၂၀၂၅ ၊ ဩဂုတ် ၈
ဇူလိုင် ၃၁ ရက်မှာ နစကဟာ လေးနှစ်ကျော် သက်တမ်းအပြီး ဖွဲ့စည်းပုံအခြေခံဥပဒအရ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အာဏာပြန်လည် အပ်ပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပဖို့ လိုအပ်တဲ့အဖွဲ့တွေ ဖွဲ့စည်းပြီးတော့ လာမည့်ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကို ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းခဲ့တယ်။ အခုလို နိုင်ငံတော်ဘက်က အပြောင်းအလဲ ပြုလုပ်ရတော့မယ်ဆိုတာသိတဲ့အချိန်မှာ NUG ဆိုတဲ့ကိုလည်း နိုင်ငံတော်ကို ဆန့်ကျင်နေတဲ့ အင်အားစုက လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး အင်သစ်အားသစ်၊ မဟာဗျူ ဟာအသစ်တွေနဲ့ ပြန်လည်တိုက်ခိုက်ဖို့ လုံးပန်းလာတာ တွေ့ရပါတယ်။
အဓိကçကတော့ NUG ထောက်ခံသူတွေဟာ နစကအနေနဲ့ ရွေးကောက်ပွဲမလုပ်နိုင်ဘဲ ဆက်လက် အုပ်ချုပ်နေသရွေ့ ကာလပတ်လုံး သူတို့အတွက်က နစကသည် ၂၀၂၀ မှာ တရားဝင်အနိုင်ရတဲ့ ပါတီကို အာဏာမလွှဲတာကို အကြောင်းပြတိုက်ခိုက်ရတာ အလွန်အဆင်ပြေနေတာကနေ နစကက ရွေးကောက်ပွဲလုပ်တော့မယ် ဆိုလိုက်တော့ သူတို့ပါ လိုအပ်တဲ့ လိုက်လျောညီထွေ ပြင်ဆင်ဖို့ (Window Dressing) လိုလာ ပါတယ်။ တစ်ဖက်ကကြည့်ရင် သူတို့လည်း ငါးနှစ်သက်တမ်းထဲရောက်လာတော့ ဒီအခါမှာ အပြင်အဆင် တွေလုပ်ရတော့မှာပါ။ ဒါကြောင့်မို့ သူတို့ထောက်ခံသူတွေကြားက လိုင်းပေါ်မှာ နာမည်သိ YouTubers တွေဖြစ်ကြတဲ့ ဇော်မိုးကျော်တို့၊ တေဇာစန်းတို့၊ ဦးကြီးမြင့်တို့ စတဲ့လူတွေက လေးနှစ်ကျော်ကာလ သူတို့မြင်ခဲ့တဲ့ NUG ရဲ့ ဆောင်ရွက်ချက်တွေကို၊ သူတို့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ဝေဖန်ချက်တွေ ထောက်ပြလာကြပါတယ်။ ဒီလို ထောက်ပြကြတာကလည်း နစကဟာ သူလည်း ပြုပြင်သင့်တာတွေ၊ ပြင်ဆင်သင့်တာတွေနဲ့ ရွေးကောက်ပွဲလုပ်ပေးပြီးတော့ တပ်ချုပ်ကြီး ပြောသွားတဲ့ 'ဒုတိယ စာမျက်နှာကို ဆက်ရေးမယ်'လို့ ပွင့်ပွင့်လင်းလင်းပြော လိုက်တာဆိုတော့ သူတို့လည်း 'သုံးသပ်ချက် လွယ်လွယ်ရသွား'တာပေါ့။ (Version 2.0) လာမယ် ဆိုတာပါ။ ဒါကလည်း တပ်ချုပ်ကြီးက ပြောပြီးသာ စကားတွေပါ။ ရွေးကောက်ပွဲကို စံချိန်စံညွှန်းနဲ့အညီ လုပ်မယ်။ All Inclusive ဖြစ်ဖို့ မလေးရှားက ပြောပါတယ်။ အန္နဝါကိုယ်တိုင် ပြင်းပြင်းထန်ထန် စွပ်စွဲချက်တွေနဲ့ သူ့ကို ထောင်ထဲထည့်ထားလို့၊ သူ့မိန်းမကိုပဲ ရွေးကောက်ပွဲဝင်ခိုင်းရတာပဲ မဟုတ်ဘူးလား။ ထိုင်းမှာ သက်ဆင်မိသားစု တစ်ယောက်ပြီးတစ်ယောက် စည်းတား (Side Lined) လုပ်ခံရတာ ဘာမှမကြာသေးပါဘူး။ အခုမှ ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေတဲ့ အာဆီယံနိုင်ငံပေါက်စလေး သူတို့ တိုင်းပြည်တည်ဆောက်စက အမျိုးသားခေါင်းဆောင်ကြီး လက်ထက်က သူ့ပါတီကိုရော၊ တိုင်းပြည်ကိုပါ ဘယ်လိုတည်ဆောက်ခဲ့သလဲ။ ထိုင်းက 'ရှေ့ကို ရွေ့လျားချင်တဲ့ နိုင်ငံရေးပါတီ} သူ့ခေါင်းဆောင် ဘယ်နှဆက် နိုင်ငံရေး လောကကနေ ထွက်သွားရသလဲ။
အာရှနိုင်ငံရေးမျက်နှာစာကို မသိကျိုးကျွန် လုပ်ပြီး အရူးကွက်နင်းချင်လို့တော့ မရပါဘူး။ 'နစက' က နိုင်ငံရေးမြေပုံအတိုင်း သွားလိုက်တော့ NUG လည်း သင့်ရာတေးသွားနဲ့ မကမဖြစ် လိုက်ကရပါတော့တယ်။ NUG အစိုးရအဖွဲ့မှာ လူစုံတက်စုံ ဝန်ကြီးဌာန ၁၇ ခုကို DG အဆင့်အထိ နေရာတွေ ပေးထားလိုက် တာ ဝါရှင်တန်မှာ အဝေးရောက် အစိုးရအဖွဲ့ရုံး ရှိနေတာ၊ ပြည်တွင်းက PDF အဖွဲ့တွေနဲ့ ကင်းကွာနေတယ် လို့ ပြောလိုက်တော့ သုံးယောက်လောက်ပဲ လူလုံးလာပြပါတယ်။ သက်တမ်းပြည့်တော့မှာမို့ လူတွေ ဘယ်လို လဲမှာလဲ၊ လူမလဲဘဲ မူပဲ လဲမလား၊ မေးကြပြန်တော့လည်း ဘာမှ ဂဃနဏ ပေါ်မလာပါဘူး။ ဒီကြားထဲမှာ လိုင်းပေါ်တက်ပြီး NUG ကို အားမလိုအားမရ ရင်ဖွင့်ကြတာဟာ လုပ်ကြံတာတွေ တစ်ခုမှ မပါတဲ့ သူတို့ရဲ့ ရင်တွင်းစကားတွေပါ။ ဒါကို ဘာမှငွေကုန်ကြေးကျခံပြီး Tap လုပ်စရာ မလိုပါဘူး။ Interviews တွေ၊ Monitor လုပ်လိုက်ရုံနဲ့ Open Source Info လွယ်လွယ်ရနိုင်ပါတယ်။
ကိုသက်ထွေးနိုင်က Good Interrogator ပါ။ ကိုဇော်မိုးကျော်က Opposition ရဲ့ အကောင်းဆုံးတန်ပြန် (Counter)နိုင်တဲ့ အချက်အလက်တွေကို ဖော်ပေးသွားပါတယ်။ သူတို့ Interview က တချို့ အချက်အလက်ကလေးတွေကို ကောက်နုတ်ဖော်ပြလိုပါတယ်။ "အခုလုပ်မည့် ရွေးကောက်ပွဲဟာ နောက်တက်လာမည့် အစိုးရအတွက် သင့်တင့်သော (Legitimacy) တရားဝင်မှုကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။" (သူ့အမြင်ပါ) ဒါကြောင့်မို့ ရွေးကောက်ပွဲ မပျက်ပျက်အောင် ရတဲ့နည်းနဲ့ လုပ်ရမယ်လို့ ဦးဇော်မိုးကျော်က တိုက်တွန်းထားပါတယ်။ 'နစကကောင်စီကလည်း ဥပဒသစ်တွေ လိုက်လျောညီထွေဖြစ်အောင် ထုတ်ထားပါတယ်။ လူ့အသက်အန္တရာယ်ဖြစ်ရင်တော့ အံဝင်ခွင်ကျ အစီအစဉ်လေးလည်း ပါပါတယ်။ ၆၃ မြို့နယ်ကလည်း (Martial Law) ထုတ်ထားပြီးသားဖြစ်တော့ စီမံခန့်ခွဲရတာ အားလုံးအဆင်ပြေသွားအောင် စီမံထားတဲ့ သဘောရှိပါတယ်}။
တိုက်ခိုက်ချိန်မှာလည်း တစုတစည်းတည်း ပေါင်းတိုက်ခိုက်ဖို့ ERO နဲ့ PDF ကို ပြောပါတယ်။ ၂၀၂၄ ခုနှစ်ထဲကတော့ အဲဒီလို တိုက်ခိုက်နိုင်ပေမယ့် အခုက စစ်ကလည်း အီလာပြီဆိုတော့ စစ်ပန်းလာတာလည်း ပါသလို (Arms n Ammo) စစ်လက်နက်ပစ္စည်း၊ (logistics) ထောက်ပို့စနစ်နဲ့ လမ်းကြောင်း၊ စစ်သည်ပြန်လည်အားဖြည့်ရေး၊ Recruitement ခံနိုင်ရည် (resilience) ကလည်း ကွာလာပါတယ်။ ဆန္ဒရှိသလောက် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကလည်း နောက်ကလိုက်ဖို့ လိုလာပါတယ်။ ဒါတွေ ပြေလည်အောင် ဖြေရှင်းရချိန်မှာတော့ အလွဲလွဲအမှားမှားတွေ ဖြစ်လာပါတယ်။ PDF အဖြစ် ဝင်လာသူတွေဟာ ရည်ရွယ် ချက်အမျိုးမျိုး၊ စိတ်ဓာတ်စေ့ဆော်ချက်အမျိုးမျိုးနဲ့ ဝင်လာတာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေ ဖြည့်ဆည်းရာမှာ အဂတိတွေ ပါလာပါတယ်။ (ဆက်ကြေး ကောက်မယ်၊ လူထုနဲ့ ဆက်ဆံရာမှာ မပြေလည်ဘူး၊ အလွဲသုံးစားလုပ်တာ၊) ဒါတွေဟာ 'တော်လှန်ရေး အရေခြုံပြီး လုပ်စားတာမျိုး' ဖြစ်တော့ လူထုက ကြာလေသဘောပေါက်လေလေ ဖြစ်လာပါတယ်။ ERO ခေါင်းဆောင်တစ်ယောက်ပြောသလို 'စစ်ဆိုတာ မြန်မြန်တိုက်ရတယ်။ မဟုတ်ရင် အကုန်သူခိုး၊ ဓားပြဖြစ်ကုန်ရော'ဆိုတာမျိုး အခုတော့ အကုန် ခိုးလိုးခုလုတွေ ဖြစ်ကုန်ပါတော့တယ်။
ဦးဇော်မိုးကျော်က "နစကက စစ်ကို အချိန်ဆွဲ တိုက်တာ"လို့ ပြောပါတယ်။ သမားရိုးကျ စစ်တပ်က Guerilla Tactics ပြန်သုံးတော့ အထိမ်းအကွပ်မဲ့တဲ့ လက်နက်ကိုင်အုပ်စုဟာ ဇာတိမှန်ပေါ်ပါတော့တယ်။ နိုင်ငံခြားကို မိသားစုလိုက် ရွှေ့ပြောင်းအခြေချနိုင်တဲ့ တော်လှန်ရေးမိသားစု (Displaced so Called Revolutionary Families) သန်းကျော်တန်အိမ်တွေ ဝယ်နေနိုင်တဲ့ ကြေးစားထောက်ပို့တွေ၊ လက်နက်မှောင်ခို၊ မူးယစ်ကုန် သည် Gun Runners / Narco Traffickers ဖြစ်ကုန်ပါတော့တယ်။ သူပြောတာကတော့ ထိုးစစ်တွေ အပြတ်ဆင်ပြီး လက်ရှိ သူတို့ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ရေမြေ ရာခိုင်နှုန်း ၈၀ ကို လုံးဝဥဿုံ သိမ်း လိုက်ဖို့ (သူ့အပြော) ပြောပါတယ်။
ဒီလိုသာ ပြောတာ ၂၀၂၅ ဇူလိုင်လဆန်း လောက်ကစပြီး အရင်က လက်လွှတ်ထားရတဲ့ နယ်မြေတွေဖြစ်တဲ့ မိုးဗြဲ (ဇူလိုင် ၅ ၊ KNPP)၊ နောင်ချို (ဇူလိုင် ၁၆ TNLA) သပိတ်ကျင်း( ဇူလိုင် ၃၀) မြို့တွေကို ထိုးစစ်နဲ့ ပြန်လည်ရယူနိုင်ပြီး ဖြစ်ပါတယ်။ နစကအနေနဲ့က ဒီလို ရယူနိုင်အောင် စစ်သည်အင်အားဖြည့်တင်းနိုင်ဖို့ စီမံချက်ကို နိုင်ငံတော်နယ်မြေများ လုံခြုံရေးစီမံချက်အနေနဲ့ အငြိုအငြင်ခံပြီး မာမာတင်းတင်း ပြန်လည်လုပ် ဆောင်ရတာ ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေကိုကျင့်သုံး ပြီး အခုစစ်သားသစ် သင်တန်း ၁၃ ခု ဆင်းခဲ့ပြီးပါပြီ။ စပြီး ဒီဥပဒေကျင့်သုံးစကလူတွေ အမနာပပြောလိုက်ကြတာ ရစရာမရှိပါဘူး။ ပြော တော့ စစ်ခွေးဆိုပြီး မှိုချိုးမျှစ်ချိုး ပြောလိုက်ကြတာ။ စစ်ခွေးလို ပြည်သူအတွက် အသက်ပေးဖို့ကြတော့ ကြောက်ချေးပါတဲ့သူက အများစု။ (မရှက်မကြောက်ဗျာ၊ သူတို့လုပ်ငန်းတွေအတွက် လူရှာရင် 'စစ်ထွက်လေး ဖြစ်ပါစေနော်')တဲ့။ တော်တော်တရားကျစရာ ကောင်းသူတွေပါ။ ခုတော့ အမုန်းခံပြီး လုပ်လိုက်တာ အရာတော့ ထင်ပါပြီ။ နောင်ချိုတိုက်ပွဲမှာ ပြည်သူ့စစ်တွေနဲ့ ပြည်သူ့စစ်မှုထမ်းတွေ အများကြီးပါပါတယ်။
သူတို့ရဲ့ စွမ်းဆောင်ချက်ကို ဒုတပ်ချုပ်ကိုယ်တိုင် ရှေ့တန်းအထိသွားပြီး ချီးမြှင့်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ တပ်မတော်အတွက် အမုန်းခံရကျိုး နပ်တယ်လို့ ဆိုရပါလိမ့်မယ်။
နောက်ထပ်မကြာခင် ထူးခြားလာမည့် ဒေသတွေ ကျန်ပါသေးတယ်။ ကချင်ပြည်နယ် စစ်ဆင်ရေးအတွက် ဧရာဝတီမြစ်ကြီးကို အခုလို မိုးကာလမှာ သုံးလိုက်တာဟာ အခွင့်ကောင်းပါ။ ဧရာဝတီမြစ်ကမ်း တစ်ဖက်တစ်ချက် PDF Logistics Route တွေ အရှင်းခံရနိုင်ပါတယ်။ ကချင်ပြည်နယ်ထဲက ပစ်မှတ်တွေလည်း အခြိမ်းခြောက် ခံရနိုင်ပါတယ်။ တပ်မတော်အတွက် မိုးကာလမှာ လှုပ်ရှားမှုတွေ လျော့သွားမယ်လို့ ထင်တာ၊ (Element of Surprise)တကယ်တမ်း ဘယ်သူရပါသလဲ။ ကြုံလို့ နောက်တစ်ချက်ပြောချင်တာက အခု ရေပန်းစားလာတဲ့ REM လို့ခေါ်တဲ့ Rare Earth Minerals (မြေရှား)သတ္တုပါ။ မကြာခင်က လိုင်းပေါ်တက်လာတဲ့ ကချင်ပြည်နယ်ထဲက REM တွေအကြောင်းကို ထင်ရာ မြင်ရာတွေ လျှောက်ပြောပြီးတော့ KIA က US ကို ရောင်းဖို့ တရုတ်ကို ဘေးဖယ်ပြီး တောင်တွေကို ဖောက်၊ ပိုက်တွေကနေ အက်စစ်တွေနဲ့ လောင်းချပြီး စစ်ကန်ကတစ်ဆင့် အခြောက်ခံ ထုတ်ယူနေတာပါ။ နယ်ကျော်ပြီး ဟိုဘက် (Refinery) ကနေ သန့်စင်တဲ့ ကုမ္ပဏီကဝယ်တာ ကြာပါပြီ။ မဟုတ်တာအတူလုပ်နေတဲ့ စီးပွားရေးကျင့်ဝတ်ပျက်၊ Unethical ပတ်ဝန်းကျင် ဖျက်ဆီးနေသူဆီကနေ အမေရိကန်ကုမ္ပဏီက ဝယ်မလား။ KIA က ဖောက်သည်ပြောင်းပြီး စီးပွားရေးပြိုင်ဘက် (Rival) ကို (Strategic Mineral) ရောင်းရင် တရုတ်ခေါင်းဆောင်တွေက အဲဒီကုမ္ပဏီကို လုပ်ချင်တာ လုပ်ခွင့်ပေးပါ့မလား။ (ချင့်လည်း ယုံကြစေချင်ပါတယ်)။
NUG ရဲ့ လိုလားချက်ကတော့ရွေးကောက် ပွဲမပျက် ပျက်အောင်လုပ်မယ်။ အောင်မြင်သွားရင်လည်း ဒီရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ ဆက်အော်နေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ နောက် အစိုးရ legitimacy ရသွားရင် NUG မြောင်းထဲရောက်ပြီ။ (တစ်ချိန်က NCGUB လည်း ဒီလိုနဲ့ ညောင်းသွားရ တာပါ)။
NUG နဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေးကို လေ့လာသူ နိုင်ငံခြားသား သုတေသီတစ်ဦးကတော့ တော်လှန်ရေး လေးနှစ်ကျော်ကာလမှာ သူ့ရဲ့ထင်မြင်ချက်ကို အခုလို သုံးသပ်ထားပါတယ်။
'' နယ်မြေတွေ သိမ်းပိုက်ထားတယ်လို့ ကြေညာထားပေမယ့် ပြည်သူတွေကို ထိထိရောက်ရောက် မကွပ်ကဲနိုင်ခြင်း၊ ဝန်ဆောင်မှု မဆောင်ရွက်ပေးနိုင်ခြင်း။
'' နိုင်ငံတချို့နဲ့ သံတမန်ရေးအရ ထိတွေ့ ဆက်ဆံတာကလွဲလို့ ကျန်တဲ့ဘယ်နိုင်ငံကြီး၊ နိုင်ငံတကာ အဖွဲ့အစည်းကမှ NUG ကို အသိအမှတ်မပြုခြင်း။
'' EAO နဲ့ PDF နှစ်ဖွဲ့ကြား စည်းလုံးမှုမရှိဘဲ တကွဲတပြား ဖြစ်နေခြင်း။
'' NUG ဟာ ရန်ပုံငွေရဖို့အတွက် လူအများရဲ့ အလှူငွေပေါ်မှာ ရပ်တည်နေရအတွက် ရန်ပုံငွေရရှိဖို့ အခက်အခဲရှိခြင်း။
'' စည်းရုံးရေးကိစ္စတွေကို မြို့နေလူထုအတွက် လိုင်းပေါ်ကပဲ ဇောက်ချလုပ်နေရတဲ့အတွက် အောက်ခြေလူထုနဲ့ ကင်းကွာနေခြင်း။
'' ပြည်ပြေးဘဝနဲ့ မြေအောက် လှုပ်ရှားမှုတွေသာ လုပ်နေရတဲ့အတွက် တစုတစည်းတည်း စုပေါင်းတိုင်ပင် ဆွေးနွေးနိုင်ခွင့်မရလို့ စည်ရုံးရေးလျော့ရဲခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်း။
'' EAO / PDF တွေ ခေါင်းဆောင်တစ်ဦးတည်း အမိန့်အောက်မှာ မရှိတဲ့အတွက် အဖွဲ့လိုက် စိတ်ကူးပေါက်သလို တိုက်နေခြင်း။
'' NUG ဟာ အဖွဲ့အစည်းရဲ့ အရည်အသွေးနဲ့ တကယ်ပင်ကို အရှိတရားထက် ဒီမိုကရေစီအပေါ် ကိုယ်စားပြုမှု သင်္ကေတသဘောလောက်သာ ကိုယ်စားပြုနေတဲ့အတွက် တော်လှန်ရေးမှာထိရောက်မှု အားနည်းကြောင်း ဝေဖန်ထားပါတယ်။
မြန်မာ့သမိုင်းကြောင်းတစ်လျှောက်ကို ပြန်ကြည့်လိုက်ရင် နှစ်ပေါင်း ၇၀ လောက်ဟာ တစ်ဖက်နဲ့ တစ်ဖက်ပဋိပက္ခဖြစ်နေကြတာနဲ့ လူ့အသက်တွေ၊ ပစ္စည်းတွေလည်း ဆုံးရှုံးနေရတာပဲ ကျန်ခဲ့ပါတယ်။၊ မငြိမ်းချမ်းတဲ့ ဒေသကလူတွေအတွက် လက်ရှိ ကြုံတွေ့နေရတဲ့ လူမှုဒုက္ခတွေ အမြန်ငြိမ်းအေးရအောင် အဖြေထုတ်ကြဖို့ အချိန်တန်ပါပြီ။ တိုင်းပြည်တည်ဆောက်ရင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ ပြန်လည်တည်ဆောက်ဖို့ တစ်ချိန်တည်းမှာ စီးပွားရေးအရလည်း ပြန်လည်နာလန်ထူလာနိုင်အောင် လုပ်ဆောင်ကြဖို့ လိုပါပြီ။ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စာမျက်နှာအသစ်ရေးရမည့် ကာလမှာ အတ္တဗဟိုပြုတဲ့ စိတ်ထားတွေ လျှော့ချပြီး တိုင်းရင်းသားလူမျိုးစုတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် ဒုတိစာမျက်နှာမှာ စိတ်ထားမှန်တွေနဲ့ ပါဝင်ရေးသားနိုင်ကြပါစေလို့သာ ဆန္ဒပြုအပ်ပါတယ်။
(ဖိုးခွား)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )