မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စကားနောက်မှာ တရားပါ

၂၀၂၅ ၊ ဩဂုတ် ၉
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ နီတိကျမ်းများရေးခဲ့သလို 'လေခရာသိကထာ'လို့ခေါ်တဲ့ ဝေါဟာရအဖွင့်ကျမ်းကိုလည်း ပြုစုခဲ့ပါသေးတယ်။ နေ့စဉ်သုံး စကားလုံးဝေါဟာရများကို ဆရာတော်ကြီး အနက်ဖွင့်ပုံမှာ အဘိဓာန်ကျမ်းများက အနက်ဖွင့်ပုံနှင့်မတူပါ။ ဆရာတော်ဘုရားကြီးက ဝေါဟာရများရဲ့ ဇာစ်မြစ်ကို တူးဖော်ဖွင့်ဆိုခြင်းမျိုး၊ ဖြစ်တန်ရာသော အကြောင်းတရားတို့ကို တွေးခေါ်မြော်မြင် ကြည့်ခြင်းမျိုးတို့ဖြင့် ဖွင့်ဆိုလေ့ရှိတာ တွေ့ရပါတယ်။ ဝေါဟာရများကို အနက်ဖွင့်ဆိုရာတိုင်းမှာ တရားသဘော ပါဝင်နေတာ ထူးခြားပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ က ၂၀၀၅ ဇူလိုင်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'ဝေါဟာရနှင့်ဓမ္မအမြင်'မှာ စကားလုံးဝေါဟာရ ၄၉ လုံး ပါဝင်ပါတယ်။ ဝေါဟာရများကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဆရာတော်ကြီးက သီးခြားလွတ်လပ်သော ကိုယ်ပိုင်အမြင်ဖြင့်သာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ပညာရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့တဲ့ မြန်မာအဘိဓာန်က 'ကျေးဇူး'ဆိုတဲ့ ဝေါဟာရကို (၁) တစ်ဦးက အခြားတစ်ဦးအပေါ်တွင်ပြုသော အကျိုးဆောင်မှု၊ (၂)ကောင်း ကျိုးလို့ ဖွင့်ဆိုထားပါတယ်။
    'ကျေးဇူး'ဆိုတဲ့ စကားလုံးကို ဆရာတော်ကြီး ဖွင့်ဆိုပုံက တစ်မျိုး ထူးခြားနေပါတယ်။
    'စေတနာ အခံထား ယဉ်ကျေးသော မေတ္တာတရားများ စူးဝင်လာခြင်းသည် ကျေးစူး၊ စေတနာ အဆန်ပြု ယဉ်ကျေးသိမ်မွေ့သော ကရုဏာမှုများ စုဝေးလာခြင်းသည် ကျေးစု၊ ထိုကျေးစု၊ ကျေးစူးများမှ မြစ်ဖျားခံလာသော ကျေးဇူးတရားသည် ညစ်ကြေးမထင် အပူစင်ရာမှ တောက်ပခြင်း၊ အရည်ဝင်ခြင်းများ အနှစ်တည်လာသော မြေဖြစ်ရွှေနှင့် ကျောက်ဖြစ် စိန်၊ မြ၊ ပတ္တမြား စသည်တို့အလား အပူခိုသဖြင့် အကူလိုနေသော သူတစ်ဖက်သား ကိုယ့်ရှိ သုခတစ်ဝက်မျှပေးသော (စေတနာ အခံထားသော) မေတ္တာတရား၏ အနှစ်အသားများ သည်လည်းကောင်း၊ တစ်ဖန်အပူဖျက်သဖြင့် အသက်ရန်ရှာခံနေရသော သူတစ်ဖက်ကား သူ့ရှိဒုက္ခ ကိုယ်တစ်ဝက်မျှခံလိုက်သော ကရုဏာတရား၏ အနှစ်အသားများ သည်လည်း ကောင်း၊ မည်သည့်ကိလေသာ အညစ်အအကြေးများနှင့်မှ မရော၊ မည်သည့် ကိလေသာအပူများနှင့်လည်း မထိမစပ်။'
    'ထိုသို့သော အရည်ဝင် အရောင်တောက် တစ်ခဲနက်မာကျောသော စိန်ကျောက်ပမာ စေတနာခံ မေတ္တာကရုဏာကံများကို ယဉ်ကျေးသိမ်မွေ့သော သူတော်ကောင်းမျိုးမှတစ်ပါး အခြားသူများ မပြုလုပ်၊ ရိုင်းစိုင်းသူတို့၏ အကျင့်မျိုးလည်း မဟုတ်၊ ထိုမျှ အေးမြသန့်စင် အနှစ်အရည်ဝင် ယဉ်ကျေးမှု အခြေပြ ရက်ရောခြင်း၊ ကူညီခြင်းသဘာ၀ တစ်ဖက်လူ အကူခံ၏ နှလုံးအိမ်ခွင် ရင်ဝသို့ စူးဝင်နေပါသော်ကား ထိုအကူခံကလည်း အယဉ်ပင်ဖြစ်ခဲ့ပါမူ တွေးမိသလောက် နှလုံးစိတ်ကလေး အေးခနဲ အေးခနဲ ကြင်နာလာရော့မည်။ အကယ်တိတိ ထိုအကူခံကံရိုင်းပျသူ ဖြစ်နေပါမူ ထိုအပေး၊ ထိုအရေး တွေးမိသလောက်လျှင် နှလုံးစိတ်ဝမ်း နင့်ခနဲ နင့်ခနဲ ကျွမ်းတော့သည်။'
    'ထိုကျေးဇူးတရားနှင့် ဆက်စပ်ရာ စကားဆိုရပါမူ ကတညုတ တစ်ဖက်သူ၏ ကူညီသော အပြုထူး အထူးသိတတ်နေခြင်း၊ ကတဝေဒီ သိသလောက် တုံ့ပြန်ခေါက် ထိုကူညီသူအား အကူထောက်ခြင်း၊ သို့မဟုတ် ရင်ဝထက် မြားချက်စူးဝင်နေခြင်း၊ စူးဝင်နေသော ထိုမြား(မျှား)ချက် နုတ်ချွတ်လျက် ထိုတစ်ဖက်သို့ ပြန်လည်ပစ်ခတ်ခြင်း၊ ဤသည်သာ ယဉ်ကျေးသူချင်း ချစ်မြားသွင်း လင်းစေလက်စေခြင်းတည်း။' (စာ-၆၃)
    ကျေးဇူးဆိုသောစကားကို ဆရာတော်ကြီးက အလွန်စိတ်အားထက်သန်စွာ အဖွဲ့အနွဲ့များဖြင့် ဖွင့်ဆို ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဝင်ထဲက ဇာတ်ကွက်တစ်ခုနဲ့ သက်သေထူတာ 'ကျေးဇူး' ဆိုတဲ့စကားကို ပိုပြီးအား ကောင်းစေခဲ့ပါတယ်။ ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါက 'ရာဓ' ဆိုတဲ့ ပုဏ္ဏားအိုကြီးတစ်ယောက်ဟာ ခိုကိုးရာမဲ့ဘဝနဲ့ ဗုဒ္ဓဘုရားထံ ရောက်လာပြီး သူ့ကို ရဟန်းပြုပေးဖို့ အသနားခံပန်ကြား လျှောက်ထားပါတယ်။ ဘုရားရှင်က သံဃာများအား စုဝေးစေပြီး ရဟန်းတို့သည် ပုဏ္ဏားအိုကြီးရဲ့ ကျေးဇူးသင်တို့အပေါ် တင်ရှိဖူး သလော'လို့ မေးမြန်းစုံစမ်းတော်မူပါတယ်။
    အဲဒီမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ် ကြီးကိုယ်တိုင် မြတ်စွာဘုရားအား လျှောက်ထားသည်မှာ 'ဤပုဏ္ဏားအိုကြီးဟာ တပည့်တော်အား ဆွမ်းတစ်ဇွန်း လောင်းလှူဖူးသော ကျေးဇူးအထူးရှိနေပါသည် ဘုရား'တဲ့။ ပညာဧတဂ်ရ လက်ျာတော်ရံ ရဟန္တာအရှင်မြတ်ကြီးက ဆွမ်းတစ်ဇွန်းရဲ့ ကျေးဇူးကို ဝန်ခံဖော်ပြနေတာ အလွန်ကြည်ညိုဖွယ် ဖြစ်ပါတော့တယ်။ ဆရာတော်ကြီးက 'ဆွမ်းတစ်ဇွန်းမျှ လောင်းလှူခဲ့ရာမှ စူးဝင်နေသော စေတနာအခံ မေတ္တာ၏ဒဏ်ချက် မိမိ၏ နှလုံးအိမ်ထက်မှ နင့်ခနဲ ထွက်လာသည်'လို့ ရေးဖွဲ့ပါတယ်။ ဘုရားရှင်က အရှင်မဟာသာရိပုတ္တရာအား ပုဏ္ဏားအိုကြီးရဲ့ ဥပဇ္ဈာယ်အရာထားကာ ရဟန်းပြုပေးဖို့ တာဝန်ပေးခဲ့ပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက 'ကျေးဇူးသည် ကြွေးစူးသည်ထက် အရင်းကြီး၏။ ကျေးဇူးသည် ဆူး၊ မြား၊ သံချက် အဆိပ်တက် သည်ထက်လည်း ထန်ပြင်း၏။ သို့ကြောင့် သင်တို့ကား စိတ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ်ဖြင့် ကူပံ့ခဲ့ခြင်း၊ တစ်ဖန်ပစ္စည်း ဓနဖြင့်၊ အကြံအား ဉာဏ်အားများ ဖြင့် ထောက်ပံ့ခဲ့ခြင်းများ၊ များများမဟုတ် ထမင်းတစ်လုတ် ဟင်းတစ်ရှုပ်မျှ ရခဲ့ပါမူ ထိုသူ၏ ကျေးဇူး အထူး လည်းသိ၊ သိသလောက်လည်း ပြန်ဖြည့်ဆည်းတတ်ကြပါကုန်၊ အကယ်တိတိ ရှိလျက်မသိ၊ သိသော်မှ မသိဟန်ဆောင် ရှောင်နေပါမူကား မည်သည့်ကာလမျှ ထိုကျေးဇူး မဆွေး၊ ဘဝဆက်ဆက် နောင်ခါမေ့ တွေ့တိုင်းတောင်းပမာ မတောင်းလည်းပေး၊ တောင်းလည်းပေး၊ ကြွေးမပြတ် ကြေးထပ်လို့ မကုန် လူပုံအလယ် အရှက်ရ မျက်နှာပင်မပြဝံ့ဘဲ ရှိနေကြမည် ဟရို့}လို့ နှိုးဆော် တိုက်တွန်းထားပါတယ်။
    'မတူမတန်'ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖွင့်ဆို ထားပုံမှာလည်း မှတ်သားလောက်ပါတယ်။
    'မတူသော အရာနှစ်ခုသည် တစ်ခုနှင့်တစ်ခု မူမှန်အံကိုက် မလိုက်ကြသဖြင့် မတန်ချေ။ လေးထောင့် နှင့်အဝိုင်း အတိုင်းချင်းမတူရကား အတိုက်နှင့်အခံမည် သည့်အခါမျှမတန်'လို့ အစချီပြီး တိရစ္ဆာန်တွေမှာ ခြေလေးချောင်းသွားနှင့် ခြေနှစ်ချောင်းသွား သဏ္ဌာန်လုံးရပ် မဟပ်မိ၊ ခြေလေးချောင်းသွားချင်း တူပေမယ့် ဆင်နဲ့ ဆိတ်၊ ကျွဲနှင့်ဝက်တို့ မတူကြဘူးဆိုတာ လူတိုင်းသိပါတယ်။
    'လူတို့တွင်လည်း ဗီဇသတ္တိသို့ လိုက်၍လည်း ကောင်း၊ ရေမြေလိုက်၍လည်းကောင်း၊ အမျိုးချင်းလည်း မတူ၊ အယူဝါဒအားဖြင့်လည်း မတူ၊ ညာဉ်ဝါသနာစရိုက် အားဖြင့်လည်းမတူလျှင် ထိုက်တန်သည်ဟု မဆိုသာ၊ အဆိုးဆုံးမှာ မတူတကာ့မတူ အားလုံးတို့တွင် လောက ၏ သဘာ၀ ကာမနှင့်ဓမ္မ မတူကြ ခြင်းပင်တည်း။ လူလူချင်း အမျိုးချင်းမတူသည်က အပေါင်းကျွမ်းကျင် တန်ချင်သေး၏။ အယူဝါဒ မတူသည်က တစ်ဖက်ဖက်လိုက် လိုက်သေး၏။ ညာဉ်စရိုက်ဝါသနာချင်း မတူသည်က မျက်စိမှိတ်ပေါင်း ကောင်းသေး၏။ ကာမသတ္တိနှင့် ဓမ္မသတ္တိတို့မှာမူကား မည်သည့်နည်းနှင့်မျှ မတူကြ၍ မည်သည့်ကာလမျှ မတန်ကြချေပြီ။ မိုးနှင့်မြေပမာ အထက်နှင့်အောက် အတန်းအစား ကွာခြားလွန်းလှသောကြောင့် တည်း။}
    'ကာမသည် ယုတ်ညံ့သော စိတ်ထားနှင့်ကိုယ် နှုတ်အမူအကျင့်များ အားကြီးမှဖြစ်၏။ ဓမ္မသည် သန့်စင်သော စိတ်ထားနှင့် မြင့်မြတ်သော အမူအကျင့်ရှိမှသာ ဖြစ်၏။ ဟီရိသြတပ္ပခေါ် အရှက်အကြောက် တရား၊ ကိုယ်ချင်းစာ မေတ္တာပွားခြင်း၊ ဓမ္မရသ ဝိမုတ္တိရသများ ခံစားခြင်းတို့၌ ကာမနှင့်ဓမ္မသည် အမြဲတမ်း မတူမတန် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကာမကိစ္စကို မရှက်မကြောက်ပြုဝံ့ကြတဲ့ ခွေးတို့ရဲ့ တော်သလင်းပွဲ၊ ကိုယ်ချင်းစာကင်း မေတ္တာပျက်ယွင်းနေပြီး အားကြီးသူ အနိုင်ယူလေ့ရှိတဲ့ တောရိုင်းတိရစ္ဆာန်တို့ရဲ့ ဓလေ့၊ ဓမ္မပီတိဆိုတာ ဘာမှန်းမသိတဲ့ အပါယ်လေးဘုံသားများကို ကြည့်မြင်ပြီး ကာမနှင့်ဓမ္မတို့ရဲ့ မတူမတန်ပုံကို သိမြင်နိုင်ပါတယ်။ ကာမဆိုတာ လူဖြစ်မှ ခံစားခွင့်ရတာမဟုတ်၊ တိရစ္ဆာန် နှင့် အပါယ်ခံလော ကသားများပါ ခံစားခွင့်ရတဲ့အရာ ဖြစ်ပါတယ်။ ဓမ္မကတော့ လူဖြစ်သော်မှ လူတိုင်းစိတ်မ ဝင်စား၊ ကာမနှင့်ဓမ္မ ဘယ်အရာကို ရွေးမလဲလို့ ဆန္ဒမဲပေးခိုင်းရင်တောင် ကာမဘက်ကသာ မုချအနိုင်ရသွားမှာ ပါ။
    ဆရာတော်ဘုရားကြီးက ဗုဒ္ဓဝင်ဇာတ်လမ်း တစ်ပုဒ်ဖြင့် ကာမနှင့်ဓမ္မရဲ့ သဘောသရုပ်ကို ဖော်ထုတ် ပေးခဲ့ပါတယ်။ ဥတ္တရာဆိုတဲ့ အမျိုးကောင်းသမီးလေးဟာ ဘာသာခြားနဲ့ အိမ်ထောင်ကျတယ်။ ယောက်ျားက ကာမဘက်မှာ ပြင်းထန်တယ်။ ဥတ္တရာခမျာ တရားအားထုတ်ဖို့ အခွင့်မရ၊ သူရင်ဆိုင် ကြုံတွေ့နေရတဲ့ အခြေအနေကို မိဘတွေဆီစာရေးပြီး အကြောင်းကြားတယ်။ မိဘတွေက ဒါန စသည်ပြုနိုင်ရန် ငွေပို့ပေးတယ်။ ဥတ္တရာက သီရိ မာပြည့်တန်ဆာကို ငွေပုံပေး ငှားရမ်းပြီး သူ့ယောက်ျားအတွက် မယားအစား ရှာပေးခဲ့တယ်။ သူကတော့ ဆိတ်ငြိမ်ရာသွား တရားအားထုတ်နေလိုက်တာ ဓမ္မအရသာကို ပြည့်ပြည့်၀၀ကြီး ခံစားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
    ဓမ္မအရသာဆိုတာ ကာမလိုစပ်ပူစပ်လောင် မဟုတ်၊ ပကတိငြိမ်သက် အေးချမ်းသောအရာ၊ ကာမက ချောင်းရေလို အနယ်အမှုန်တွေနဲ့ နောက်ကျိနေပြီး ဓမ္မက ကန်ရေလို အနယ်ထိုင်ပြီး အေးမြကြည်သာနေပါတယ်။ ဆရာတော်ဘုရားကြီးက 'မတူရာကကြံ၍ မတန်ရာနှင့် ဆန်မိသော် ပေါင်းရင်းက ကသောင်းကနင်း ဖြစ်တန်လွန်းလို့ တူမှတန်တဲ့ တူတန်ရာကိုသာ ရွေးချယ်သွားဖို့ တိုက်တွန်းထားပါတယ်။ (စာ-၁၈၀-ရှု)
    'ထူးခြား'ဆိုတဲ့ စကားတစ်ခွန်းရဲ့ တရားအညွှန်းကိုလည်း ဖော်ထုတ်ဖွင့်ဆိုထားပါတယ်။
    'ဘာမဆို ထူးလာလျှင် ဆန်းလာတတ်ရကား အားလုံးသည်ပင် အားလုံးနှင့် ခြားသွားတော့သည်သာ၊ မိုးကုတ်မှ ပတ္တမြားကျောက်သည် ကျောက်တကာ့ကျောက် အားလုံးတွင် အထူးဖြစ်၍ သာမန် ကျောက်များနှင့် ရောမထား၊ သီးခြား။ ဖားကန့်မြေမှ ကျောက်စိမ်းသည် အထူးဖြစ်၍ ကျောက်များနှင့် ရောမထား၊ သီးခြား၊ လူတို့တွင်လည်း အချို့သီလခေါ် ကိုယ်နှုတ်နှလုံး သုံးပါးလုံးစောင့် စည်းမှုကိုယ်ကျင့်သိက္ခာ၌ ထူးနေတတ်၏။ အချို့စာဂခေါ် စွန့်လွှတ်ပေးကမ်းမှုဒါန၌ ထူးခြားနေတတ်၏။ အချို့ကား ကာမခေါ် မိမိ၌ ခင်မြင်ခြင်း၊ သူတစ်ပါးတို့အပေါ်၌ ခင်မင်ခြင်း၊ မိမိနှင့် သူတစ်ပါးအကြား အာရုံပြထားရာတို့၌ ခင်မင်ခြင်းသုံးခုတို့၌ ထူးခြားနေတတ်လှချေ၏။}
    'မည်သည့် အထူးမဆို ထူးပဟေ့ ဆိုကတည်းက အများထက်လွန်၍ အညွန့်တက်လာပြီဖြစ်ရာ ကိုယ်နှုတ်အမူအရာများကလည်း ပန်းပမာအလား ဆန်းပြား ၍နေချေပြီ။ သီလဖြင့်ထူး၍ စောင့်စည်းမှု အား ခြားနားနေချေသော် လူလျှင်မက၊ နတ်မျှလည်းမတော်၊ ဗြဟ္မာ သို့တိုင်ကျော်၍ ကြားတော့သည်ဖြစ်ရာ လူအလုံး နက်အလုံး ဗြဟ္မာအလုံး အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် မှီခိုကြမည်ပင်။ စာဂဖြင့် ထူး၍ အမူအရာ ဆန်းပြားရက် ရောမှုအား ခြားနားနေချေသော် လူကလည်း ခင်၊ နတ် ကလည်းချစ်၊ လူ့ဘုံ၊ နတ်ဘုံတို့၏ အချစ်တော်ဖြစ်တော့ ရာ လူတကာဝင်ထွက် နတ်တကာက ဆက်ဆံကြမည်ပင်။}
    'အကယ်တိတိ ကာမဖြင့် ထူးသဖြင့် ကာမဘီလူး ပူးသောကြောင့် အရူးတစ်ပိုင်း၊ အမူးတစ်ပိုင်း မုန်ရစ်ဝိုင်းအား ခြားနားနေခဲ့လျှင်လည်း ကာမလိုက်စားကာလသား ကာလသမီးများလောက်ကသာ အညှီရှိ ရာ ယင်အုံပမာ စုရုံးလာကြတော့မည်သာ။ အို ကာမဘုံဖွား လောကီသားတို့ သင်တို့သည် သူများထက်ထူး၍ အများ၏ ခြားခြင်းနားခြင်းကို ခံယူလိုကြပါလျှင် ကောင်းသတင်း ဖြင့်ထူး၍ မကောင်းခင်းမှာ ခြားကြပါလေကုန်။ ကောင်းသတင်းဖြင့်ထူး၍ ကောင်းတစ်သင်း၏ နားသက်ခြင်းကို ခံယူကြပါကုန်။}
    အကယ်တိတိ အပုပ်နံ့ထွက်စေသော အထူးတို့ဖြင့် သူတကာအနံ့ကူးစေသော် အကောင်းဘက်၏ စည်းခြားခံရပြီး မကောင်းဘက်၏ နားသက်ခြင်းကို လှလှကြီးခံရတော့မည်ဖြစ်ရာ မသေခင်အရင်ပုပ်၊ သေလျှင်ကား ခွေးပင် နောက်ဆုတ်ခံရတော့မည်ဟရို့။'(စာ-၃)
    'စွဲနစ်'ဆိုတဲ့ စကားရဲ့ တရားသဘောကိုလည်း ဖွင့်ဆိုပြောပြထားပါတယ်။ အာရုံဝတ္ထု တစ်ခုခု အပေါ်မှာ စွဲရာမှငြိ၊ အစွဲမှ အငြိဖြစ် အငြိကြားနစ်မြုပ်သွားတဲ့ ကာ မသဘာဝကို ဖော်ပြထားပါတယ်။ 'အထင်ကြီးခြင်း၊ မြတ်နိုးခြင်းမှတစ်ဆင့် စွဲလမ်းခြင်းသို့ ဖွင့်၍ ဝင်သွားကြတော့လေရာ အစွဲဟူသော သဘောသည် ဦးစွာဆီးကြိုပြီး ထို့နောက် စွဲသလောက်ညှစ်၊ ဖျစ်သလောက်အရာဝင်သွားတော့ရာ ထိုစွဲရာအကြား ကားခနဲ နစ်ဝင်သွားတော့သည်သာ'လို့ ညွှန်ပြထားပါတယ်။
    'အစွဲမိ အငြိဖြစ် အနစ်ဝင်ကြာလျှင် လှုပ်သလောက်မြုပ် ပြန်ထုတ်၍ပင်မရတော့ပြီ။ ထိုခဏ မယားချစ်သဖြင့် မယားတွင်းနစ်သူများက သက်သေခံနေချေပြီ။ လင်ကိုစွဲသဖြင့် လင့်ကဲ အလှုပ်မြုပ်နေသူများက သက်သေခံနေချေပြီ။ အပြမှာရစ်၍ အပြစ်တွင်သာ နစ်ဝင်သွားကြပါကုန်သော ထိုအစွဲသမား အားလုံတို့သည်ပင် သားကောင်ထောင်ဖမ်း အပြရှင်၏ တစ်ကွက်ကောင်း ပေါ်ကြည့် ပီတိဖြစ်မိရာမှ ပြကွင်း၏ အတွင်းကြား နစ်ဝင်သွားကြခြင်းပင် မဟုတ်လော။}
    'အို ကာမဘုံဖွား၊ လောကီသားအပေါင်းတို့ သင်တို့၏ နံဘေး အရေးတွေကဖြင့် ပြေးမလွတ်အောင် ဝိုင်းရံနေကြပါပြီ။ မျက်စိတစ်ချက်လှုပ်တစ်ချက်ခုတ်ရန် ဟန်ပြင်နေကြပါပြီ။ နားတစ်ခါစွင့် နင့်သွားရန် အားခဲနေကြပါပြီ။ နှာတစ်ချက်ရမ်း ဖမ်းမိရန်လည်း ဟန်ပြင်ပြီး သားပင်။ လျှာတစ်ချက်ခဲ စွဲသွားရန်လည်း ပြင်ဆင်ပြီး သားပင်။ ကိုယ်တစ်ချက်လှုပ် မြုပ်သွားရန်လည်း အဆင်သင့်ပင်။ သင်တို့၏ ဘဝခရီးသွား သည်ကား ကျားရဲ၊ သစ်ရဲတို့ပေါများသော တောကြားခရီးရှည် သွားနေရသည့်ပမာ  မိကျောင်းမကန်းတို့ သောင်းကျန်းလှသော ရေလက်ကြား လက်ပစ်ကူးသွားနေရသည့်ပမာ ဘေးရန်တွေ ထူပြောလှပါချေ၏။ အကယ်၍သာ သတိဖြင့် မစိစစ် အပြတွင်သာ ယစ်ယစ်မူးမူး မြူးနေကြသော် လက်ရှိဝယ်စွဲနစ် နောင်တွင် ဝဲရစ်ခံကြရတော့မည်ဗျာတို့။'
    စကားနောက်မှာ တရားပါလို့ ဆိုထားတဲ့ အတိုင်း ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက နေ့စဉ်သုံးစကားလုံးဝေါဟာရများ နောက်ကွယ်က ဓမ္မသဘောဖွင့်ဆိုပြောပြထားပုံမှာ အလွန်မှတ်သားဖွယ် ကောင်းလှတယ်လို့ ဆိုချင်ပါတယ်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49090

© 2022 - 2025 News. All Rights Reserved.