ဒုတိယစာမျက်နှာအပေါ် ပြည်သူတို့၏ မျှော်လင့်ချက်

၂၀၂၅ ၊ ဩဂုတ် ၉

    "ကျွန်တော်တို့ ဒီကာလပေါ့၊ လေးနှစ်ခွဲတာ ကာလအတွင်းမှာ လုပ်ငန်းအရပ်ရပ်အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလို လက်ရှိအခြေအနေမျိုး ဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင် ရွက်ပေးမှုများအတွက် တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်များ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်မှာလည်း ဆက်လျှောက်ရမယ့် ခရီးစဉ်တွေမှာ ကျွန်တော်တို့ ဒီလိုပဲ အောင်အောင်မြင်မြင် ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျွန်တော်တိုက်တွန်းလိုပါတယ်။ ဆက်လျှောက်လှမ်းမယ့်ခရီး၊ နိုင်ငံတော်ရဲ့ ရှေ့ခရီးကတော့ အများကြီး ကျန်ပါသေးတယ်။ ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့အစ ဖြစ်ပါတယ်။ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ။ ဒုတိယ စာမျက်နှာ အစကို ကျွန်တော်တို့ သွားတာပေါ့။ ဒုတိယ စာမျက်နှာအစမှာ ကျွန်တော်တို့ တကယ်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံ ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့လုပ်ရကျိုးကနေ ပိုပြီး လုပ်ရကျိုးနပ်မယ်လို့ ကျွန် တော်ယုံကြည်ပါတယ်"ဟု ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
    နိုင်ငံတော်၏ တာဝန်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လေးနှစ်ခွဲတာ ကာလတာဝန် ထမ်းဆောင်ခဲ့ပြီးနောက် အပြောင်းအလဲတစ်ရပ်ကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာစဉ်က ပါရှိခဲ့သည့် ကိစ္စရပ်အားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖြေရှင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေရွေး ကောက်ပွဲတစ်ရပ်အား မဖြစ်မနေကျင်းပပေးရန် လိုအပ်ခြင်းကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာထားခြင်းအား ရုပ်သိမ်းပေးနိုင်ပါရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအပေါ် ပေးအပ်ထား သော နိုင်ငံ့တာဝန်များကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသို့ ပြန်လည်အပ်နှံခဲ့သည်က နိုင်ငံတော်၏ ဒုတိယစာမျက်နှာသစ်ကို စတင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၄၂၉ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာ သည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပုဒ်မ ၄၃၀ တွင် ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်နှင့် ပြည်သူတို့၏ မျှော်လင့်ချက် ထပ်တူကျလာသည့် ကာလအပိုင်းအခြားကို ရောက်ရှိလာပြီဟု ဆိုရမည်ဖြစ်သည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅)တွင်လည်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကိုပယ်ဖျက်ကြောင်း ကြေညာရမည်ဟု ဖော်ပြပါရှိကြောင်း၊ ယခုကဲ့သို့ အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေး ကောက်ပွဲ ကျင်းပပေးရ မည်ဟု ပုဒ်မ ၄၂၉ တွင် ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့အနေဖြင့် လာမည့်ဒီဇင်ဘာလတွင် ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်း သားများနှင့် ပါတီငယ်များလည်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် အချိုးကျကိုယ် စားပြုစနစ်(PR)ကို ဖော်ဆောင်ထားသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံး လွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင် ရန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ကြောင်း"ထည့်သွင်း ပြောဆိုခဲ့သည်။
    ပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးညိုစောက တာဝန်ယူခဲ့ပြီး ပထမဆုံးကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးတွင် "မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မရှိသင့် တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများ အားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်လိုကြောင်း၊
ပြည်သူများ၏လိုလားချက် ဖြစ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ ထို့ကြောင့် ယခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်သည်ကို နိုင်ငံတော်အကြီးအကဲက ပြည်သူများကို အသိပေးပြောကြားပြီး ဖြစ်ကြောင်း" ပြောဆို ထားသည်။
    ထို့ကြောင့် လက်ရှိ ခြောက်လတာကာလသည် နိုင်ငံတော် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန် လည်တက်ရောက်နိုင်ရေး ကြိုးပမ်းရမည့် အချိန်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးသည်လည်း နိုင်ငံတော်အကြီးအကဲမှစ၍ မဲဆန္ဒရှင်ပြည်သူများ တာဝန်ကျေပွန်ရမည့် အခန်းကဏ္ဍ ဖြစ်သည်။
    ထို့ကြောင့် ယခုအစိုးရအဖွဲ့အပေါ် နိုင်ငံရေး ပါတီအသီးသီးနှင့် ပြည်သူများ ပိုမိုအာရုံစိုက်လာခဲ့ကြသည်။ "နိုင်ငံရေးအရကတော့ လက်ရှိအစိုးရကို ရွေးကောက်ပွဲမတိုင်မီ ကြားကာလအစိုးရလို့ ပြောလို့ရတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ဒီရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးကိုပဲ အာရုံထားတယ်။ နောက်လက်ရှိ အစိုးရလက်ထက်မှာ ပြုလုပ်ဆဲနဲ့ ပြုလုပ်ဖော်ဆောင်မယ့်  လုပ်ငန်းတွေကို စဉ်ဆက် မပြတ်ဖော်ဆောင်သွားမယ်လို့ မြင်ပါတယ်။ ရှေ့အစိုးရက ချမှတ်ထားတာတွေကိုပဲ ဆက်လက် အကောင်အထည်ဖော်အောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ မြင်ပါတယ်။ စိတ်ဝင်စားတာက ရက်ပေါင်း ၉၀ ကို အရေးပေါ်ကာလ သတ်မှတ်ထားတာကိုပါ။ ရက်ပေါင်း ၉၀ အရေးပေါ်ကာလ ရှိနေတဲ့အတွက် ဒီနေရာတွေကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ခြင်းအားဖြင့် တပ်မတော်ရဲ့ အခန်းကဏ္ဍက အဲ့ဒီနေရာတွေမှာ ပိုပြီးတော့ ပီပီပြင်ပြင်နဲ့ လုပ်ဆောင်လာမယ်လို့ ယူဆတယ်။ အရင်တုန်းကတော့ တပ်မတော်တစ်ရပ်လုံးက နိုင်ငံတော်တစ်ခုလုံးရဲ့ အစိုးရလုပ်ငန်းဆိုင်ရာ တာဝန်တွေရော၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်း ထားတဲ့ တာဝန်တွေကြောင့် အလုံးစုံယူထားရတဲ့ သဘောဖြစ်ပြီး လက်ရှိကြားကာလမှာ ဖွဲ့စည်းတဲ့ အစိုးရက အစိုးရပုံစံနဲ့ ဖော်ဆောင်ပြီး တပ်မတော်က တပ်မတော်ပုံစံနဲ့ ဖော်ဆောင်မယ်လို့ ယူဆတယ်။ ဒီနေရာမှာ အရင်နဲ့မတူတာကတော့ အပြောင်းအလဲမတိုင်ခင် နိုင်ငံရေးသွားတဲ့ပုံစံနဲ့ အခုပုံစံကတော့ တူညီမှာ မဟုတ်တော့ပါဘူး။ တပ်မတော်ကလည်း သူ့တာဝန်ကို သူပိုပြီး ဖိဖိစီးစီးလုပ် နိုင်လိမ့်မယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပေးထားချက်အတိုင်းပဲ လုပ်ငန်းဖော်ဆောင်တယ်။ အစိုးရအပြောင်းအလဲလုပ်တာ ဖြစ်တဲ့အတွက် သူ့တာဝန်နဲ့သူ ကျေပွန်အောင် ထမ်းဆောင်ကြမှာပါ။ အနီးစပ်ဆုံး ဘယ်နေရာတွေကို တည်ငြိမ်အောင် လုပ်ရမလဲဆိုတာတွေကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးနဲ့ ဆောင်ရွက် သွားမယ်လို့ မြင်ပါတယ်"ဟု NDF ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်ထက်က ပြောသည်။
    ဆက်လက်၍ "နိုင်ငံရေးဆိုတာကတော့ ခေတ်အခြေအနေအရ ကမ္ဘာ့ရေစီးကြောင်းရော၊ ဒေသတွင်း အပြောင်းအလဲ ကမ္ဘာ့အပြောင်းအလဲတွေရော ချိတ်ဆက်ပြီး စဉ်းစားရမယ် ဆိုလို့ရှိရင် လက်ရှိ ကျွန်တော်တို့ နိုင်ငံရေးအခြေအနေက အကောင်းဘက်ကို ပြန်ဦးတည်နေပြီလို့ ပြောလို့ရတယ်။ နောက်ပြီးတော့ တပ်မတော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားချက်အတိုင်းကို တာဝန်ထမ်းဆောင် တယ်။ နောက် လက်ရှိအစိုးရကနေ ရွေးကောက်ပွဲကို ကျင်းပပြီး အရပ်သားအစိုးရကို အာဏာလွှဲပြောင်း ပေးမယ်ဆိုတဲ့အတွက် ဒါဟာ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် အရင်ကထက်စာရင် ပြေလျော့သွားတယ်ပေါ့ဗျာ။ အလုံးစုံအာဏာယူထားမှုကနေ စတင်ပြီးတော့ ဖြေလျှော့လာတာပေါ့ဗျာ။ နိုင်ငံတော်အကြီး အကဲပြောသလို ပထမစာမျက်နှာ၊ ဒုတိယစာမျက်နှာပေါ့။ ပထမစာမျက်နှာမှာတော့ ပြင်းထန်တဲ့အခြေ အနေတွေရှိခဲ့ပေမယ့် ဒုတိယစာမျက်နှာမှာတော့ နိုင်ငံရေးအရ ဖြေလျှော့မှုတွေ ပိုများလာနိုင်တယ်။ နိုင်ငံရေးအရ ရွေးကောက်ပွဲကို လုပ်တဲ့အတွက် နိုင်ငံရေးဘောင်ကျယ်လာပြီး စစ်ဘောင် ပြန်ကျုံ့သွားမယ့် အနေအထားကို မြင်ရတဲ့အတွက် ဒုတိယစာမျက်နှာရဲ့ ကနဦးခြေလှမ်းလို့ ယူဆပါတယ်။ ဒီတော့ အားလုံးကတော့ ပြည်သူလူထု အပါအဝင်ပေါ့ဗျာ။ ရွေးကောက်ပွဲအောင် မြင်ရေးကာလနဲ့ ရွေးကောက် ပွဲအလွန်ကိုပဲ အာရုံထားကြမယ်လို့ မျှော်လင့်ပါတယ်"ဟု ဆက်လက်ပြောကြားသည်။
    နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုအားလုံး ရည်မှန်းထားကြသည့် ရွေးကောက်ပွဲ အကြားအလပ်မရှိ ကျင်းပနိုင်ရေးအတွက် နယ်မြေဒေသများ တည်ငြိမ်အေး ချမ်းရေးက လွန်စွာအရေးပါလှသည်။ ထို့ကြောင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်အား အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အရေးပေါ်အခြေအနေ ကြေညာခြင်းအား ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၅)ဖြင့် ထုတ်ပြန်ခဲ့သည်။
    အဆိုပါ အမိန့်တွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၆၃ မြို့နယ်အား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ ပုဒ်မ ၄၁၂(က) အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြစ်ပြီး ယင်းအမိန့်သည် ယနေ့ (ဇူလိုင် ၃၁ ရက်)မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။
    ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၂၅)ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်၍ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တာဝန်များကို တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းလိုက်ကြောင်းလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၂^၂၀၂၅)ဖြင့် ဆက်လက်ထုတ်ပြန်ခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်ပြီး ယင်းအမိန့်သည် ယနေ့ (ဇူလိုင် ၃၁ ရက်)မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ယင်းအမိန့်တွင် ဖော်ပြထားသည်။
    "သံတမန်တွေကအစ နိုင်ငံတကာက လူတွေက ရွေးကောက်ပွဲဖြစ်လာမှာကို ဘယ်လောက်ပဲ အာမခံတယ်ပြောပြော ဟုတ်ပါ့မလား၊ ဖြစ်ပါ့မလားလို့ပြောနေတဲ့အချိန် ခုလိုအပြောင်းအလဲတွေ လုပ်လိုက်တာဟာ အားလုံး ယုံကြည်သွားကြတာပေါ့။ အဲဒီထက်ပိုပြီး အားရ စရာကောင်းတာကတော့ စစ်အုပ်ချုပ်ရေးကြေညာတာပါပဲ။ ကြေညာထားသော ၆၃ မြို့နယ်ရှိတာကို ဒီခြောက် လအတွင်းမှာ ရွေးကောက်ပွဲတွေလုပ်ဖို့ အပြီးတိုင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် အရေးပေါ်အခြေအနေ ရုပ်သိမ်းခဲ့သော မြို့နယ်တွေအတွင်းမှာ ပြည်သူအချို့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတာတွေကို ဝန်ကြီးချုပ် ဦးညိုစောဦးဆောင်တဲ့အစိုးရ ဘယ်လောက်အထိ ဆောင်ရွက်ပေးနိုင်မလဲဆိုတာ စောင့်ကြည့် ရမှာပါ"ဟု ဒေါ်စန္ဒာမင်းက သုံးသပ်ပြောကြားသည်။
    "ကျွန်တော်တို့ပြည်သူရဲ့ သဘောကိုပြောပါဆိုရင် အကြမ်းဖက်မှုတွေကို တပ်မတော်ကအပြီး တိုင်ချုပ်ငြိမ်းအောင် ဆောင်ရွက်ပေးစေချင်တာပါပဲ။ တော်လှန်ရေးဆိုပြီး ခေါင်းစဉ်တပ် အကြမ်းဖက်လုပ် ရပ်ဆောင်ရွက်နေသူတွေရဲ့လုပ်ရပ်က တဖြည်းဖြည်း ရွံစရာကောင်းလာတယ်။ ပြည်ပမှာနေပြီး ပြည်တွင်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်နေသူတွေ၊ နယ်စပ်မှာ တိမ်းရှောင်နေပြီး တော်လှန်ရေးဆိုပြီး ငွေရှာနေတဲ့သူတွေကို ထိထိရောက်ရောက် ဥပဒေအရ အရေးယူပေးပါ။ ဒါမှလည်း အပြစ်မဲ့ ပြည်သူပေါင်းများစွာ ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်ခြင်း ခံရတာတွေအတွက် တရားမျှတမှု ရနိုင်မှာပါ။ သူတို့ဟာ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုမှ ပါဝင်ခွင့်မပေး သင့်တဲ့သူတွေ ဖြစ်ပါတယ်။ တပ်မတော် အနေနဲ့လည်း PDF အပါအဝင် လက်နက်ကိုင်များကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေတယ်လို့ကြား ပါတယ်။ တစ်ဖက်ကလည်း အရေးပေါ်အချိန်ကာလအတွင်းမှာ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အကြမ်း ဖက်တွေကို နှိမ်နှင်းပြီး သူတို့ကြောင့် အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီ ကယ်ဆယ်ပေးစေ လိုပါတယ်"ဟု ပြည်သူတစ်ဦးဖြစ်သူ ဦးဌေးအောင်က ပြောသည်။
    အထက်ပါ နိုင်ငံရေးအသိုင်းအဝိုင်းများနှင့် ပြည်သူတို့၏ သဘောထားများကို ထောက်ရှု သုံးသပ်ကြည့်ပါက ကျင်းပပေးမည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လိုလားလျက်ရှိကြောင်း အထင်းသား မြင်တွေ့ရသည်။ မြန်မာနိုင်ငံတစ်ဝန်း အကြား အလပ်မရှိ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးသည်လည်း ပြည်သူတို့၏ ပူးပေါင်း ပါဝင်မှုများက အရေးပါလှသည်။လတ်တလောတွင် တပ်မတော်အနေဖြင့် နယ်မြေချဲ့ထွင်ရေး ကိုယ်ကျိုး ရှာစစ်ပွဲများ ဖန်တီးကာ မြို့ရွာများ စစ်တလင်းဖြစ်စေရန် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသော လက် နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်း ဖက်သောင်းကျန်းသူများကို တန်ပြန် ထိုးစစ်များ ပြုကာ  မြို့ရွာများကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။ ထိုသို့ အပြီးတိုင် သိမ်းပိုက်ခဲ့သော မြို့ရွာများနေ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတို့ကို အမြန်ဆုံး ပြန်လည်ဆောင်ရွက်ပေးနေပြီး တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။ လက်နက်ကိုင် သောင်းကျန်းသူများ လက်အောက်တွင် နေထိုင်ခဲ့ရပြီး နိုင်ငံသားအခွင့်အရေး ဆုံးရှုံးခဲ့ရသူများ ယခု တည်ငြိမ်အေးချမ်းလာ ချိန်တွင် အေးချမ်းမှု၏ အရသာကို အပြည့်အ၀ ပြန်လည် ခံစားနိုင်ပြီ ဖြစ်သည်။
    ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုမရသေးသည့် ဒေသများ  ပြန်လည်တည်ငြိမ် အေးချမ်းရေးအတွက် အဓိကလိုအပ်သည့် အခန်းကဏ္ဍတွင် ပြည်သူပါဝင်မှုက အရေးပါလှသည်ကို တွေ့ရှိရသည်။ ပြည်သူများကိုယ်တိုင်က လက်နက်ကိုင်သောင်းကျန်းသူများကို မလိုလားခြင်း၊ အကြမ်း ဖက်အဖွဲ့များကို အားပေးထောက်ခံမှု မပြုခြင်းတို့ဖြင့် တပ်မတော်နှင့်ပူပေါင်းကာ မိမိအရပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်ရန် အချိန်ကျလာပြီ ဖြစ်သည်။ သို့မှသာ တည်ငြိမ်အေးချမ်းသော ဒေသများနည်းတူ ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် နိုင်ငံသား အခွင့်အရေးကို အပြည့်အဝအသုံးချ၍ ဒီမိုကရေစီနိုင်ငံ တော်ထူထောင်ရေးတွင် ပူးပေါင်း ပါဝင်နိုင်ကြမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက နိုင်ငံရေးဝါဒမှိုင်းများ ကြောင့် အမှန်ကိုမမြင် နွားခြေရာခွက်ကို သမုဒ္ဒရာထင်ကာ ကျင်လည်နေမည်ဆိုပါက လူနေမှုဘဝများ နောက်ကျကျန် ရစ်ခဲ့မည်သာဖြစ်သည်။ ( ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 21

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49090

© 2022 - 2025 News. All Rights Reserved.