ပါလက်စတိုင်းကိစ္စမှာ မဟာမိတ်တွေနဲ့ သဘောထားကွဲလွဲမှုကို ထရမ့် အလေးထားမှာလား

၂၀၂၅ ၊ ဩဂုတ် ၈
    အရှေ့အလယ်ပိုင်းဒေသရဲ့ နိုင်ငံရေးရပ်ဝန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တစ်ကျော့ပြန် အာရုံစိုက်ခံလာရတဲ့ ဝေါဟာရတစ်ခု ရှိပါတယ်။ အဲဒါကတော့ 'ပါလက်စတိုင်း နိုင်ငံ'ဆိုတာပါပဲ။ ကမ္ဘာ့နိုင်ငံ အတော်များများက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားတာ၊ ဒါမှမဟုတ် အဲဒီသဘောထားမျိုးနဲ့ ထိတွေ့ဆက်ဆံနေတာတွေ ရှိပေမယ့်လည်း ဖွဲ့စည်းပုံအရတော့ ပါလက်စတိုင်းဟာ နိုင်ငံတစ်ခုအဖြစ် ပီပီပြင်ပြင် မရပ်တည်နိုင်သေးပါဘူး။ 
    ပါလက်စတိုင်းတွေရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ အစ္စရေးအစိုးရဟာ ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာရေးဆိုတာကို ခါးခါးသီးသီး ကန့်ကွက်ငြင်းဆိုထားပါတယ်။ အစ္စရေးရဲ့ အမာခံမဟာမိတ်ဖြစ်တဲ့ အမေရိကန်မှာလည်း သမ္မတအဆက်ဆက် ဘယ်လိုပဲ ပြောင်းလဲခဲ့ပါစေ ပါလက်စတိုင်းကို နိုင်ငံအဆင့် တရားဝင်အသိ အမှတ်ပြုဖို့တော့ ဟက်ဟက်ပက်ပက် မရှိခဲ့ဘဲတစ်နည်း မဟုတ်တစ်နည်းနဲ့ ရှောင်ဖယ်ခဲ့ ကြတာချည်းပါပဲ။ အမေရိကန်ရဲ့ နောက်ထပ်မဟာမိတ်တွေဖြစ်တဲ့ အင်အားကြီးနိုင်ငံတွေ၊ အထူးသဖြင့် ကမ္ဘာ့ထိပ်သီး စီးပွားရေး အင်အားစုလို့ သတ်မှတ်နိုင်တဲ့ G7 အဖွဲ့ဝင် နိုင်ငံတွေကလည်း အဲဒီသဘော ထားကို ထပ်ကြပ်မကွာ ကိုင်စွဲထားခဲ့ပါတယ်။ နိုင်ငံတစ်ခုအဖြစ် ပီပီပြင်ပြင် ရပ်တည်ချင်တဲ့ ပါလက်စ တိုင်းရဲ့ဆန္ဒဟာ အမေရိကန်နဲ့ အဲဒီနိုင်ငံကြီးတွေဆီက ထောက်ခံမှုမရသေးသ၍ လက်တွေ့အကောင် အထည်ပေါ်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲလာပါပြီ။
    ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း G7 အဖွဲ့ဝင် တွေထဲမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ် ပြုဖို့စီစဉ်နေတဲ့ နိုင်ငံတွေရှိလာပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မာခရွန်က လာမယ့် စက်တင်ဘာ လ ကုလသမဂ္ဂ အထွေထွေညီလာခံကျရင် ပါလက်စတိုင်းနိုင်ငံ ကို ပြင်သစ်အစိုးရက အသိအမှတ်ပြုတဲ့ အကြောင်း တရားဝင်သဘောထားထုတ်ပြန်မယ်လို့ အသိပေးကြေညာခဲ့ပါတယ်။ နောက်တော့ ကနေဒါကလည်း ပြင်သစ်ရဲ့ လမ်းစဉ်ကိုလိုက်မယ်လို့ ပြောလာပါတယ်။ ဗြိတိန်ကတော့ သေချာပေါက် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမယ်လို့ မပြောသေးပေမယ့် ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ် မရပ်စဲရင်၊ အစ္စရေးရဲ့တင်းမာကြမ်းတမ်းတဲ့ လုပ်ရပ်တွေကို မရပ်နားရင်တော့ ပြင်သစ်၊ ကနေဒါတို့နဲ့ တူညီတဲ့လမ်းကြောင်းကို ရွေးရလိမ့်မယ်ဆိုတာမျိုး သတိပေးထားပါတယ်။ ဒါပေမဲ့ အဲဒီ ရာဇသံကို အစ္စရေးအစိုးရကလည်း လိုက်နာမယ့်ပုံ မရှိပါဘူး။
    ကြိုတင်မျှော်လင့်ပြီး ဖြစ်တဲ့အတိုင်း အမေရိကန်နဲ့ အစ္စရေး အစိုးရတွေကလည်း အဲဒီ G7 အဖွဲ့ဝင် သုံးနိုင်ငံရဲ့သဘောထားကို တူးတူးခါးခါး ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်ဟာ ဆော်ဒီအာရေးဘီးယားနဲ့ ပူးပေါင်းကမကထပြုပြီး ကုလသမဂ္ဂ ဌာနချုပ်မှာတောင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာတော့ ဂါဇာအခြေစိုက် ဟားမက်စ် ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးကို တွန်းအားပေးဖို့၊ ဂါဇာကို ဟားမက်စ်တွေက ထိန်း ချုပ်ခွင့်မရှိတော့ဘဲ နိုင်ငံတကာ အသိအမှတ်ပြု ပါလက်စတိုင်း အာဏာပိုင်အစိုးရအဖွဲ့က အုပ်ချုပ်ဖို့ဆိုတဲ့ အရေးကြီးတဲ့အချက်တွေကို အာရပ်နိုင်ငံတွေနဲ့ပါ တစုတစည်းတည်း သဘောတူညီမှု ယူနိုင်ခဲ့ပါတယ်။ ဒီအခြေအနေမျိုးဟာ အစ္စရေး-ပါလက်စတိုင်း သမိုင်းကြောင်းတစ်လျှောက် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ညီညီညွတ်ညွတ် ဆုံးဖြတ်မှုတစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ နောက်ပြီး အမေရိကန်ရဲ့ မဟာမိတ်ပြင်သစ်ဟာ အမေရိကန်ရဲ့၊ အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ သဘောထားကို တိုက်ရိုက် ဖီဆန်ပြီး ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာရေးကို အင်တိုက်အားတိုက် ကြိုးစားအကောင်အထည် ဖော်နေတယ်ဆိုတာကို မြင်သာလာစေခဲ့ပါတယ်။
    ဒီတော့ အရေးအကြီးဆုံးက ပါလက်စတိုင်း နိုင်ငံထူထောင်ရေးအတွက် မဟာမိတ်တွေကပါ ဝိုင်းအားထုတ်ကူညီပေးနေတဲ့ အခြေအနေမှာ ထရမ့်က ဘာဆက်လုပ်မလဲဆိုတာပါ။ ပြီးတော့ အဲဒီကိစ္စက ထရမ့်ရဲ့ မူဝါဒတွေအပေါ် ဘယ်လောက် သက်ရောက်မလဲဆိုတာကိုလည်း ထည့်တွေးသင့်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဆာကီရာ စတာမာက စကော့တလန်မှာ ထရမ့်နဲ့ လူချင်းတွေ့တဲ့အခါ သူ့ရဲ့အစိုးရဟာ ပါလက်စတိုင်းကို နိုင်ငံအဆင့် အသိအမှတ်ပြုဖို့ ပြင်ဆင်နေကြောင်း အသိပေးခဲ့ပါတယ်။ အဲဒီတော့ ထရမ့်က ဗြိတိန်ဟာ ဟားမက်စ် အကြမ်းဖက်အဖွဲ့ လိုချင်တာတွေကို ဆုအဖြစ် ချီးမြှင့်မလို့လားလို့ တုံ့ပြန် မေးခွန်းထုတ်ခဲ့ပါတယ်။ 
    သူက ကနေဒါကပါ ပါလက်စတိုင်းကို နိုင်ငံအဆင့် အသိအမှတ်ပြုဖို့ ရွေးချယ်ခဲ့တာဟာ အမေရိကန်-ကနေဒါ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးမှုတွေအပေါ် အများကြီး သက်ရောက်စေလိမ့်မယ်လို့ ခြိမ်း ခြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထရမ့်ဟာ ကနေဒါနိုင်ငံရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ် မှုကိုလည်း ၂၅ ရာခိုင်နှုန်း လျာထားရာကနေ ၃၅ ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့ပါတယ်။
    လက်ရှိ အရွေ့တွေကို ကြည့်မယ်ဆိုရင် အစ္စရေး-ပါလက်စတိုင်းပြဿနာမှာ အမေရိကန်ဟာ မဟာမိတ်တွေကို ဆက်ထိန်းထားလို့ မရတော့ဘူးလို့ အဖြေထွက်ပါတယ်။ ပြီးတော့ ပြင်သစ်လို နိုင်ငံမျိုးတွေဟာ ပါလက်စတိုင်းကိစ္စနဲ့ပတ်သက်ရင် ဘယ်လိုလမ်းကြောင်းနဲ့ သွားမလဲဆိုတာ ပီပီပြင်ပြင် စီမံကိန်းရေးဆွဲနေပေမယ့် ထရမ့်မှာတော့ အိမ်ဖြူတော်ကို ပြန်ရောက်ပြီး ခြောက်လလောက် ရှိလာတဲ့ထိ တိကျတဲ့ မူဝါဒ မရှိသေးပါဘူး။ ထရမ့်ဟာ အစ္စရေးလုပ်သမျှကို ထောက်ခံပေး၊ ကာကွယ်ပေးနေတာကလွဲရင် မဟာမိတ်တွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက သဘောတူ လက်ခံနိုင်မယ့် ဦးဆောင်မှုမျိုး၊ အစီအမံမျိုးကို ထုတ်မပြနိုင်သေးပါဘူး။ ဒါ့အပြင် မဟာမိတ်တွေနဲ့ ညှိနှိုင်းဖို့ သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက် ထက်က ရေးဆွဲခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒတွေကိုလည်း သူက ပယ်ဖျက်ခဲ့ပါသေးတယ်။
    လေ့လာသူတွေကတော့ ထရမ့်ရဲ့ ပတ်ပတ်လည်မှာ အစ္စရေး လိုလားသူတွေ ဝိုင်းနေပြီး သူ့ရဲ့ အနီးကပ် အကြံပေးတွေကလည်း ပါလက်စတိုင်း ဆန့်ကျင်ရေးသမားတွေ ဖြစ်နေတာကြောင့် ထရမ့်ဆီကနေ အစ္စရေး-ပါလက်စတိုင်းကိစ္စမှာ မျှတတဲ့ သဘောထား မူဝါဒမျိုး ထွက်ပေါ်လာဖို့ ခဲယဉ်းလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဥပမာထရမ့်ရဲ့ အနီးကပ် လက်ရုံးတစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုဟာ ပါလက်စတိုင်းကို မျက်နှာသာမပေးတဲ့၊ အစ္စရေးကို ထောက်ခံတဲ့ စကားတွေ အတိအလင်း ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။
    တကယ်တော့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို နိုင်ငံနှစ်ခုအဖြစ် သီးခြားစီ အသိအမှတ်ပြုပြီး ယှဉ်တွဲနေထိုင်စေသင့်တယ်ဆိုတဲ့ အတွေးအခေါ်ဟာ အသစ်အဆန်းတော့ မဟုတ်တော့ပါဘူး။ ဆယ်စု နှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီးသားပါ။ ဒါပေမဲ့ ပါလက်စတိုင်းနိုင်ငံသာ ပေါ်ထွန်းလာရင် အကျိုးထက် အပြစ်ပို များမယ်ဆိုတဲ့ တန်ပြန် အယူဝါဒတွေလည်း ရှိနေပြန်ပါတယ်။ လက်ရှိ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုဆိုတာက ပါလက်စတိုင်း နိုင်ငံပေါ်ထွန်းလာမယ့်ကိစ္စကို အမာခံဆန့်ကျင်သူ ဖြစ်ပါတယ်။ သူက အစ္စရေးနဲ့ ကပ်လျက်မှာ ပေါ်ထွန်းလာမယ့် ပါလက်စတိုင်း နိုင်ငံဆိုတာဟာ အစ္စရေးကို ရန်လိုနေတဲ့ အဖျက်သမားတွေအတွက် အကောင်းဆုံး ခြေကုပ်ယူနိုင်မယ့် အခြေစိုက်စခန်းကြီး ဖြစ်လာမယ်လို့ စွပ်စွဲ ထားပါတယ်။
    ဟားမက်စ်တွေကတော့ ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင် မထူထောင်နိုင်သေးသ၍ အဖွဲ့အ စည်းရဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ အဲဒီ ခေါင်းမာမှုဟာ ပြင်သစ်နဲ့ ဆော်ဒီတို့ ဦးဆောင်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းရေး လော်ဘီလုပ်မှုတွေကို အကျပ်ရိုက်တာတွေ ရှိလာစေနိုင်ပြီး အစ္စရေးဘက်ကလည်း လက်ညှိုးထိုး ထောက်ပြစရာတစ်ကွက် ရသွားပါလိမ့်မယ်။ ဒါပေမဲ့ အင်အားကြီး အနောက်နိုင်ငံတွေက ပါလက်စတိုင်းကို နိုင်ငံအဆင့် အသိအမှတ်ပြု ဆက်ဆံဖို့ စိုင်းပြင်းနေပြီဆိုတဲ့ အရှိတရား ခြိမ်းခြောက်မှုကိုတော့ အစ္စ ရေးဟာ ရှောင်နိုင်မှာ မဟုတ်ပါဘူး။
    စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ G7 နိုင်ငံ အနည်းဆုံး သုံးခုရဲ့ ထောက်ခံမှုတွေကို ရလာမယ်ဆိုရင် ပါလက်စတိုင်းရဲ့ နိုင်ငံထူထောင်နိုင်ရေး မျှော်လင့်ချက်ဟာ တင်းပြည့်ကျပ်ပြည့် မအောင်မြင်သေးရင်တောင်မှ ဘယ်တုန်းကမှနဲ့ မတူလောက်အောင် အားကောင်းလာ နိုင်ပါတယ်။ ဒီအခြေအနေကို တားဖို့အတွက် အစ္စရေးက အမေရိကန်ဆီ ဘယ်လောက်ထိ ဖိအားပေး တောင်းဆိုနိုင်မလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ 
    ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက အမေရိကန်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံယှဉ်တွဲ ရပ်တည်ရေးဆိုတဲ့ သဘောထားကို မူအားဖြင့်တော့ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ထဲထဲဝင်ဝင် လေ့လာကြည့် မယ်ဆိုရင်တော့ အစ္စရေးက သဘောတူလက်ခံမှသာ ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာတာကို အမေရိကန်က အသိအမှတ်ပြုမယ်ဆိုတာမျိုးသာ ဖြစ်ပါတယ်။ ဒါက မဖြစ်နိုင်တဲ့ကိစ္စမှန်း သိသာနေသလို တစ်နည်းတစ်ဖုံ ခေါင်းရှောင်မှုမျိုးပါပဲ။ ထရမ့်လက်ထက်မှာတော့ အစ္စရေးဘက်က ပိုပြီး ပြတ်ပြတ်သားသား ရပ်တည်ခဲ့သလို ပါလက်စတိုင်း နိုင်ငံထူထောင်ရေးဆိုတာကို အတိအလင်း ဆန့်ကျင်ခဲ့ပါတယ်။ ဥပမာ ဆော်ဒီနဲ့ ပြင်သစ်တို့ဦးဆောင်တဲ့ အစည်းအဝေးဟာ အမေရိကန်ရဲ့ နယူးယောက်မြို့မှာ လုပ်ခဲ့တာ ဖြစ်ပေမယ့် အမေရိကန်က ကိုယ်စားလှယ်တောင် မလွှတ်ခဲ့ပါဘူး။  
    တစ်ဖက်မှာလည်း အစ္စရေးကတော့ လိုအပ်လာရင် ပါလက်စတိုင်းကို အဆုံးစွန် ဦးချိုးတာမျိုးတွေတောင် လုပ်လာနိုင်ပါတယ်။ ဂါဇာကို စစ်ရေးအရ အလုံးစုံ ထိန်းချုပ်ဖို့ ပြင်ဆင်နေတဲ့ အစ္စရေးဟာ ဇူလိုင်လ ကုန်ပိုင်းတုန်းက လွှတ်တော်မဲခွဲမှုမှာ နောက်ထပ် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဘက် ကမ်းခြေဒေသကို အစ္စရေးပိုင်နက်ထဲ သိမ်းသွင်းသင့်ကြောင်း ၇၁ မဲ - ၁၃ မဲနဲ့ သဘောတူ ဆုံးဖြတ် ခဲ့ပါတယ်။
    ထရမ့်ရဲ့ အစိုးရဟာ ပါလက်စတိုင်းအရေးမှာ အစ္စရေးအလိုကျ ရှေ့ဆက်နေပေမယ့် အင်အားကြီး အနောက်မဟာမိတ် နိုင်ငံတွေကပါ ဆန့်ကျင်လာတဲ့ ပွတ်တိုက်မှုမှာတော့ အရင်ကထက် အများကြီး ကိုင် တွယ်ရခက်မယ်ဆိုတာ သံသယရှိဖို့မလိုပါဘူး။ ဒါပေမဲ့ ထရမ့်ကလည်း ခေတ်အဆက်ဆက် အမေရိကန် သမ္မတတွေနဲ့ အတော်ကြီး ကွာခြားပြီး နိုင်ငံတကာသဘောထားတွေ၊ အမြင်တွေကို ခေါင်းထဲမထည့်ဘဲ သူလုပ်ချင်ရာကို ဇွတ်လုပ်တတ်တယ်ဆိုတာကို အကြိမ်ပေါင်းများစွာ သက်သေပြထားပြီးသားပါ။ 
    ထရမ့်ရဲ့ အမေရိကန်သာ ပဓာနဆိုတဲ့ဝါဒကို အခြေခံပြီး အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေကြားထဲမှာ ထင်ရှားမြင်သာတဲ့ သဘောထားကွဲလွဲမှုတွေကို မြင်ခဲ့ရပြီးပါပြီ။ အခုလည်း ပါလက်စတိုင်းကိစ္စကို အကြောင်းပြုပြီး အဲဒီအက်ကြောင်းတွေက ပိုနက်ရှိုင်း လားမလားဆိုတာကတော့ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံအပြီးမှာ အဖြေထွက်လာတော့မှာ ဖြစ်ပါတယ်။                  (ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49006

© 2022 - 2025 News. All Rights Reserved.