၂၀၂၅ ၊ ဩဂုတ် ၂၃
ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းနိုင်ရေးအတွက် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ အမေရိကန် နဲ့ ရုရှားသမ္မတ တွေ့ဆုံဆွေးနွေးမှုကတော့ တိကျတဲ့ သဘောတူညီမှု ရလဒ်တွေ ထွက်ပေါ်မလာဘဲ အဆုံးသတ်ခဲ့ပါတယ်။ ဒါဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်ပွဲစတင် ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ရုရှားနဲ့ အမေရိကန်သမ္မတတို့ လူချင်းတွေ့ဆုံတာလည်း ဖြစ်လာပါ တယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာကတည်းက သူသမ္မတဖြစ်လာရင် ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို အမြန်ဆုံး အပြီးသတ်ပြမယ်လို့ ကြွေးကြော်ထားခဲ့သူပါ။ တစ်ဖက်မှာတော့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း စစ်ပွဲကို ရပ်စဲဖြစ်ခဲ့ရင်တောင်မှ ရုရှားရဲ့ အကျိုးစီးပွားတွေ နစ်နာမှုမရှိအောင် သေသေချာချာ စီမံကာကွယ်ဖို့ အလက်စကာကို ရောက်လာခဲ့ပါ။ ဒီတော့ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ မျှော်လင့်ချက်ကြီးကြီး စောင့်ကြည့်ခဲ့ကြတာ မဆန်းပါဘူး။
ခန့်မှန်းထားတာထက် တိုတောင်းပြီး ၃ နာရီ ဝန်းကျင်သာကြာခဲ့တဲ့ တွေ့ဆုံမှုအပြီးမှာတော့ ထရမ့်နဲ့ ပူတင်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လိုရင်းကို ခပ်တိုတိုပဲ ပြောသွားပြီး မေးခွန်းတွေကိုလည်း ပြန်မဖြေခဲ့ပါဘူး။ အနှစ်ချုပ်ကတော့ ဆွေးနွေးကြတဲ့ ကဏ္ဍတွေထဲမှာ အပြုသဘောဆောင်ပြီး တိုးတက်ခဲ့တာတွေ အများအပြားရှိတယ်၊ ဒါပေမဲ့ အပြီးသတ် သဘောတူညီမှုတော့ မရခဲ့ဘူးဆိုတာပါပဲ။ ထရမ့်ကတော့ ဘာသဘောတူညီမှုမှ မရရင် ဘာမှ အထမမြောက်ခဲ့ဘူးလို့ သတ်မှတ်ရုံပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။
အာရုံစိုက်သင့်တာ တစ်ခုက ပူတင်ဟာ ရိုးရိုးရှင်းရှင်း အင်္ဂလိပ်စကားကို သုံးပြီး နောက်တစ်ခါ မော်စကိုမှာ ပြန်ဆုံကြမယ်လို့ ပြောသွားခဲ့ခြင်းပါ။ ဒါဟာ ဆွေးနွေးဖို့ အားထုတ်မှုတွေ အဆုံးသတ် မသွားသေးဘူးဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ ကိုယ်အမူအရာ လှုပ်ရှား မှုကို ဆန်းစစ်လေ့လာတဲ့ ပညာရှင်တွေကတော့ ထရမ့်ဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ စိတ်ပျက်နေဟန်ရှိပြီး တက်တက်ကြွကြွ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ တစ်ဖက်မှာတော့ နိုင်ငံတကာ အကဲခတ်တွေက အလက်စကာဆွေးနွေးပွဲဟာ ပူတင်အတွက် ကောင်းကျိုးတွေ တော်တော်များများ ဖန်တီးနိုင်ခဲ့တဲ့ အရွေ့တစ်ခုလို့ လက်ခံယုံကြည်လာကြပါတယ်။
ပထမဆုံး အနေနဲ့ ထရမ့်ဟာ ပူတင်ကို ကော်ဇောနီခင်းပြီး တခမ်းတနား ကြိုခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ခဲ့တဲ့နောက် အမေရိကန် သမ္မတ(ဟောင်း) ဂျိုးဘိုင်ဒန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက ရုရှားကို လူဆိုးဇာတ်သွင်းပြီး ဖယ်ထုတ်ထားဖို့ ကြိုးစားခဲ့ပေမယ့် ထရမ့်ကတော့ ပိုပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို ရွေးချယ်ခဲ့ပါတယ်။ သမ္မတပူတင်ကို ထရမ့်က လေးလေးစားစား ကြိုဆိုခြင်းဟာ ယူကရိန်းနဲ့ အနောက်ဥရောပ နိုင်ငံတွေအတွက် စိတ်ပျက်စရာ ဖြစ်စေမယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။
နောက်ပြီး ထရမ့်-ပူတင် ဆွေးနွေးပွဲမှာ ယူက ရိန်းသမ္မတ ဇီလန်စကီးကိုလည်း တက်ရောက်ခွင့် ပေးသင့်ကြောင်း ဥရောပ နိုင်ငံတွေဆီက တကျည်ကျည် ပူဆာမှုကိုလည်း ထရမ့်က မလိုက်လျောခဲ့ပါဘူး။ အဲဒီအစား ရုရှားရဲ့ တောင်းဆိုမှုအတိုင်း အမေရိကန်-ရုရှား ထိပ်သီးအစည်း အဝေးသာ ဖြစ်စေခဲ့ပါတယ်။ အရေးအကြီးဆုံး နောက်တစ်ချက်က ရုရှားဟာ စစ်ရပ်စဲရေးနဲ့ ပတ်သက်ရင် ကိုယ့်ဘက်က ဘာလိုချင် သလဲဆိုတာကို ထရမ့်ဆီ ရှင်းရှင်းလင်းလင်း ပြက်ပြက်ထင်ထင် အသိပေးခွင့် ရခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ပေမယ့် ပူတင်ဟာ ထရမ့်နဲ့ တွေ့ဆုံချိန်မှာ ယူကရိန်းပိုင်နက် အရှေ့ ဘက်ခြမ်း နယ်မြေတွေကို ရုရှားက အပြီးတိုင် လွှဲပြောင်းရယူခွင့် ဆိုတာမျိုးကို သေချာပေါက် အဆိုပြု ခဲ့ဖွယ်ရှိပါတယ်။
ရုရှားမီဒီယာတွေကတော့ သမ္မတရဲ့ အလက်စကာ ခရီးစဉ်ကို သံတမန်ရေး အောင်ပွဲတစ်ခုအနေနဲ့ ညွှန်းဆိုနေကြပါတယ်။ ထရမ့်ဟာ သမ္မတပူတင်ကို ကော်ဇောနီခင်းပြီး ကြိုခဲ့ရုံသာ စစ်လေယာဉ်တွေကို ဖြတ်ပျံစေပြီး အလေးပြုစေခဲ့ပါတယ်။ သဘောတူညီမှုတစ်ခုခု မရသေးဘူး ဆိုပေမယ့် ရုရှားဘက်က တောင်းဆိုတာတွေကိုလည်း ထရမ့်က အပြင်းအထန် ငြင်းဆိုတာမျိုး မရှိခဲ့ပါဘူး။ ပူတင်နဲ့ ဆွေးနွေးမှု အပြီးမှာတော့ ထရမ့်က ဇီလန်စကီးဆီ ဖုန်းခေါ်ခဲ့ပြီး အသေးစိတ် အကြောင်းအရာတွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ယူကရိန်းရဲ့ အဆိုပြုချက်ကို အရင် နားမထောင်ဘဲ ရုရှားဆီက စကားကိုပဲ ယူကရိန်းဆီ ထရမ့်က အသိပေးတဲ့ အဓိပ္ပာယ်ပါ။
လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး အနောက်အုပ်စု မီဒီယာတွေက ရုရှားဟာ သီးခြားအပယ်ခံ သင်းကွဲဖြစ် နေပါပြီလို့ ပုံဖော်နေခဲ့ပေမယ့် အခုတော့ အမေရိကန် သမ္မတကိုယ်တိုင်က ရုရှားသမ္မတကို ကော်ဇောနီခင်းကြိုဆိုပြီး အလေးထား ဆွေးနွေးနေရပြီလို့ ကရင်မလင်နန်းတော်ရဲ့ ပြောရေး ဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောပါတယ်။
ဒါပေမဲ့ အစောပိုင်းမှာပြောခဲ့သလိုပဲ အလက်စကာ တွေ့ဆုံပွဲမှာ ပူတင်အတွက် အဓိက ရလိုက်တဲ့ အကျိုးအမြတ်ကတော့ သူ့လိုလားချက်တွေကို ထရမ့်ဆီ တိတိကျကျ သတင်းစကား ပေးပို့လိုက်နိုင်ခြင်း ဖြစ်ပါတယ်။ ပူတင်နဲ့ တွေ့ပြီးတဲ့နောက် ထရမ့်က အမေရိကန်ဟာ မူလက စဉ်းစားထားသလိုမျိုး ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရအောင်အရင် ညှိ၊ ပြီးတော့မှ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဖို့ တွန်းအားပေးတာမျိုး မလုပ်ချင်တော့ဘဲ တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးဖြစ်အောင် အားပေးပံ့ပိုးသွားမယ်လို့ ထုတ်ပြောလာပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲအတွက် ဖြေရှင်းရေး အပိုင်းမှာ အမေရိကန် အစိုးရဆီက သိသာတဲ့ မူဝါဒအပြောင်းအလဲလည်း ဖြစ်လာပါတယ်။
တစ်နည်းအားဖြင့် ပူတင်က တကယ်တမ်းငြိမ်းချမ်းရေးကို လိုလားရင် ကြားလူတွေ ဝင်ခြယ်လှယ်စရာမလိုဘဲ မျှော်လင့်ထားတဲ့ ရည်မှန်းချက်ဆီ တည့်တည့်သွားသင့်တယ်ဆိုတဲ့ အကြံပြုချက်ကို ထရမ့်က လက်ခံလိုက်တဲ့ အဓိပ္ပာယ်လို့လည်း ယူဆလို့ရပါတယ်။ ဒီတော့ အဓိက အနှောင့်အယှက် ဆက်ဖြစ်နေနိုင်တာက ယူကရိန်းရဲ့ ခေါင်းမာမှုနဲ့ အဲဒီခေါင်းမာမှုကို မီးလောင်ရာလေပင့် အားပေးနေတဲ့ ဥရောပနိုင်ငံ တွေရဲ့ သွေးထိုးမှုတွေပါပဲ။ ရုရှားဟာ ယူကရိန်းထက် စစ်အင်အား အပြတ်အသတ် သာလွန်ပြီး လောလောဆယ်မှာလည်း ယူကရိန်းတပ်တွေဟာ နိုင်ငံအရှေ့ပိုင်း စစ်မြေပြင်တွေမှာ တဖြည်းဖြည်း နောက် ဆုတ်ပေးနေရပါတယ်။ ယူကရိန်းဟာ ဘိုင်ဒန်လက်ထက်တုန်းကလိုမျိုး အမေရိကန် အစိုးရဆီက အင် တိုက်အားတိုက် အကူအညီပေးမှုတွေကိုလည်း မရနိုင်တော့ပါဘူး။ ရုရှားဟာ ယူကရိန်းပိုင်နက်ရဲ့ ရာခိုင်နှုန်း ၂၀ ထက်မနည်းကိုလည်း သိမ်းယူထားပြီးပါပြီ။ ဒီတော့ စစ်ပွဲကို ဆက်တိုက်နေသ၍ ယူကရိန်းဟာ အောက်စည်းရောက်တဲ့ဘက်ကချည်း ဖြစ်နေ မှာပါ။
ဒီအခြေအနေမှာ ထရမ့်ဝင်ညှိပေးသလိုမျိုး နိုင်ငံပိုင်နက်နယ်မြေတချို့ကို စွန့်လွှတ်ပေးပြီး ရုရှားကလည်း ယူကရိန်း နယ်မြေတချို့ကို ပြန်လွှဲပေးရင်း ငြိမ်းချမ်းရေး သဘောတူညီမှု ယူလိုက်တာဟာ ရှဉ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ အဖြေတစ်ခု ဖြစ်မှာပါ။ ဒါပေမဲ့ ဇီလန်စကီးကတော့ ယူကရိန်း နယ်မြေတွေကို အဆုံးရှုံးခံမှ စစ်ပွဲရပ်ရမယ်ဆိုရင် သူသဘောမတူနိုင်ဘူးဆိုပြီး တင်းခံနေဆဲ ဖြစ်ပါတယ်။ ထရမ့်ကတော့ သူဟာ ရုရှားရဲ့ အဆိုပြုချက်တွေကို လက်ခံဖို့ ဇီလန်စကီးကို တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။
အလက်စကာ ဆွေးနွေးပွဲအပြီးမှာတော့ ထရမ့်ဟာ ယူကရိန်း၊ အနောက်နိုင်ငံတွေဆီက အသံတွေကိုလည်း နားထောင်ရမှာပါ။ ဥရောပ နိုင်ငံတွေကတော့ ယူကရိန်းရဲ့ ကံကြမ္မာကို ယူကရိန်း ကိုယ်တိုင်က ဆုံးဖြတ်ခွင့် ရှိသင့်ပြီး ရုရှားရဲ့ ခြယ်လှယ်မှုတွေကို နားမယောင်ပါနဲ့လို့ ထရမ့်ကို ဝိုင်းပြောထားကြပါတယ်။ ဒါပေမဲ့ သမ္မတ ဖြစ်လာချိန်ကတည်းက ကိုယ့်သဘောကိုယ်ဆောင်၊ ကိုယ်လုပ်ချင်ရာလုပ်နေတဲ့ ထရမ့်ကတော့ ဒီအသံတွေကို သိပ်ပြီး နားစိုက်ထောင်မှာ မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ သွေးအစွန်းဆုံးဖြစ်လာတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အကောင်းဆုံးလို့ သူယူဆထားတဲ့ နည်းလမ်းကိုပဲ ထရမ့်က ရွေးပါလိမ့်မယ်။ ပြီးတော့ အဲဒီနည်းလမ်းကလည်း ရုရှားရဲ့ လိုလားချက်တွေနဲ့ ပိုပြီး နီးစပ်နိုင်ပါတယ်။
အလက်စကာ တွေ့ဆုံပွဲမှာ သဘောတူညီမှုတွေဘာမှ မတည်ဆောက်နိုင်ခဲ့ပေမယ့် အလဟဿတော့ မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် ရုရှားအတွက်တော့ အဲဒီဆွေးနွေးပွဲကနေ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အကျိုးအမြတ်တွေ ရယူနိုင်ခဲ့ပါတယ်။ အရင်ကတော့ အဆုံးသတ်ဖို့ ကမ်းမမြင် လမ်းမမြင်ဖြစ်ပြီး အနာဂတ် မရေရာတဲ့ စစ်ပွဲကို ရပ်စဲသွားစေဖို့ မျှော်လင့်ချက်ကတော့ ခပ်ရေးရေး အရာထင်လာပြီလို့ ဆိုနိုင်ပါတယ်။ သမ္မတပူတင် ပြောထားတဲ့အတိုင်း မော်စကိုမှာ နောက်တစ်ခါ ပြန်တွေ့ဖြစ်ကြရင်တော့ ပိုပြီး ထင်ရှားပြတ်သားတဲ့ ရလဒ်တွေ၊ ထိရောက်တဲ့ သဘောတူညီမှုတွေအကြောင်း စပြီး သတင်းကြား လာနိုင်မယ်လို့ ယုံကြည်ရပါတယ်။
(ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )