင်များရှိသော မြို့နယ်များအတွက် ကြိုတင်မဲ (သို့မဟုတ်) အဝေးရောက်မဲမျိုး ပေးရသည့် အခြေအနေ ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းသုံးသပ်ထားသည်။
    "ရခိုင်ကို ဥပမာထား စဉ်းစားရင် ရခိုင်မှာ မြို့နယ်သုံးခုက တည်ဆဲအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်မှု ယန္တရားအောက်မှာရှိတယ်။ ကျန်တဲ့မြို့နယ်တွေ အားလုံးက AA ထိန်းထားတာပေါ့။ ဒါပေမဲ့ အဲဒီမြို့နယ်က လူထုသည် ရန်ကုန်၊ မန္တလေးတို့ စသည်ဖြင့်ပေါ့၊ ပြည်မက တစ်မြို့မြို့၊ တစ်နယ်နယ်မှာ ရှိနေကြမယ်။ မောင်တောဘက်ကလူထုသည် မောင်တောမှာ မရှိဘဲနဲ့ စစ်တွေ သို့မဟုတ် ရန်ကုန်မှာရှိရင် မောင်တော ကိုယ်စား ပြုတဲ့မဲကို ပေးပိုင်ခွင့် ရှိတယ်ဆိုတာ ဖြစ်လာမှာပေါ့။ အဲဒီလိုပေးတဲ့အခါ မဲပုံးထောင်ချင်မှ ထောင်မှာ‌ပေါ့။ ကျွန်တော်ထင်တယ်၊ အဝေးရောက်မဲနဲ့ ပေးသွားမယ့် သဘောရှိတယ်။ ကြိုတင်မဲခေါ် မှာပေါ့။ ဒါလည်း ဥပဒေ တစ်ခုမှာ ပြဋ္ဌာန်းထားတယ်။ နိုင်ငံခြားရောက်နေသူတွေ၊ အလုပ်သွားလုပ်နေ သူတွေ အတွက်ရောပါ။ အဲဒီလိုပုံစံနဲ့ မဲပေးပိုင်ခွင့်ရခဲ့ရင် အဲဒီမြို့နယ်ရဲ့ ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေလည်း အသီးသီးက ပေါ်ထွန်းလာမှာပါ။ ကျောက်ဖြူဆိုရင် တိုက်ရိုက်မဲပုံးထောင် လို့ရမယ်။ ဒါပေမဲ့ ကျောက်ဖြူသားတချို့ ရန်ကုန်မှာရှိရင် ကြိုတင်မဲပေးရမှာပေါ့။ ဒါမှမဟုတ် အဝေးရောက် မဲပေးရမှာပေါ့။ အဲဒီလိုပဲ  အမ်းမြို့နယ်ကလူတွေ ရန်ကုန်ကို ရောက်နေရင် အဲဒီအမ်းရဲ့ မဲဆန္ဒနယ်အတွက်ကို အဝေးရောက်မဲပေးရမှာပေါ့။ အဲဒီတော့ သူတို့လည်း မဲပေးပိုင်ခွင့် မဆုံးရှုံးတော့ဘူးလေ။ ရွေးကောက်ပွဲက လည်း အောင်မြင်တာပေါ့။ အဲဒီလိုပဲ PR နဲ့ သွားပြန်ရင်လည်း အဲဒီခရိုင်ပေါင်းစုံအတွက် စုပေါင်းပြီးမှ မဲပေးရမှာပေါ့။ အဲဒီကနေ လွှတ်တော်အမတ်တစ်ဦး ရသင့်တဲ့ မဲအထက်မှာ ရသင့်တဲ့သူတိုင်းဟာ လွှတ်တော်ကိုယ် စားလှယ်ရလာမှာပေါ့"ဟု ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။
    ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။ ယင်းသို့ကျင်း ပရာတွင်လည်းနယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးကို ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားခြင်း ဖြစ်သည်။ ယခု မဲဆန္ဒနယ်များ စာရင်းဆိုသည်မှာလည်း ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များ သတ်မှတ်မှုစာ ရင်းဖြစ်ပြီး နယ်မြေတည်ငြိမ်မှု အခြေအနေအရ ရက်ကာလအပိုင်း အခြားအလိုက် မြို့နယ်ပေါင်း ၃၃၀ အနက် ဦးစား ပေးကျင်းပပေးမည့် မြို့နယ်၊ ခရိုင်များစာရင်းနှင့် နေ့ရက် အချိန်ကာလတို့ကို UEC မှ ထပ်မံ ထုတ်ပြန်ပေးရန် ရှိပါသေးသည်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးစသည်ဖြင့် ပုံမှန် အခြေအနေရှိနေပြီး တည်ငြိမ်အေးချမ်းသည့် မြို့နယ်များကို ဦးစွာ ရွေးကောက်ပွဲကျင်းပရန် စီစဉ်မည်ဟု နားလည်မိသည်။ ရှမ်းမြောက်က နောင်ချိုမြို့နယ်ကဲ့သို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ လက်နက်ကိုင်များ ယာယီစိုးမိုး ထားသော မြို့နယ်များအား တပ်မတော် စစ်ကြောင်းများက ပြန်လည်သိမ်းပိုက် ထိန်းချုပ်မှုများ လုပ်ဆောင်ပြီး မြို့နယ်တည်ငြိမ်အေးချမ်းအောင် ဦးစွာဆောင်ရွက်မည်။ ထို့နောက် ထိုဒေသတွင် ရွေးကောက် ပွဲကျင်းပခြင်းမျိုး အခင်းအကျင်း ပေါ်ပေါက်လာမည်မှာ သေချာပါသည်။ 
    နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် မြို့နယ်ပေါင်း ၃၃၀ လုံး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းအတွက် မဲဆန္ဒနယ်သတ်မှတ်ချက်များ ထွက် ပေါ်လာခဲ့သည်။ ထိုမဲဆန္ဒနယ်မြေများ သတ်မှတ်မှုတွင် လူထုအတွက် နိုင်ငံရေးရပိုင်ခွင့် အပြည့်အ၀ ရရှိစေမည့် အခွင့်အလမ်းများစွာ ပါဝင်လာသလို နိုင်ငံသားတိုင်း၏ မဲပေးပိုင်ခွင့် ဒီမိုကရေစီအခွင့်အရေးအပြည့်အ၀ ပေးထားသည်ဟူ၍ AFP ပါတီဥက္ကဋ္ဌက မှတ်ချက်ပြုထားသည်။ ၎င်း၏ ရှုမြင်သုံးသပ်ချက်ဖြင့် နိဂုံးချုပ် လိုပါသည်။ "အခြေခံဥပဒေအရ နိုင်ငံသားတိုင်းရဲ့ မဲပေးပိုင်ခွင့် ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးရအောင် အစိုးရက ဆောင်ရွက်ပေးရတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ပေးရတယ်။ ဒါကြောင့်  လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘယ်လောက်ပဲ ထိန်းသိမ်းထားတဲ့ နယ်မြေဖြစ်ပါစေ၊ အဲဒီဒေသကနေ အစိုးရအုပ်ချုပ်ရေး ယန္တရားရှိတဲ့ ရပ်ဝန်းတစ်ခုခုဆီ ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံရေးအား ဖြင့် စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်။ မဲပေးပိုင်ခွင့် ပေးလိုက်ခြင်းသည် ဒီမိုကရေစီအခွင့်အရေး ဖြစ်သလို အခြေခံ ဥပဒေပါ အခွင့်အရေးလည်း ဖြစ်ပါတယ်။ အဲဒီအခါမှာ တည်ဆဲအစိုးရသည် လက်နက်ကိုင်အဖွဲ့ အစည်း တွေက ဘယ်လိုပဲ မြေတို့၊ နယ်တို့ ထိန်းချုပ်ထားပါစေ၊ အဲဒီ မြေတို့၊ နယ်တို့မှာရှိတဲ့ လူထုရဲ့ နိုင်ငံရေး ရပိုင်ခွင့်၊ စီမံခန့်ခွဲနိုင်တဲ့ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတာကို ဖော်ပြလိုက်တာပဲ ဖြစ်တယ်"ဟူ၍ ဒေါက်တာအေးမောင်က မှတ်ချက်ပြုခဲ့သည်။               
( ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49692

© 2022 - 2025 News. All Rights Reserved.