ရက္ခိတအိပ်မက်နှင့် စစ်ရာဇဝတ် ကျူးလွန်မှုများ

၂၀၂၅ ၊ ဩဂုတ် ၂၁
    ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်များကြောင့် နိုးထရန် အရှိန်ယူနေရသော ပြည်နယ်တစ်ခု ဖြစ်သည်။ ရေခံမြေခံကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးက ထင်သလောက် ခရီးမပေါက်ခဲ့ချေ။ ထို့အပြင် နှစ်နိုင်ငံနယ်စပ်ရှိ ဘင်္ဂါလီ လူမျိုးများအရေးကလည်း နာတာရှည်သဖွယ် နိုင်ငံတကာက အာရုံစိုက်ခြင်းခံရသောဒေသ ဖြစ်သည်။ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် တစ်ဖက်နိုင်ငံ၏ လူဦးရေပေါက်ကွဲမှုကို တားဆီးကာကွယ်ထားရပြီး လူမျိုးရေးအရ ရှုပ်ထွေးမှုများကလည်း နှစ်ဖက်လူမှုအသိုက်အဝန်းကြား ဖြစ်ပေါ်လေ့ရှိပြီး နိုင်ငံတော်အစိုးရ အဆက်ဆက် သတိထား ကိုင်တွယ်ဖြေရှင်းနေရသည့် ပြဿနာရပ်တစ်ခုပင် ဖြစ်သည်။ လူ့အခွင့်အရေး အော်ဟစ်ကြသူများ၏ စားကျက်မြေကောင်းတစ်ခု ဖြစ်သည်နှင့်အညီ လူ့အခွင့်အရေး မုဆိုးများ၏ သားကောင်တရားခံရှာရာ ဒေသလည်းဖြစ်နေသည်။ ကမ္ဘာပေါ်တွင် နိုင်ငံကြီးများ၌ နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသော်လည်း ကမ္ဘာကြီးက နားမျက်စိ ပိတ်နေသော်လည်း မြန်မာနိုင်ငံ ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်သို့ အာရုံစိုက်ထားကြသည်။ အင်အားကြီး နိုင်ငံကြီးများက ခေါင်းဆောင်များကိုမည်သို့သော ဝရမ်းမျိုးထုတ် သည်ဖြစ်စေ  ဂရုစိုက်စရာပင်မလိုသော ICC ၊ ICJ ဟူသော ဓားခုတ်ရာ လက်ဝင်လျှိုပေးရသည့် အဖွဲ့အစည်းများထံသို့ လူထုအာရုံစိုက်မှုရစေရန် သွားရောက် ရင်ဆိုင်ခဲ့သည့် ယခင်အစိုးရအဖွဲ့၏ ပါတီခေါင်းဆောင် လုပ်ရပ်များကြောင့်လည်း ဘင်္ဂါလီအရေးကို ရှေ့တန်းတင်ခံခဲ့ရသေးသည်။ အကြမ်းဖျင်း အားဖြင့် နှစ်စဉ်ကြုံတွေ့ရသော သဘာဝဘေးအန္တရာယ်၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးသမားတို့၏ အာရုံစိုက်ရာ ပြည်နယ်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အစိတ်အ ပိုင်း တစ်ရပ်ဖြစ်သည့်အတွက် ချန်လှပ်ထား၍ မရသော ဒေသဖြစ်သည်။ ထို့ကြောင့်လည်း တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းယူခဲ့ပြီးနောက် ရခိုင်ပြည်နယ် ရှိ ပြည်သူများ၏ တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက် တွင် AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ခြင်းကို ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားမှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ 
    တပ်မတော်က ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်အကျိုးကို ရှေးရှုဆောင်ရွက်ခဲ့သော်လည်း မဖြစ်နိုင်သည့် ရက္ခိတအိပ်မက်ကို  ကိုယ်ကျိုးဖြင့် မက်နေသော AA လက်နက်ကိုင်ခေါင်းဆောင်များ၏ ပြည်နယ်အတွင်း နယ်မြေချဲ့ထွင်ရေး စစ်ပွဲများဖြင့် ရခိုင်ပြည်နယ်ကို စစ်မီးစတင်ခဲ့သည်။ United League of Arakan (ULA)/ Ara-kan Army (AA) လက်နက်ကိုင်အဖွဲ့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှု ဖြစ်သည့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေး ကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက် ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်း ဖက်လုပ်ရပ်များကို ပြန်လည်ကျူးလွန်လာခဲ့သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ယင်းလက်နက်ကိုင် အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သည်။
    AA လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အနေဖြင့် ရခိုင်လူထု၏ မျက်နှာကိုမကြည့်ဘဲ ကိုယ်ကျိုး အတ္တကိုရှေ့ တန်းတင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ၂၀၂၃ ခုနှစ် မေ ၁၄ ရက် နံနက်ပိုင်းမှစ၍ ဆိုက်ကလုန်းမုန်တိုင်း မိုခါသည် လေတိုက်နှုန်းတစ်နာရီ မိုင် ၁၂၀ ခန့်ဖြင့် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင် ရောက်တိုက်ခတ်ခဲ့သည်။ အစိုးရအနေဖြင့် မုန်တိုင်း တိုက်ခတ်ပြီးချိန်မှ စ၍ ကူညီကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသလို ပြန်လည်ထူထောင်ရေး၊ ထောက်ပံ့ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။ မုန်တိုင်းတိုက်ခတ်ပြီး နောက် တစ်နေ့မှာပင် စစ်တွေမြို့သို့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာကာ လိုအပ်သည့် လမ်းညွှန်မှုများနှင့်အတူ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသများအတွက် လှူဒါန်းငွေများ ပေးအပ်ခဲ့သည်။ ထပ်မံ၍ အမျိုးသား သဘာ၀ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထပ်မံရောက်ရှိလာပြီး မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ခဲ့ကာ ညီနောင် တိုင်းရင်းသားတို့၏ ဘေးဒုက္ခကို ကူညီဆောင်ရွက်ပေးခဲ့သည်။ ထိုစဉ်က တပ်မတော်(ရေ)၏ သင်္ဘောကြီးများနှင့် ရခိုင်ပြည် နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပို့ဆောင်ခဲ့မှု၊ ပြည်မမှ အလှူရှင်များ သွားရောက်လှူ ဒါန်းမှုများဖြင့် ရခိုင်ပြည်နယ်၏ ဒုက္ခကို မျှဝေခံစားခဲ့ကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ပေါ်လွင်စေခဲ့သည့် ပြယုဂ်များပင်ဖြစ်သည်။ ထိုစဉ်က AA လက်နက်ကိုင်အဖွဲ့က ကိုယ့်လူမျိုးဟု ခံယူထားသော ရခိုင်လူမျိုးများအပေါ် အကူအညီပေးရေးထက် နယ်မြေချဲ့ထွင်ရေးကိုသာ အာရုံစိုက်ထားခဲ့သည်။ ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် စိုးစဉ်းမျှ ဝင်ရောက်ကူညီခြင်း မရှိဘဲ သဘာဝဘေးဒဏ် အနာကျက်ခါနီး ၂၀၂၃ ခုနှစ် နိုဝင် ဘာ ၁၃ ရက်မှစ၍  ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေး စခန်းများနှင့် မြို့/ရွာများကို စတင် တိုက်ခိုက်ခဲ့သည်။ ထိုမှစတင်ကာ ရခိုင်ပြည်နယ်အတွင်းသို့ စစ်မီးပွားကို AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က စတင်ယူဆောင် လာခဲ့သည်။
    ၂၀၂၄ ခုနှစ် နှစ်ဦးအရောက်တွင် AA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အနေဖြင့် စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်လာခဲ့ကြသည်။   ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်း၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားအောင် ပြုလုပ်ခဲ့သည်။
    ထို့ပြင် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယင်းလအတွင်း၌ပင် ပုဏ္ဏားကျွန်းမြို့သို့ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တွေတပ်နယ်ဘက်သို့လည်း လက်နက်ကြီးများဖြင့် လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် တပ်နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် AA အကြမ်းဖက် အဖွဲ့က ၂၀၂၄  ခုနှစ် မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အတွင်းသို့ မြို့၏ အရှေ့မြောက်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည်များသည် အမှတ်(၂) ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း လေးဦး သေဆုံးပြီး (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ရှစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုသို့ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ သော စစ်ရာ ဇဝတ်မှုများကို ဗဗ အကြမ်းဖက်အဖွဲ့က ပေါ်ပေါ်တင် တင်ကျူးလွန်ခဲ့ကြသည်။
    အပြစ်မဲ့အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပြီးနောက် ဆက်လက်၍ နယ်မြေချဲ့ထွင်ရေး စစ်ပွဲဖန်တီးခဲ့ကြသည့် AA လက်နက်ကိုင် အကြမ်းဖက်အဖွဲ့၏ ဒေသခံဘင်္ဂါလီရွာသားများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုများက ငြင်းပယ်၍မရအောင် ပေါ်လွင်လာခဲ့ရသည်။ AA အကြမ်းဖက် သောင်းကျန်းသူများ၏ နယ်မြေချဲ့ထွင်စစ်ပွဲများသည် တစ်စတစ်စ ရခိုင်ပြည်နယ်(မြောက်ပိုင်း)ရှိ မြို့ရွာများကို တိုက်ပွဲဖော်ဆောင်လာသည့်အတွက် ဒေသတည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံများက AA အကြမ်းဖက်သောင်းကျန်း သူများကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ် မှုများ ဆောင်ရွက်ခဲ့ ကြသည်။ သတင်းမှတ်တမ်းများအရ ၂၀၂၄ ခုနှစ် မတ် ၁၉ ရက်တွင် ဘူးသီးတောင်မြို့ ရပ်ကွက်၊ ကျေးရွာများရှိ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသော ဘင်္ဂါလီလူမျိုး အင်အား ၂၀၀၀ ကျော်၊ ၂၀၂၄ ခုနှစ် မတ် ၂၁ ရက်တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်၊ သန်တော်နီရပ်ကွက်များက ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဘင်္ဂါလီများ၊ ၂၀၂၄ ခုနှစ် မတ် ၂၃ ရက်တွင် စစ်တွေမြို့ နယ် ဘုမေကျေးရွာနှင့် ဘာဆာရာ ကျေးရွာတို့မှ ဘင်္ဂါလီလူမျိုးများ၊ ၂၀၂၄ ခုနှစ် ဧပြီ ၂၀ ရက်တွင် စစ်တွေ မြို့နယ်ဘုမေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်ရှိ မြို့ရွာများမှာ တိုက်ပွဲဖော်ဆောင်ခဲ့သည့် AA သောင်းကျန်းသူ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် AA အဖွဲ့မှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ် ဖြတ်မှုဖြစ်စဉ်များက ဆက်လက်ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များဖြစ်သည်။
    "AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ၂၀၂၄ ခုနှစ် မတ် ၂၂ ရက်မှာ ဘူးသီးတောင်မြို့နယ်က ဒေသခံလုံခြုံရေး တပ်စခန်းတစ်ခုကို စတင်တိုက်ခိုက်ခဲ့ပြီး ကျန်တဲ့လုံခြုံရေးတပ်စခန်းတွေကိုလည်း ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ လုံခြုံရေး တပ်စခန်းတွေက တပ်ဖွဲ့ဝင်တွေအနေနဲ့ တပ်အပြင်ကို မထွက်နိုင်တော့ပါဘူး။ ဒီဖြစ်စဉ်ဖြစ်ပွားတဲ့ ၂၀၂၄ ခုနှစ် မေ ၂ ရက်ဟာ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA အကြမ်းဖက် သောင်းကျန်းသူတွေက သိမ်းပိုက်ခဲ့တဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ထန်းရှောက်ခံရွာ ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်မှာ မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးအဖွဲ့ဝင်တွေ မရှိတော့ပါဘူး။ AA အကြမ်းဖက်သောင်း ကျန်းသူတွေအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြေရှင်းရာမှာ ပထမပိုင်းက တပ်မတော်ကလုပ်ကြောင်း လွှဲချခဲ့ပါတယ်။ နောက်ပိုင်းပြောတဲ့ အချိန်ကျတော့ ဒီအလောင်းတွေဟာ တပ်မတော်ကအလောင်းတွေ ဖြစ်တယ်လို့ ပြောပြန်ပါတယ်။ သူတို့ဘက်က ပြောဆိုမှုတွေဟာ ရှေ့နောက် မညီမှုကိုကြည့်ရင် ဒီဖြစ်စဉ်ကို AA အကြမ်းဖက် သောင်းကျန်းသူတွေက ဒေသခံ ဘင်္ဂါလီတွေအပေါ် လူ မျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာ ပိုပြီးသိ သာထင်ရှားစေပါတယ်။ ပိုပြီးသိသာစေတဲ့ အထောက်အထားများကတော့ အစုလိုက် အပြုံလိုက် သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်အများအပြား ပါဝင်နေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်"ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
    နေ့စွဲမှတ်တမ်းများအရ မြန်မာ့တပ်မတော်၏ နောက်ဆုံးကျန်ခဲ့သည့် လုံခြုံရေးအဖွဲ့များသည် ၂၀၂၄ ခုနှစ် မေ ၁၄ ရက်တွင် ဘူးသီးတောင်မြို့မှ ဆုတ်ခွာ ခဲ့ရပြီးနောက် မေ ၁၆ ရက် ညပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှာ  ဘူးသီးတောင်မြို့တွင်း ဝင်ရောက်လာပြီး ဘူးသီးတောင်မြို့ပေါ် ရပ်ကွက် ခုနစ်ခုနှင့် ကျင်လတ်ကျေးရွာတို့မှ ဒေသခံနေအိမ်များကို မီးစတင်ရှို့ခဲ့သည်။ မေ ၁၇ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများသည် ဒရုန်းများ အသုံးပြုကာ ဘူးသီးတောင်မြို့ရှိ ဘင်္ဂါလီဒုက္ခသည်များ နေထိုင်ရာ စာသင်ကျောင်းကို ဗုံးချတိုက်ခိုက်ခဲ့ရာ ဒေသခံဘင်္ဂါလီ ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်ရပ် များအပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော် မင်းထွန်းက "ရခိုင်ပြည်နယ်(မြောက်ပိုင်း)က မြို့ရွာတွေမှာ နေထိုင်တဲ့ ဘင်္ဂါလီတွေဟာ ဒေသတည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့အတွက် AA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်လို့ ဘင်္ဂါလီတွေအပေါ် AA အကြမ်းဖက်သောင်းကျန်းသူတွေက အငြိုးအတေးထားပြီး လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်ကာ ထန်းရှောက်ခံရွာက အပြစ်မဲ့ဒေသခံတွေကို ဥပဒေမဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့မှုကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရပါတယ်"ဟု ပြောသည်။
    AA အကြမ်းဖက်သောင်းကျန်းသူများ၏ ဘင်္ဂါလီ ရာနှင့်ချီသေဆုံးအောင် တိုက်ခိုက်မှု ဖြစ်စဉ်တစ် ခုအနေဖြင့် ၂၀၂၄ ခုနှစ် သြဂုတ် ၅ ရက်က မောင်တောမြို့ အနောက်ဘက် နတ်မြစ်ကမ်းတွင် စစ်ဘေးရှောင်ရန် လှေစောင့်နေသည့် ဘင်္ဂါလီများကို AA အကြမ်းဖက် သောင်းကျန်းသူ ထိန်းချုပ်ထားသည့် ရွှေဇားကျေးရွာဘက်မှ ဒရုန်းဖြင့် Drop Bomb  များ အဆက်မပြတ်ချ  တိုက်ခိုက်ခဲ့သည့်အတွက် ဘင်္ဂါလီ၂၀၀ ကျော်သေဆုံး ခဲ့ရ ပြန်သည်။
    "ကျွန်တော် သိသလောက်ပြောရရင် ဘူးသီးတောင်မြို့နယ်က ရွာဖြစ်စဉ်က ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ တပ်မတော်ကလည်း မရှိတော့ဘူး။ မရှိတာကိုလည်း သောင်းကျန်းသူတွေ ထုတ်ပြန်ထားတဲ့ ရက်စွဲတွေနဲ့တိုက်ကြည့်ရင် သိနိုင်တယ်။ တပ်တွေမရှိတော့တဲ့ အချိန်မှာ အဲ့ဒီရွာက လူတွေကို မောင်းထုတ် တယ်။ တချို့ကလည်း ထွက်သွားတယ်။ တချို့ကလည်း ကိုယ့်ရွာထဲဆိုပြီး ပေကပ်နေကြတာပေါ့။ အဲဒီအချိန်မှာ နတ်မြစ်ဘက်ကိုထွက်ဖို့ ဆိုင်ကယ်တွေအပေါ်၊ တုတ်တုတ်တွေအပေါ် ရောက်နေကြတယ်။
    အဲဒီအချိန်မှာ သူတို့အတွင်းက အမိန့်တစ်ခုကြောင့် ထင်ပါတယ်။ ဘယ်သူမှ မထွက်ရတော့ဘူး ဆိုပြီးတော့ ရွာထဲကို ပြန်ဝင်ခိုင်းပြီးတော့မှ သတ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့အလေ့အထက ဘယ်လိုလဲဆိုတော့ မောင်တောဘက်ကနေ အတင်းထွက်ခိုင်းတဲ့ ဘင်္ဂါလီတွေကို စစ်တွေမှာ နေရာချထားရင်း ကြားရတာကို ပြောပြချင်တာပါ။ သူတို့ရဲ့ ပုံစံက တပ်စခန်းတွေကို သိမ်းပြီးရင် ပတ်ဝန်းကျင်က နှစ်မိုင်၊ သုံးမိုင်လောက်မှာရှိတဲ့ ရွာတွေက လူတွေအကုန်လုံးကို အကုန်မောင်းထုတ်ပစ်တယ်။ မောင်းထုတ်တာကို မသွားရင်လည်း ရွာကို မီးရှို့ပစ်တာတွေ လုပ်ကြတယ်။ သူတို့ပိုင်းခြားလိုက်တဲ့ ဧရိယာအတွင်းမှာ အရပ်သားမရှိအောင် လုပ်ကြတယ်။မီးရှို့တော့ မဖြစ်မနေ ထွက်ပြေးကြရတာပေါ့"ဟု AA အကြမ်းဖက် များကြောင့် စစ်တွေမြို့သို့ တိမ်းရှောင်လာသော ဘင်္ဂါလီများကို ကူညီဆောင်ရွက်ခဲ့ရသူတစ်ဦးက ဆိုသည်။
    AA အကြမ်းဖက်များကြောင့် နေရပ်စွန့်ခွာကာ စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာသူများ၏ တွေ့ကြုံခဲ့ရမှုများနှင့်ပတ်သက်၍ အထက်ပါ ပုဂ္ဂိုလ်က "
သူတို့ကတော့ နီးရာဓားကို ကြောက်ခဲ့ရတာ ပေါ့လေ။ ဒါပေမဲ့ ၂၀၂၃ ဖြစ်စဉ်ကြီးမှာတော့ ဘယ်လို ကွဲကွဲပြားပြား ဖြစ်သွားလည်းဆိုတော့ AA ကပဲ သူတို့ကို ဒုက္ခပေးတယ်ဆိုတဲ့ ပုံစံမျိုး မြင်သွားကြတယ်။ AA ကပဲ ဘင်္ဂါလီအများစုနေထိုင်တဲ့ ဘူးသီးတောင်တို့၊ မောင်တောတို့ကို AA မထိန်းချုပ်ခင်ကတည်းက ရွာနီးချုပ်စပ်ကို စဝင်လာကတည်းက ဘင်္ဂါလီတွေကို မောင်းထုတ်တယ်။ မဖယ်ပေးဘူးဆိုရင် လက်နက် ကြီးတွေ၊ ဘာတွေနဲ့ ရွာထဲကို ပစ်လိုက်တယ်။ ရွာထဲကို လက်နက်ကြီးကျတော့ ရွာသားတွေက မနေရဲ တော့ဘူးပေါ့။ တစ်ဖက်ကနေ ဒါက စစ်တပ်ကပစ်တာ မင်းတို့ကိုကာကွယ်ပေးဖို့ ငါတို့က လာနေတာ ဆိုတာမျိုး ပြောတာကို မဟုတ်ဘူး ဆိုတာလည်း ဘင်္ဂါလီတွေကသိတယ်။ တချို့နေရာတွေမှာ သူတို့ကို အဝင်မခံတဲ့ ရွာတွေရှိတယ်။ အဲဒီလိုရွာမျိုး ဆိုရင် ရွာလူကြီးတို့၊ ဘင်္ဂါလီဆရာတို့၊ ဘာသာရေးဆရာ တို့ကို သတ်ပစ်တာတွေရှိတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ထဲမှာ ၂၀၂၃ နောက်ပိုင်းမှာ AA ကို ပိုပြီး နာကြည်းလာ တယ်လို့ ပြောကြပါတယ်"ဟု ပြောသည်။
    ထိုသို့ အရပ်သားများအပေါ် လူမျိုးသုဉ်းသတ် ဖြတ်မှုများအပြင် AA အကြမ်းဖက်လက်နက်ကိုင်အ ဖွဲ့က ရခိုင်ပြည်နယ်အတွင်း စစ်သုံ့ပန်းများအား ညှဉ်းပန်း သတ်ဖြတ်နေခြင်းကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးရန် Fortify Rights လူ့အခွင့်အရေး အဖွဲ့က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် တောင်းဆိုခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖမ်းဆီးမိခဲ့သော မြန်မာ့တပ်မတော်တပ်သားများ သို့မဟုတ် အရပ်သားများကို AA တပ်ဖွဲ့ဝင်များက ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်နေသော ဗီဒီယိုနှစ်ခုကို မိမိတို့ လက်ခံရရှိခဲ့သည်ဟု အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် AA အကြမ်းဖက်အဖွဲ့၏ စစ်ရာဇတ်မှုကျူးလွန်ခြင်းများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်စဉ်များက ယနေ့အချိန်တွင် ဖုံးကွယ်၍မရသော ကမ္ဘာသိဖြစ်စဉ်များ ဖြစ်လာခဲ့သည်။
    Arakan Dream ဟူသော ရက္ခိတအိပ်မက်ကြောင့် ယခုအခါ ရခိုင်ပြည်သူ သိန်းနှင့်ချီ၍ ပြည်မသို့ တိမ်းရှောင်ခြင်း၊ တိမ်းရှောင်နိုင်ခြင်းမရှိဘဲ ကျန်ရစ်ခဲ့ကြ သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နိမ့်ကျသွားခြင်း၊ စစ်၏ ဒဏ်ရာကြောင့် ရခိုင်ပြည်သူများစွာ သေဆုံးခဲ့ရခြင်း၊ လူ့အသိုက်အဝန်းတစ်ခုဖြစ်သော ဘင်္ဂါလီလူမျိုး ရာနှင့်ချီက အကြမ်းဖက်သတ်ဖြတ်ခံရခြင်းများက AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ် ဖြစ်ကြောင်း သက်သေခံလျက်ရှိသည်။ လက်နက်ကိုင် ခေါင်းဆောင်တစ်ဦး၏  ရက္ခိတ အိပ်မက်သည် ၎င်းအတွက် မည်သို့အကျိုးစီးပွား ဖြစ်ထွန်းသည်ကို မသိနိုင်သော်လည်း ခံစားရသော တိုင်းရင်းသား ပြည်သူများအတွက် အိပ်မက်ဆိုးတစ်ခု သာဖြစ်ကြောင်း သမိုင်းတွင် ကျန်ရစ်မည်ဖြစ်သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49690

© 2022 - 2025 News. All Rights Reserved.