ပထဝီအကျိုးစီးပွား ဆက်စပ်မှုနဲ့ လူမျိုးစွဲ ဖက်ဒရယ် အယူအဆကြားမှာ ဘယ်လို ဖက်ဒရယ်ပြည် ထောင်စုမျိုး တည်ဆောက်ကြမှာလဲ

၂၀၂၅၊ ဇွန် ၂၁
    ဇွန် ၁၄ ရက် ရက်စွဲနဲ့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ထုတ်ပြန်လာခဲ့တဲ့ (၇၆) နှစ်မြောက် ကော်သူးလေနေ့နဲ့ သက်ဆိုင်တဲ့ ကြေညာချက်ထဲမှာပါခဲ့တဲ့ တချို့သော အကြောင်းအရာတွေဟာ ဗဟိုပြည်ထောင်စုအတွက် (တစ်နည်းအားဖြင့်) ဖက်ဒရယ်ပြည်ထောင်စုအတွက် သိပ်ကို ဂရုစိုက်ချင်စရာ ကောင်းတဲ့အချက်တွေ ပါလာခဲ့တယ်ဆိုတာ တွေ့လိုက်ရတယ်။ အထူးသဖြင့်တော့ 'ကိုယ်ပိုင်နိုင်ငံနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လက်နက်ကိုင်ပြီး တိုက်ယူရတယ်ဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေ၊ ကရင်အမျိုးသား တော်လှန်ရေးလှုပ်ရှားမှုတွေဟာ ကရင်လူမျိုးတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကော်သူး လေ နိုင်ငံထူထောင်လိုခြင်းဖြစ်တယ်၊ တစ်ဆက်တည်း' 'ကော်သူးလေနိုင်ငံ' ထူထောင်ခြင်းနဲ့ 'ကော်သူး လေအစိုးရ' ဖွဲ့စည်းခြင်းက ၇၆ နှစ်တင်းတင်း ပြည့်ခဲ့ပြီဆိုတဲ့ စကားလုံးတွေကို အကျယ်တဝင့်သုံးသွားခဲ့တာ တွေ့လိုက်ရတယ်။ လက်ရှိ မြေပြင်အခြေအနေအရလည်း KNU တပ်ဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်က တပ်မတော် ရှေ့တန်းစခန်းတွေကို အင်အားအလုံးအရင်းသုံးပြီး တိုက်နေရတဲ့ အကြောင်း အရင်းကလည်း ဒီနယ်မြေတွေအားလုံး စုပေါင်းပြီး 'ကော်သူးလေ' အိပ်မက်မက် နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်။ 
    ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ KNUအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးပဋိပက္ခကို အသုံးချပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြင် NCA စာချုပ်ပါ သဘောတူညီချက်တွေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာက သိပ်အံ့သြစရာ ကောင်းလွန်းတယ်။ ဒါတွေကလည်း ရှေ့မှာဖြစ်ခဲ့တဲ့ ရှမ်းမြောက်ကျူးကျော်စစ်ကို အားကျပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသက နယ်မြေတွေကို အကျိုးစီးပွားအရ ထိန်းချုပ်လိုမှုဆိုတဲ့ မတော်လောဘတွေကို 'ကော်သူးလေနိုင်ငံ' ဆိုတဲ့ အချက်နဲ့ ချိတ်ဆက်ပြီး စစ်ရေး အခင်းအကျင်းအရ အသာစီးရလာအောင် အချိန်ကိုက် ကစားလာတာ တွေ့ရတယ်။
    တကယ်တော့ KNU မှ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်နေကြတဲ့ တိုင်းရင်းသား အမည်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဟာ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေ ကိုယ်စီရှိကြသလို ကွဲပြားခြားနားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေလည်း အသီးသီးရှိကြတယ်။ ဒီတိုင်းရင်းသား လက်နက်ကိုင် အားလုံးအနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်မီကာလက ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး အကျပ်အတည်းတွေအပြင် ၁၉၄၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေ တစ်ခုဖြစ်တဲ့ 'ခွဲထွက်ခွင့်'ဆိုတဲ့ စကားလုံးတစ်ခုကို နိုင်ငံရေးလက်ကိုင်တုတ်အဖြစ်နဲ့ လက်ရှိခေတ် ကာလတိုင်အောင် ခေတ်အဆက်ဆက် အသုံးချလာနေတာလည်း တွေ့နေရတယ်။
    ပြီးခဲ့တဲ့ မေ ၂၇ ရက်မှာ အကြမ်းဖက် AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက 'နှစ် ၂၀၀ ကျော် ကိုလိုနီအောက်က အဖရခိုင်ပြည် လွတ်မြောက်ဖို့ စစ်မှုထမ်း ပြဋ္ဌာန်းချက် ထုတ်ပြန်ရတာဖြစ်သလို လက်ရှိစစ်ပွဲတွေဟာ ရခိုင်တစ်ပြည်လုံး လွတ်မြောက်ဖို့ရာအတွက်လည်းဖြစ်တယ်'ဆိုပြီး ပြောခဲ့သလို အကြမ်းဖက် AA ရဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်ကလည်း 'ရခိုင်တွေအနေနဲ့ Confederate အဆင့်အတန်း ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းရရှိဖို့နဲ့ ရခိုင့်ကံကြမ္မာကို ရခိုင်တွေကိုယ် တိုင်ဖန်တီးနိုင်ဖို့'ဆိုပြီး ပြောခဲ့ဖူးတယ်။ အကြမ်းဖက် AA ရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက် စကားလုံးတွေကို ကြည့်ရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အခင်းအကျင်းနဲ့ကင်းကွာပြီး ခွဲထွက်ခွင့်ကို ဦးတည်တဲ့ Confederate အမျိုးအစားကို ဦးတည်နေတာ တွေ့ရလိမ့်မယ်။ တကယ်တော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် 'ငြိမ်းချမ်းရေးနှစ်အဖြစ်နဲ့ သတ်မှတ်ပြီး တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ လုပ်ဆောင်သွားမယ်'ဆိုပြီး ပြောခဲ့တာရှိတယ်။ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး လက်တွေ့ကျတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့ လက်နက်ကိုင်ခေါင်း ဆောင်တွေကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပေမယ့် ဒီကမ်းလှမ်းချက်တွေကို အကြမ်းဖက် AA ကိုယ်တိုင် ငြင်း ပယ်ခဲ့ဖူးတယ်။ လက်ရှိအချိန်မှာ အစိုးရရဲ့ နိုင်ငံရေးအကျပ်အ တည်း၊ တပ်မတော်ရဲ့ စစ်ဘောင်ကျယ် ပြန့်မှုတွေကို အခွင့်ကောင်းယူပြီး တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က သီးခြားနိုင်ငံထူ ထောင်လိုမှုနဲ့ လွတ်လပ်သော ပြည်နယ်အဖြစ် ပေါ်ပေါက်ရေးဆိုတဲ့ စကားလုံးတွေဟာ ပြည်ထောင်စု အတွက် သိပ်ကိုအန္တရာယ်ကြီးမားတဲ့ အခြေအနေမျိုး ကြုံနေရပြီလားလို့ မေးခွန်းထုတ်ရတော့မှာ ဖြစ်တယ်။ 
    နစကနဲ့ တပ်မတော်အတွက် ပိုပြီးစိန်ခေါ်မှုဖြစ်စေတဲ့ အချက်တစ်ခုက မြောက်ပိုင်းမဟာ မိတ်အဖွဲ့ထဲမှာ MNDAA ကလွဲရင် ကျန်တဲ့ TNLA နဲ့ AA တို့က  အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ NUG နဲ့ ထိတွေ့ဆက်ဆံမှုရှိနေတဲ့ အချက်ကလည်း နိုင်ငံရေးဆွေးနွေးမှုလမ်း ကြောင်းကို ထိခိုက်စေတယ်လို့လည်း မြင်မိတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေ ၁၆ ရက်မှာ အမျိုး သားညီညွတ် ရေးအစိုးရ (NUG)နဲ့ ULA/AA တို့ အွန်လိုင်းကနေ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သလို TNLA ဘက်ကလည်း ပထမအကြိမ် ကူမင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)နဲ့ ပူးပေါင်းလက်တွဲပြီး တပ်မတော်ကို တိုက်ခိုက်သွားမယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ ဖူးတယ်။ လက်ရှိအခြေအနေမှာ MNDAA နဲ့ တပ်မတော်ကြားမှာ အပစ်ရပ်ထားတယ်ဆိုပေမယ့် သိန္နီမြို့ ပေါ်ထဲက ရပ်ကွက်တွေမှာ MNDAA အဖွဲ့က တပ်သား သစ်အတွက် လူသစ်စုနေတဲ့ သတင်းတွေလည်း တွေ့နေရတယ်။ သိန္နီမြို့ဟာ မြို့ပေါ်ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု ၃၆ စုနဲ့ လူဦးရေအားဖြင့် ခြောက်သောင်းကျော်လောက် နေထိုင်ကြတဲ့ အခြေအနေမို့ MNDAA ရဲ့ လုပ်ရပ်ဟာ ရေရှည်ငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းရယ်၊ ဒီလုပ်ရပ်တွေကို အချိန်မီတားဆီးနိုင်ဖို့အတွက် တပ်မတော်အနေနဲ့ ဒီဒေသတွေကို သံတမန်ရေး၊ စစ်ရေးနဲ့ နိုင်ငံရေးအရ ထိန်းချုပ်နိုင်ဖို့အတွက်လည်း သေချာပေါက် လိုအပ်လာပါလိမ့်မယ်။
    အနာဂတ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့အတွက် ခြေလှမ်းပြင်နေချိန်မျိုးမှာ လက်နက် ကိုင်အင်အားစုတွေအနေနဲ့ 'တောမီးလောင် တောကြောင် လက်ခမောင်းခတ်'ဆိုတဲ့ လုပ်ရပ်မျိုးတွေကို ရှောင်ကြဉ်သင့်တယ်လို့ပဲ မြင်မိတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအောက်မှာ နေထိုင်ကြတဲ့ နိုင်ငံသားအားလုံးအနေနဲ့ ဒီမိုကရေစီဆိုတဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှု အခွင့်အရေးတွေကို အပြည့်အ၀ ကျင့်သုံးနိုင်ဖို့အတွက် အရေးကြီးသလို ဖက်ဒရယ်စနစ်ရဲ့ အဓိက အနှစ်သာရဖြစ်တဲ့ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေနဲ့သာ ပြည်ထောင်စုကြီးကို စုစုစည်းစည်း ထူထောင်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားလုံးတွေ သုံးပြီး သီးခြားလက်နက်ကိုင်တစ်ခုကို ခိုင်မာအားကောင်းအောင် တည်ဆောက်ထားသလို တစ်ဖက်မှာ ဗဟိုပြည်ထောင်စုကိုဆန့်ကျင်ပြီး Confederate ကို ဦးတည်စေတဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြဖို့  လိုအပ်တယ်။ လက်ရှိအခြေအနေမှာ KNU ၊ AA နဲ့ TNLA တို့ရဲ့ လုပ်ရပ်တွေနဲ့ စကားလုံးအသုံး အနှုန်းတွေကိုကြည့်ရင် လက်ရှိတည်ဆဲဖြစ်သလို အမြင့်ဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်း ချက်ကို စစ်ရေးအရ အသားယူပြီး ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ တွေ့ရလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်ရဲ့ အချုပ်အခြာဟာ ပြည်ထောင်စုတစ်ဝန်းလုံး မှာရှိတဲ့ နိုင်ငံသားတွေအပေါ် တည်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေ လိုလားတဲ့လမ်းစဉ်ဟာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင် မြှောက်ထားတာမျိုး မဟုတ်ဘဲ အကျိုးစီးပွားကိုသာ ဦးတည်ပြီး သားစဉ်မြေးဆက် အုပ်ချုပ်မယ့် စစ်ဘုရင်ဝါဒမျိုးကိုသာ အကောင်အ ထည်ဖော်လိုနေကြတာ တွေ့မြင်ရလိမ့်မယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၈/၂၉ တုန်းက လားရှိုးမြို့နယ်ထဲက ဟန်နားရွာနားမှာ SSPP/SSA  နဲ့ MNDAA တို့ တိုက်ပွဲဖြစ်ခဲ့သလို ဇွန် ၁၆ ရက်မှာလည်း ကျောက်မဲမြို့ နယ်ထဲက ဟူးဆွန်ကျေးရွာမှာ SSPP/SSA နဲ့ TNLA တို့ ထိတွေ့မှု ဖြစ်ခဲ့တာတွေကိုကြည့်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားလုံးတွေ ဘယ်လောက်ပဲ သုံးထား သုံးထား ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ လုပ်ရပ်တွေကို အပြိုင်လုပ်နေကြတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရလိမ့်မယ်။     
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကတော့ အနာဂတ်မှာ လူမျိုးကို အခြေတည်တဲ့ ဖက်ဒရယ် စနစ်ထက်၊ ဒေသကို အခြေခံတဲ့ ဖက်ဒရယ်စနစ်မျိုး တည်ဆောက်မယ်ဆိုပြီး ပြောခဲ့တာ တွေ့ရတယ်။ လက်ရှိဒီနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာအများစုကလည်း လူမျိုစွဲ ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်တွေကြောင့် အထူးသဖြင့် လူမျိုးစွဲပြည်နယ်တွေ ရရှိလိုမှုတွေကြောင့် ပဋိပက္ခတွေပိုပြီး ပြင်းထန်နေရတယ်လို့ ထင်မိတယ်။ ဒါကြောင့်လည်း ဒီပဋိပက္ခတွေကို လျော့နည်းဖို့ဆိုရင် အနာဂတ်မှာ ဒေသန္တရကို အခြေခံပြီး ပြည်ထောင်စုအမြင် သက်ရောက်စေမယ့် အမည်နာမတွေကို ပြောင်းလဲသတ်မှတ်ပြဋ္ဌာန်း ပေးဖို့သေချာပေါက် လိုအပ်လိမ့်မယ်။ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်ခုနစ် ပြည်နယ်၊ တိုင်းဒေသကြီးခုနစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခြောက်ခုနဲ့ ပြည်ထောင်စုနယ်မြေတစ်ခု ဆိုပြီး အုပ်ချုပ်မှုနယ်မြေ ၂၁ ခုနဲ့ ပိုင်းခြားထားသလို နယ်နိမိတ်တွေ ပြင်ဆင်မယ်ဆိုရင်လည်း ဘယ်လိုပြင်ဆင်နိုင်တယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ တိတိကျကျ ရေးသားပြဋ္ဌာန်းထားတယ်။ ဖက်ဒ ရယ်စနစ်ရဲ့ ပင်ကိုသတ်မှတ်ချက်အရ နယ်နိမိတ် ပြင်ဆင်သတ်မှတ်တာတွေ၊ ပြည်နယ်အသစ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ တိုးမြှင့်တောင်းဆိုတာတွေက ပြဿနာမဟုတ်ပေမယ့် နိုင်ငံရေးနည်း လမ်းနဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ကျော်လွန်ပြီး စစ်ရေးအရ ကျော်လွန်လုပ်ဆောင်တာတွေဟာ သွေး ထွက်တဲ့ နိုင်ငံရေးနည်းလမ်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးချယ်လျှောက် လှမ်းကြတာလို့ပဲ သုံးသပ်ရ လိမ့်မယ်။ 
    ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံမှာ ဘာသာစကားက အဓိကပြဿနာတစ်ရပ် ဖြစ်ခဲ့ဖူးတယ်။ ဒီပြဿနာကို ပြေလည်စေဖို့ ၂၀၀၀ ပြည့်နှစ်မှာ ပြည်နယ်သစ်သုံးခုကို ဖွဲ့စည်းတည်ထောင်ပေး ခဲ့တဲ့ပုံစံနဲ့ ဖြေ ရှင်းခဲ့သလို ၂၀၀၁ ခုနှစ်တုန်းက ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း အာချေးဒေသကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်နဲ့ ပေးအပ်ခဲ့တာမျိုးနဲ့ ဖြေရှင်းကြတာတွေ ရှိခဲဖူးတယ်။ ဆိုလိုချင်တာက လူမျိုးကို အခြေခံပြီးဖြစ်တဲ့ ပြဿနာပဲဖြစ်ဖြစ်၊ နယ်မြေဒေသကို အခြေခံပြီးဖြစ်တဲ့ ပဋိပက္ခပဲဆိုဆို၊ အကျိုးစီးပွားကို အခြေခံတဲ့ ထိပ်တိုက်တွေ့ဆုံမှုလို့ပဲ ပြောပြော နိုင်ငံရေးနည်း လမ်း (ဒါမှမဟုတ်) ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေးနည်းလမ်းတွေကို အသုံးပြုပြီး အေး အေးချမ်းချမ်း ဖြေရှင်းနိုင်ဖို့အတွက်သာ ဦးစားပေးသင့်တယ်။ 
    အချုပ်ဆိုရရင်တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု နိုင်ငံတည်ဆောက်ဖို့အတွက်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ လူမျိုးစွဲပြည်နယ်တွေကို အခြေပြု တဲ့ တောင်းဆိုမှုတွေအစား ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံတဲ့ အတွေးအမြင်မျိုးတွေနဲ့ ချဉ်းကပ် အဖြေရှာနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဖက်ဒရယ်ရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေကြားမှာ စနစ်တကျ အာဏာခွဲေ၀ ကျင့်သုံးနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲကနေ တစ်ဆင့် ဆွေးနွေးနိုင်ဖို့အတွက်သာ အာရုံပိုစိုက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပထဝီနိုင်ငံရေးအရ အကျိုးစီးပွား ဆက်စပ်မှုတွေအပေါ် မတော်လောဘတွေနဲ့ စစ်ဘောင်ချဲ့နေမှုတွေ၊ တပ်မတော်ရဲ့ နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့နေချိန်မျိုးမှာ တည်ဆဲဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်တွေကို လျစ်လျူရှုပြီး နိုင်ငံရေးအရ ဖိအားပေးနိုင်ဖို့အတွက် အတင်း အဓမ္မ နယ်မြေကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တွေဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီ နည်းလမ်းတကျ ဖြေရှင်းနည်းလည်းမဟုတ်သလို ဖက်ဒရယ်အနှစ်သာရအနေနဲ့လည်း ဝေးကွာနေမှာ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ လိုပါတယ်။ ဒီလိုအခြေခံစိတ်ဓာတ်တွေ ရှိနေသမျှကာလပတ်လုံး ဘယ်လိုဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ကြမှာလဲဆိုတာ ပြန်သုံးသပ်ဖို့လည်း လိုပါလိမ့်မယ်။ သေချာတာကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သီးခြားနိုင်ငံတော်နဲ့ ဥပဒေကျော်လွန်ပြီး ပြည်နယ်အဆင့်တိုးမြှင့်ရယူလိုတဲ့ လုပ်ရပ်တွေဟာ ၁၉၅၀ ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေကို လက်ရှိအချိန်ကာလအထိတိုင်အောင် သယ်ဆောင်လာနေတုန်းဆိုတာ ထင်ရှားတာမို့ 'ဆိတ်ခေါင်း ချိတ်ပြီး ခွေးသားမရောင်းကြပါနဲ့'လို့ပဲ သတိပေးချင်မိပါတော့တယ်။ 
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(  ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45592

© 2022 - 2025 News. All Rights Reserved.