မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ သာသနာပြုစွမ်းရည် မြှင့်တင်ရေး

၂၀၂၅ ၊ စက်တင်ဘာ ၂၀
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီးက 'သာသနာပြု'ဆိုတဲ့ စကားလုံးကို အလွယ်တကူ မသုံးစွဲစေလိုဘူး။ သာသနာပြုအမည်ခံပြီး ကိုယ်ကျိုးစီးပွားအတွက် အကြံအဖန် လုပ်နေသူတွေကို ဒီနေ့ခေတ်မှာ မကြာခဏ ကြုံတွေ့နေရလေ့ ရှိပါတယ်။
    'ရပ်ထဲရွာထဲမှာ အလုပ်လျှောက်တဲ့အခါ အနည်းဆုံး ဆယ်တန်းအောင်မှ အလုပ်ခန့်တာဗျ၊ တရားစခန်းတွေမှာ သာသနာပြုအမည်ခံချင်ရင် အနည်းဆုံး ဉာဏ်စဉ် ၁၀ ဆင့်လောက် ရောက်အောင် အားထုတ်ထားရတယ်ဗျ'လို့ ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူခဲ့ပါတယ်။ ဝိပဿနာရဲ့ အထွတ်အထိပ်သော ဉာဏ်စဉ်မှာ 'သင်္ခါရုပေက္ခာဉာဏ်' ဖြစ်ပါတယ်။ သင်္ခါရုပေက္ခာဉာဏ်ရဲ့ အဓိပ္ပာယ်က သင်္ခါရတရား တွေအပေါ်မှာ ဥပေက္ခာပြုထားနိုင်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုကို ဖော်ညွှန်းနေပါတယ်။ အကောင်းလာလာ၊ အဆိုးလာလာ လောကဓံတရားက ရိုက်ပုတ်တဲ့အခါ မတုန်မလှုပ်၊ မယိမ်းမယိုင် ခိုင်ခိုင်မာမာ ရပ်တည် နိုင်ခြင်းဟာ ယေဘုယျအားဖြင့်  'သင်္ခါရုပေက္ခာဉာဏ်'ကိုရတဲ့အထိ အားထုတ်နိုင်ခဲ့လို့ပါပဲ။ လူတစ်ယောက် တရားရှိမရှိကို အကောင်းအဆိုး လောကဓံတရားနဲ့ တိုင်းတာကြည့်ရင် အလွယ်ပင် သိနိုင်ပါတယ်။
    ဒီနေ့ ပုထုဇဉ်လောကသားတွေဟာ သံသရာခရီးကို အကန်းသွားသွားနေကြတယ်။ ဆရာတော်ကြီးက 'လမ်းကလည်း မှောင်မှောင်လူကောင်ကလည်း ကန်း ကန်း'လို့ ရည်ညွှန်းပါတယ်။
    'မွေးကတည်းက ဓမ္မစက္ခု(ဉာဏ်မျက်စိအလင်း) အလျဉ်းမပါလာကြသော တရားမျက်ကန်းသမား ဝေနေယျများသည် မိမိလူမျိုးအလိုက် သင်္ကေတပြုထားသော စကားစုများ၌သာ လမ်းဆုံးကြရရှာ၏။ ထိုစကားစုများကိုလျှင် အမွှမ်းတင်လျက်က အပြုံးအမဲ့ လက်မှောက် လက်လှန် အမွေခံကြရရှာ၏။ စကားသည် အပြော၊ တရားသည် သဘောဖြစ်ရာစင်စစ် စကားနားထောင် တရားကိုကား လက်ရှောင်နေသော ထိုသူများအဖို့ ရယူလိုသည်က တကယ့်အကောင်း၊ ရယူလိုက်ကြသည်ကား တကယ့်မကောင်းချည်းသာတည်း။'
    (၁၉၉၈၊ ဒီဇင်ဘာထုတ်၊ ဓမ္မောဝါဒကထာ (မူသစ်)၊ စာ-၂၉၆)
    'ထိုမသိ၊ ထိုမမြင်၊ ထိုမဆင်ခြင်နိုင် သူတို့အဖို့ မည်မျှပင် အကောင်းထား ကြိုးစားစေ၊ ရလဒ်ကား ဆိုးကျိုးများသာ၊ ထိုဆိုးကျိုးများကို အမှားယူ၍ မမြင်လေသူတိုင်း စိတ်သည် အာရုံ၏ အတိုက်နောက် ကောက်ကောက်ပါအောင် လိုက်နေတော့သည်သာ။ အာရုံဝယ် စိတ်ကစား အာရုံ၏ ညှို့အားကြောင့် သွေးသားဆူပွက် ထိပ်တက်နေသည်သာ။ အာရုံ၏ အငြိ ရိုးတွင်းခြင်ဆီအထိ ကလိခံနေရခြင်းကြောင့် သွေးတောင်းလေ သောင်းကျန်းပေးရလေသာ။ ထိုအချက်များကြောင့် ၎င်းတို့ အကောင်းထင် လုပ်မိလေသမျှ အဆိုးဘက်သို့သာ ကျသက်နေရရှာသည်။ မျက်စိလည်သူသည် အနောက်ကို အရှေ့ဟုထင်လျက် အရှေ့ကိုကား အနောက်ထင်မှာ ဓမ္မတာပင်။ သည့်ပမာလျှင် မမှန်သောလမ်း မျက်မှန်း တန်းလျက်ရှိကြလေကုန်သော အကန်းသွားတို့သည် အမှန်လမ်းသို့ကား ခန့်မှန်း၍ပင် မသွားတတ်တော့ပြီ။' (စာ-၂၉၇)
    အမှန်လမ်းဆိုတာ တစ်ယောက်တည်းသွားရတဲ့ ခရီးဖြစ်ပေမယ့် ခရီးရောက်လျှင် ရောက်သလောက် နောက်လိုက် ဝေနေယျတွေကို လမ်းပြခေါ်ဆောင်နိုင်တယ်။ အမှန်လမ်းပေါ်မှာ တစ်ယောက်နှင့် တစ်ယောက် တပ်မက်စိတ်ဖြင့် အပြန်အလှန် ဖျက်ဆီးပစ်တာမျိုးမရှိ တော့ဘူး။ စေတနာကြွေး၊ ကျေးဇူးကြွေး၊ ဘဝကြွေး အကြွေးအားလုံးကင်းပြီး ချမ်းသာနေတော့တယ်။
    'ထိုလမ်းမျိုး ငါစွဲကြီးစိုးသော အတ္တသမားတို့ မသွားလိုသည်မှာ ဓမ္မတာတည်း။ ခင်မင်စိတ်ကြီး စိုးသော တဏှာသမားတို့ မသွားရဲသည်မှာ ဓမ္မတာတည်း။ အဖော်နှင့်ဖက် ပျက်မှပျော်တတ်သော အကန်းသမားတို့ စိတ်ကူးမထည့်သည်မှာ ဓမ္မတာတည်း။ သို့ကြောင့် ထိုအကန်းသွားတို့သည် အကောင်းကိုကားရှောင် အဆိုးကိုကား ဆောင်လျက်ကသာ အကောင်းရှာပုံတော်ခရီး ထီးမပါ ဖိနပ်မဖက် ဆက်ဆက်ကြီးသွားနေကြရ ရှာကုန်၏။' (စာ-၂၉၈)
    ဒီလို လမ်းမှားသွားနေသူတွေကို လမ်းမှန်ပေါ် ရောက်အောင် ခေါ်ဆောင်ရမယ့် တာဝန်ဟာ သာသနာပြု ပုဂ္ဂိုလ်များရဲ့ တာဝန်ပါပဲ။ မိမိတို့ ရောက်ဖူးပေါက်ဖူးထားတဲ့ လမ်းမှန်ပေါ်လျှောက်ချင် လာအောင် ခေါ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီလို ခေါ်ဆောင်နိုင်ဖို့ မိမိမှာ ဓမ္မခွန်အားတွေ လိုအပ်လာခဲ့ပါပြီ။ အလောင်းတော်ကြီးများရဲ့ လက်စွဲဖြစ်တဲ့ သီလ၊ သစ္စာ၊ မေတ္တာ၊ ခန္တီတို့ဟာ သာသနာပြုပုဂ္ဂိုလ်များ အလေးအမြတ်ပြုအပ်တဲ့ ဓမ္မဂုဏ်ရည်ပဲ ဖြစ်ပါတယ်။ သီလနှင့် သစ္စာက ရန်ပုံခွင်းလက်နက်ပမာ၊ ခန္တီနှင့် မေတ္တာက ဒိုင်းလွှားပမာ အကာအကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
    'သီလဖြူစင်ခြင်းသည် သစ္စာတိုက်ခြင်း၏ အကြောင်းရင်းတည်း၊ မေတ္တာအင်အားသည် သည်းခံနိုင်ခြင်း၏ အကြောင်းရင်းတည်း။ သို့မဟုတ် သစ္စာတရားသည် မိမိ၏အကျင့်ဂုဏ် အာရုံပြုရာမှ ပေါ်ထွန်းလာစေပြီး ခန္တီတရားသည်လည်း မေတ္တာဓာတ်အားကြီးရာမှ ပေါ်ထွန်းလာသော အစွန်းထွက် ပင်။ ထိုလေးမျိုးတွင် သီလသည်သာ ဦးခေါင်းအရာတည်း။' (စာ-၃၀၀)
    ဘာကြောင့်လဲဆိုတော့ သီလဖြူစင်မှ သစ္စာဆိုပြီး လုပ်ရတဲ့အလုပ်တွေ အောင်မြင်တယ်။ သီလ ဖြူစင်သူရဲ့ မေတ္တာသည်သာ စမ်းရေပမာ အေးမြတယ်။ သီလရှိသူရဲ့ ခွင့်လွှတ်ခြင်းသည်သာ ခန္တီအရာ ရောက်တယ်လို့ ဆိုပါတယ်။ သီလအခြေခံအပေါ်မှာ ဆောက်တည်ထားတာက သရဏဂုံသုံးပါး၊ သရဏဂုံ ပွားထုံခြင်းမရှိလျှင် သီလစင်ကြယ်ခြင်း အလျဉ်းမရှိလို့ ဆိုပါတယ်။
    ၁။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဗုဒ္ဓံသရဏံ ဂစ္ဆာမိကို အကောင်အထည် ဖော်ပေးနေသော ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းနည်းတည်း။
    ၂။ သံဃာနုဿတိ ကမ္မဋ္ဌာန်းသည် သံဃံသရဏံ ဂစ္ဆာမိကို အကောင်အထည်ဖော်ပေးနေသော သံဃာနုဿတိ ကမ္မဋ္ဌာန်းနည်းတည်း။
    ၃။ ကြွင်း ကမ္မဋ္ဌာန်းနည်းအားလုံးသည် တိုက်ရိုက်အားဖြင့် လည်းကောင်း၊ သွယ်ဝိုက်အားဖြင့် လည်းကောင်း၊ ဓမ္မံသရဏံဂစ္ဆာမိကို သရုပ်ဖော်နေသည့် နည်း များချည်းတည်း။} (စာ-၃၀၃)
    ဓမ္မသရဏဂုံပွားထုံခြင်းဖြင့် ကိလေသာမီးတို့ လောင်မြိုက်ခံနေရတဲ့ မိမိစိတ်ကို မီးထဲကဆွဲထုတ်ပြီး အေးအေးချမ်းချမ်း ရှိစေတယ်။ 'တရားက မိမိ၏ အရိုင်းစိတ်ကို အေးရိပ်ကြားထား၍ ယဉ်ပါးအောင် ဆုံးမပေး လျက်ကသာရှိ၏'လို့ ဖော်ပြထားပါတယ်။ 'စင်စစ်သရဏဂုံသည် မိမိကိုရော မိမိနှင့်ပတ်သက် နေသူကိုပါ အကာအကွယ်ပေးနိုင်စွမ်းရှိသော လက်နက်ကောင်းတစ်ခုဖြစ်၏။ တစ်ချက်ဖောက် ရှိသမျှ စိတ်စွဲစုံ အကုန်ပျောက်စေသော လက်နက်ဆန်းကြီးတစ်ခုလည်းဖြစ်၏။ ထိုအင် အားသတ္တိများသည် သရဏဂုံပွားထုံရာမှ ထုတ်ယူရရှိသော အရာများဖြစ်ရာ ယင်းသရဏဂုံသည် ကိုယ်ကျင့် သီလဖြူစင် တောက်ပခြင်း၊ စိတ်တန်ခိုး စိတ်သတ္တိများ အင်အားကြီးထွားခြင်း၏ ပင်မကျောရိုးဟူ၍ တထစ်ချမှတ်အပ်၏။' (စာ-၃၀၄)
    'သရဏဂုံတည်အားကြီး အထူးကောင်းမွန်လာချေသော် မိမိစိတ်ယဉ်ကျေးပြီး သိမ်မွေ့ပြီးဖြစ်ရကား မိမိစိတ် မိမိအစိုးရ ပိုင်ဆိုင်ခွင့် ရှိလာချေ၏။ သို့ကြောင့် မနောကံသောင်းကျန်းမှုဘေး ကင်းဝေးစေ၏။ နောက်လိုက် ကာယကံ၊ ဝစီကံများလည်း သောင်းကျန်းစရာ လမ်းစပေါ်လွင်ပြီ။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးကို ပိုင်ကျုံးအစိုးရနေသူအဖို့ တစ်လောကလုံးကိုလည်း ပိုင်ကျုံး အစိုးရခွင့်၊ လွှမ်းမိုးခွင့် ရရှိတော့ သည်သာ။'
    သီလနှင့် သရဏဂုံ တွဲနေမြဲ၊ နေမှသာ ကာယကံ၊ ဝစီကံ၊ မနောကံတို့ရဲ့ ကိလေသာဒုစရိုက်တွေကို စောင့်စည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ သရဏဂုံက စိတ်မနောမှာ ဖြစ်ပေါ်နေတဲ့ ကိလေသာတွေကို ရှုမှတ် ပယ်ခွာပေးပါတယ်။ သီလက ကာယကံသောင်းကျန်းမှု၊ ဝစီကံပြစ်မှားမှုတွေကို ထိန်းသိမ်းပေးပါ တယ်။
    'ထိုသို့သော သရဏဂုံတည် သီလကြောင့် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးတို့ကို ကိလေသာကပ်ခွင့် မရလေသောအခါ လူ့သတ္တိဖြစ်သော ပင်ကိုစိတ်သည် ကိုယ်ဝယ်နေခွင့်ရချေပြီ။ ထို လူ့ပင်ကို စိတ်ဝင် နေသူအဖို့ အရာရာတွင် စိတ်သဘောထားကြီးမြင့်စွာဖြင့် ခွင့်လွှတ်နိုင်တော့သည်သာ။ တစ်ဖက်သို့ တန်း တူထားလို့ စိတ်ဝင်နေရတော့ကား မည်သူနှင့် ဆက်ဆံဆက်ဆံ နူးညံ့သိမ်မွေ့ဟန် ပေါ်လွင်နေတော့သည်သာ။ ထိုသူ၏ သည်းခံတတ်မှုသည် ခွင့်လွှတ်မှုပါသော သည်းခံတတ်မှုတည်း။ ထိုသူ၏ မေတ္တာထား တတ်မှုသည် ကိုယ်ချင်းစာ အညှာပါသော မေတ္တာဓာတ်သက်မှုတည်း။ ထိုသူ၏ သစ္စာစကားသည် ကျိန်စာမတိုက်သော အမှန်စကား သက်သက်ချည်းတည်း။' (စာ-၃၀၅)
    စမ်းရေဟာ သစ်ရိပ်တောရိပ်တို့ဖြင့် အေးသောမြေမှာသာ ပေါ်ထွန်းသကဲ့သို့ မေတ္တာသည်လည်း ဘုရားအရိပ်၊ တရားအရိပ်တို့ဖြင့် အေးသောစိတ်မှာသာ ပေါ်ထွန်းပါတယ်။ သရဏဂုံတည်ပြီး သီလမြဲနေ သူမှာ ကိလေသာတွေနဲ့ ကင်းဝေးနေပြီဖြစ်လို့ သူ့မှာ ဓမ္မသတ္တိ ကိန်းတည်နေပါတယ်။ ကိလေသာ ပယ်သက်ပြီးဖြစ်တဲ့ အရိယာသူတော်ကောင်းကြီးတွေကို အနီးကပ်ဖူးမြော်ရချိန် အေးခနဲဖြစ်သွားတယ် ဆိုတာ သူတော် ကောင်းကြီးရဲ့ အအေးဓာတ်(ဓမ္မမေတ္တာဓာတ်) ရိုက်ခတ်သွားလို့ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းကြီးတွေရဲ့ မေတ္တာဟာ မိဘက သားသမီးအပေါ်ထားတဲ့ မေတ္တာမျိုး ဖြစ်ပါတယ်။
    'လင်ချစ်၊ မယားချစ် စသည့် မေတ္တာထားမှုများသည် ကိုယ့်အကြိုက် သူ့၌ရှိနေသောကြောင့် လည်းကောင်း၊ သူ့အကြိုက်လည်း ကိုယ့်ထံ၌ရှိနေသောကြောင့် လည်းကောင်း၊ အကြိုက် အကြိုက်ချင်း ညှိ အငြိအငြိချင်း ပြိုင်ကြကာ ငယ်နိုင်ကိုင်နေကြခြင်းမျှဖြစ်ရာ အကြိုက်မရှိတော့၍ အငြိပြေသွားသော အခါ မေတ္တာဆိုသော အရာ သူ့မှာ မရှိတော့ပါချေ။ သို့ကြောင့် ထိုမေတ္တာသည် မေတ္တာစစ်မဟုတ်။'
    မိဘဆိုတာ သားကောင်းသမီးကောင်းကိုမှ ရွေးပြီး ချစ်တတ်သည်မဟုတ်၊ သားဆိုးသမီးဆိုးတို့ကို လည်း ကရုဏာတိုး မေတ္တာမိုး သွန်းဖြိုးနေသကဲ့သို့ သရဏဂုံ၌ တည်ထားတဲ့ မေတ္တာဓာတ်ဟာ အကောင်းအဆိုး မခွဲခြားဘဲ တူညီသော ချစ်ခြင်းမေတ္တာကို ဖြစ်စေပါတယ်။ သီလလုံပြီး မေတ္တာခြုံထားသူမှာ ရှေးကပြုခဲ့ဖူးတဲ့ ဒါနစသော ကောင်းကံတွေ ပေါ်ထွက်လာတယ်။ ပဋ္ဌာန်းဆက်လို့ခေါ်တဲ့ လင်တော်ခဲ့၊ မယားတော်ခဲ့ဖူးသူများ၊ မိဘဆွေမျိုး ညီအစ်ကို မောင်နှမ၊ မိတ်သင်္ဂဟတော်စပ် ခဲ့ဖူးသူတွေ ဝန်းရံလာ တတ်တယ်လို့ ဆိုပါတယ်။ သီလစင်ကြယ်သူမှာ နတ်တို့ရဲ့ ချစ်မြတ်နိုးခြင်းကိုလည်း ခံရတတ်တယ်။ အစောင့်အရှောက်နှင့် အနှောင့်အတားများလည်း ရောက်လာတတ်တယ်လို့ ဖော်ပြထားပါတယ်။
    'ဘုန်းတော်လျှင် ဘုန်းပေါက်တတ်သည်။ ဘုန်းလွဲ ဘုန်းခွဲခံရတတ်ချေသည်။ ထိုသို့သော အချိန်အခါဝယ် လူရှုပ်ခြင်း၊ လာဘ်ပေါခြင်း၊ ကျော်စောခြင်း၊ အခြွေအရံများခြင်းနှင့်တကွ အာဏာသည်လည်း ကောင်း၊ ငွေကြေးဓနသည်လည်းကောင်း၊ မင်းသည်လည်းကောင်း စုပြုံကျလာတတ်၏။'
    'ပြောသမျှတည် ချည်သမျှ မိနေခြင်းသည် သိက္ခာ၏ အာဏာသတ္တိတည်း၊ ငွေကြေးလာဘ်လာဘ တို့ စုပြုံကျလာခြင်းသည် နတ်ကောင်းတို့၏ လှုံ့ဆော်မှုတည်း။ မိန်းမတို့ သဒ္ဓါနှင့်ကဲ အတင့်ရဲလာခြင်းသည် နတ်နှောက်တို့၏ လှုံ့ဆော်မှုတည်း။ ထိုမ,သည် သူစိမ်းပြင်ပြင် မိုးပေါ်ကျမဟုတ်၊ မိမိနှင့် အတိတ်ဘဝများဆီက လင်လုပ်တမ်း၊ မယားလုပ်တမ်း ကစားလာခဲ့ကြဖူးသော မçများ ပင်ဖြစ်ရာ ဘေး မပြော သွေးပြောဖြင့် နှောမိနေချေပြီ။ ထိုစဉ်မိမိက သိက္ခာရှင်ဖြစ်နေ၍ အလင်းဘက်ကနေ သူ့အခြေ မြင်သော်မှလည်း ထို မ,ကား အမှောင်တွင်း သွားမျှဖြစ်ရာ ပက်ပင်းတွေ့ ခွေ့မည်၊ တိုက်မည်မှာ သေချာပြီ။' (စာ-၃၀၉)
    အဲဒီလို သတိပေးထားပြီး ကဗျာလင်္ကာဖြင့် လှလှပပ ညွှန်ပြထားတာက ...
    'ကိုယ့်ရှိဥစ္စာ ထိုတဏှာ ခန္တီပါမှ လွတ်ချိမ့်မည်။'
    'သူ့ရှိဥစ္စာ ထိုမာယာ ခန္တီပါမှ လွတ်ချိမ့်မည်။၏
    ဒီနေရာမှာ သရဏဂုံတည် သီလသာ မရှိခဲ့ရင် ငါးပေါက်မှားပြီး ငါးပါးမှောက်တော့မှာပါ။ ဆရာတော်ကြီးက 'နတ်နှောက်'ဆိုတဲ့ စကားကိုလည်း ရှင်းပြထားပါတယ်။
    'နတ်နှောက်ဟူသည် အလောင်းတော်နှင့် ဒေဝဒတ်၊ စိဉ္စမာနတို့ကဲ့သို့ အတိတ်စွဲ အခဲမကြေသော နတ်၊ မိမိက အားကိုးအားထားပြုခဲ့ဖူးသော နတ်များကို ဆိုသည်။ ထိုတွင် အခဲမကြေ နတ်နှောက်များကား လက်နှင့်ရေးသမျှ ခြေနှင့်ဖျက်သည့် အလေ့အထပမာ သရဏဂုံတင် သီလဝင်ဟူသည့် အကောင်း မျိုးဖြစ်၍ အဆိုးနှင့် တိုက်ခြင်းတည်း။ ထိုနတ်မျိုးကား ရုက္ခစိုး၊ အာကာသစိုး မျိုးတို့၌ မရှိ၊ ဘုမ္မစိုးခေါ်သော ဘူမိယ သိုက်နန်းတွင်းရှိ သိုက်နတ်များပင်တည်း။'
    'ဤနတ်နှောက်တို့ကား မည်သည့် ခလုတ်ပိတ် မည်သည့် မီးမှိတ်မည်၊ မည်သည့် ခလုတ်ဖွင့်မည်သည့် မီးပွင့်မည် အတပ်သိနေသည့်အားလျော်စွာ ပဋ္ဌာန်းဆက် အလိုက်ရှိ မ,တိုက်ခွတိုက်များဖြင့် နှောက်တား တားကြမည်။' (စာ-၃၁၀)
    အဲဒီလို အတိုက်အခိုက် အနှောင့်အတားတွေ ဖြစ်ပေါ်လာပြီဆိုရင် မိမိရဲ့ သီလအားကို အာရုံပြု သစ္စာဆိုခြင်းဖြင့် ရှင်းလင်းပစ်ရမှာ ဖြစ်ပါတယ်။ သီလအားနည်းပါးခဲ့ရင် မိမိဆိုတဲ့ သစ္စာစကားဟာ ခွေးလှေးခုန်လို့ ဖုန်မထဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သရဏဂုံသီလကို ထုံပြီး လုံနေအောင် ဆောက်တည်ထားရမှာ ဖြစ်ပါတယ်။ သာသနာပြုရာမှာ နတ်ဆိုးတို့ နှောင့်ယှက်တတ်သလို နတ်ကောင်းတို့ကလည်း ကာကွယ်စောင့်ရှောက် ချီးမြှောက်တတ်ကြပါတယ်။
    'နတ်ကောင်းဟူသည် သရဏဂုံတင် သီလဝင် သူတော်ကောင်းမျိုးတစ်ပါး လောကအလယ် ထည်ထည်ဝါဝါ ပေါ်ထွန်းလာသောအခါ ဒါနနှင့် အမွေခံထိုက်သူတို့ မသိလိုက်ရ မရှိစေရန်၊ သီလနှင့် အမွေခံ ထိုက်သူတို့ မသိလိုက်ရမရှိစေရန်၊ ဘာဝနာနှင့် အမွေခံထိုက်သူတို့ မသိလိုက်ရမရှိစေရန် နှိုးဆော်ခြင်း တည်း။ ထိုနတ်ကောင်းတို့က အိပ်မက်ပေးခြင်း၊ အရိပ်အယောင် ပြခြင်းများဖြင့် နှိုးဆော်ကြသည်။' (စာ-၃၁၀)
    ဒါ့ကြောင့် သရဏဂုံတည် သီလမြဲမှသာ သာသနာပြု စွမ်းရည်ထူးများကို ရရှိမှာ ဖြစ်ပါတယ်။ ဗုဒ္ဓ ဘုရားရှင်နှင့်တကွ အရိယာသူတော်ကောင်းကြီးများဟာ သတ္တဝါဝေနေယျတို့ကို သီလ၊ မေတ္တာ၊ သစ္စာ၊ ခန္တီတို့ဖြင့် ကာကွယ်စောင့်ရှောက် ချီးမြှောက်ပေးခဲ့တာတွေ များလှပေပြီ။
    'ဤမျက်မှောက်ခေတ်၌လည်း သီလဝိသုဒ္ဓိနှင့် ပြည့်စုံကြပါကုန်သော သူတော်ကောင်း အစားစား တို့ ထွန်းကားလာချေသော် အမျိုး၊ ဘာသာ၊ သာသနာနှင့် သတ္တဝါအားလုံးတို့အတွက် အကာအကွယ်ပေးနိုင်မည်မှာ ငြင်းစရာ လိုမည်မထင်ပါချေ}လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက အသိပေးလမ်း ညွှန်တော်မူခဲ့ပါတယ်။    ။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52228

© 2022 - 2025 News. All Rights Reserved.