Breaking

ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ တက်ရောက်လာသူအချို့၏ စကားသံများ

၂၀၂၅ ၊ ဇွန် ၂၆
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဦးဆောင်တဲ့ Peace Forum 2025  ကို နေပြည်တော်မှာ ဇွန် ၂၅ ရက် ကနေ ၂၇ ရက်အထိ သုံးရက်တိုင် ပြုလုပ်သွားမည် ဖြစ်သည်။ Peace Forum 2025  ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်လာသူများအနေဖြင့် ခေါင်းစဉ်အလိုက် အဖွဲ့နှစ်ဖွဲ့ခွဲပြီး သီးခြားဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ပ ခြောက်နိုင်ငံက Think Tank ပညာရှင်တွေ ပြည်တွင်းက အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။

Peace Forumာ တက်ရောက်လာသူအချို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNLO နာယက)
    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကျွန်တော်တို့ တိုင်းပြည်မှာ ရှိခဲ့တာကြာပြီ။ သို့သော် အရှိန်အဟုန် ကောင်းကောင်းနဲ့ သွားနေရာကနေ နည်းနည်းတန့်သွားတယ်။ အခု ဒီဖိုရမ်ကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ဆင့်တိုး တွန်းအားပေးပြီးတော့ အရှိန်အဟုန်နဲ့ ဆက်လက်တွန်းအားပေး ချီတက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တိုက်နေတဲ့ အဖွဲ့တွေအတွက်က ဒီဖိုရမ်က ထွက်လာမယ့်ရလဒ်တို့၊ နိုင်ငံရေး အားမခံချက်တို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ လုပ်ပေးနိုင်တဲ့ အခွင့်အရေးတို့ အဲဒါတွေ စောင့်ကြည့်ပြီးတော့ နိုင်ငံရေးအခွင့်အလမ်းတွေအပေါ်မှာ လာရေး၊ မလာရေး တိုက်နေတဲ့အဖွဲ့တွေက ဆုံးဖြတ်ကြမှာကိုး။ သူတို့ဆုံးဖြတ်နိုင်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း၊ ဖက်ဒရယ်အတွက်သော်လည်းကောင်း၊ ဒီမိုကရေစီအတွက်သော်လည်းကောင်း အာမခံချက်တွေရလာရင် ဒီအပေါ်မှာ သုံးသပ်ကြမှာ ဖြစ်လို့ ရလဒ်ကောင်းတွေ ထွက်လာအောင် ကျွန်တော်တို့ ဝိုင်းဝန်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လာဆွေးနွေးပါ၊ တံခါးဖွင့်ထားတယ်။ ဆွေးနွေးတဲ့နေရာမှာ ကြိုတင် စည်းကမ်းချက် မသတ်မှတ်ဘူး ဆိုတာကို အတည်ယူလိုက်ရင် ကောင်းတယ်။ ဦးသိန်းစိန်လည်း ပြောဖူးပါတယ်။ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ ဒီမိုကရေစီ တည်ဆောက်လို့ ပြောဖူးပါတယ်။ သို့သော် လက်တွေ့ NCA ထိုးတဲ့အခါကျတော့ ပါတီလည်း ထောင်ဖို့မလိုဘူး။ အပစ်အခတ်ရပ်တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးမယ်။ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပမယ်၊ ဒါနဲ့ပဲ NCA ပြီးမြောက်သွားတာပေါ့။ အဲဒီလမ်းကြောင်းကို ပြန်ရောက်သွားတာပေါ့။ တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကတော့ ပြည်သူတွေအတွက် ထွက်ပေါက်တစ်ခုကို ဖန်တီးပေးနိုင်တဲ့ အခွင့်အလမ်း အစပျိုးတာ ဖြစ်နိုင်ပါတယ်။ အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့လမ်းစလည်း ဖြစ်နိုင်ပါတယ်။ လုံလုံးလျားလျား ထွက်ပေါက်လို့တော့ မပြောနိုင်သေးဘူး။ဖြည်းဖြည်းချင်း သွားရမှာပါ။

ဦးစောသန်းမြင့် (ကျားဖြူပါတီ)
    ဒါက ဒုတိယအကြိမ်ပေါ့နော်။ ပထမအကြိမ်တုန်းက Peace Talk ငြိမ်းချမ်းရေးစကားဝိုင်း။ အခုက ဖိုရမ်ဆိုတော့ ပိုပြီးတော့ အဆင့်မြင့်လာတယ်။ အစု အဖွဲ့တွေလည်း အများကြီးပါဝင်တယ်။ လူဦးရေကလည်း ပြီးခဲ့တဲ့ တစ်ခေါက်ကထက် လူဦးရေ တစ်ရာလောက် ပိုတိုးလာတယ်။ ပညာရှင်တွေရော၊ အဖွဲ့အစည်းမျိုးစုံကရော တက်ရောက်ကြတယ်။ ဒီတစ်ခေါက်က ဒီစကားဝိုင်းက ပိုပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စကားအသံတွေ မျိုးစုံ ငြိမ်းချမ်ရေးအတွက်ရော၊ လာမယ့် ရွေးကောက်ပွဲအတွက်ကိုရော ခေါင်းစဉ်နှစ်ခုနဲ့ ဆွေးနွေးကြမှာဖြစ်လို့ ဒီတစ်ခေါက် ဆွေးနွေးပွဲက ပိုပြီးတော့ မြိုင်ဆိုင်မယ်။ ပိုပြီးတော့ ကောင်းမယ်။ အဖွဲ့အစည်းအစုံပါတဲ့အတွက် ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူ ဖြစ် မယ်လို့ မျှော်လင့်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကြီးကတော့ တောက်လျှောက်ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖိတ်ခေါ်တယ်။ အဖွဲ့အစည်းမှန်သမျှကို ဖိတ်ခေါ်တယ်။ တချို့ တစ်ဖွဲ့၊ နှစ်ဖွဲ့လောက်က လွဲရင်ပေါ့။ ကျန်တဲ့အဖွဲ့အားလုံးကို ဖိတ်ခေါ်တယ်။ အခုတော့ ဒီနေ့ပြောတဲ့ စကားအရ အားလုံးကို ပြန်ပြီးတော့ ဖိတ်ခေါ်တဲ့ သဘောရှိပါတယ်။ အခု နိုင်ငံရေးက ပိုပြီးတော့ တည်ငြိမ်လာတယ်။ တည်ငြိမ်တဲ့အပြင် လက်ရှိအစိုးရ ရဲ့ အုပ်ချုပ်ရေးနယ်ပယ်က ပိုပြီးတော့ တဖြည်းဖြည်း ချင်း ပြန်ပြီးတော့ ကျယ်ပြန့်လာတာကို တွေ့ရတယ်။ အုပ်ချုပ်ရေးနယ်ပယ်က ပြီးခဲ့တဲ့နှစ်က ထက်ကို အခု ၂၀၂၅ ခုနှစ်က သြဇာသက်ရောက်မှုနယ်ပယ် ပိုပြီး တော့ ကျယ်ပြန့်လာတာကို တွေ့ရတယ်။ ဒါဘာလဲဆိုတော့ ငြိမ်းချမ်းဖို့အတွက် အစလက္ခဏာပြနေတယ်လို့ ထင်တယ်။ အဲဒါနဲ့ တစ်ပြိုင်နက် တိုင်းပြည် ငြိမ်းချမ်းရေးအတွက်ကို ဖိဖိစီးစီးနဲ့ လုပ်ဆောင်ရင်း ရွေးကောက်ပွဲအတွက်ကိုပါ တစ်ပြိုင်နက် ဆောင်ရွက်တာလို့ မြင်တယ်။ 

ဦးကိုကိုကြီး (ပြည်သူ့ပါတီ ဥက္ကဋ္ဌ)
    ငြိမ်းချမ်းရေးစကားဝိုင်းတွေက များများလုပ်နိုင်လေ သဘောတူချက်တွေကို စုစည်းမယ်။ တကယ်လို့ သဘောမတူသေးတဲ့ အချက်တွေရှိရင်တောင်မှ နောက်ထပ် နောက်ထပ် ထပ်ထပ်ပြီးတော့ ဆွေးနွေးခွင့် တွေရှိတယ်။ အဓိကတော့ ပစ်နေတာထက်စာရင် ပြောနေတာက အကျိုးရှိတယ်။ ဒါကြောင့်မို့ ပြောပြီးရင်း ပြောနေရမယ့် ငြိမ်းချမ်းရေး စကားဝိုင်းတွေလို့ မြင်ပါတယ်။ တစ်ခုရှိတာ ကျွန်တော်တို့ဆီမှာ ငြိမ်းချမ်းရေးပြော ပြီဆိုရင် အခြေခံအကျဆုံး ပြဿနာဖြစ်တဲ့ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးပေါ့။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကလည်း ဒီဟာကိုပဲ အဓိကပြောသွားတယ်။ အဲဒါတွေပြောရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအကျပ်အ တည်းကို ရောက်သွားတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ဖို့ဆိုတာ တကယ့်ကို ခိုင်မာတဲ့ သဘောတူညီချက် ရလဒ်တွေဖြစ် လာဖို့လိုတယ်လို့ မြင်ပါတယ်။ ဆွေးနွေးပြီဆိုရင် အားလုံးပါဝင်ရေးဆိုတာကို ပြောကြတာများတယ်။ မူအားဖြင့်တော့ ဟုတ်တယ်။ ပစ်တဲ့သူ တစ်ယောက်ကျန်နေရင်ကို မငြိမ်းချမ်းသေးဘူး။ တကယ်တမ်းပြောရရင် ပစ်ခတ် တိုက်ခိုက်နေသူတွေ အားလုံးပါဝင်လာမှ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဖြစ်မယ်။ သို့သော် လက်တွေ့သဘောအရတော့ တစ်နေရာတည်း တစ်ချိန်တည်းမှာ အားလုံးစုံပြီး တွေ့ဖို့ဆိုတာ မလွယ်ဘူး။ အဲဒီတော့ ဆွေးနွေးလို့ရတဲ့ သူတွေက စပြီးတော့ စကားဝိုင်းတွေကို တည်ဖို့လိုတယ်။ ဒါကို တဖြည်းဖြည်း ချဲ့ထွင်ပြီးတော့ ပို၍ ပို၍ ကျယ်ပြန့်တဲ့ ပြီးပြည့်စုံတဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ဆက်လက် ဆွေးနွေးဖို့လိုတယ်။ 

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း
    ငြိမ်းချမ်းရေးဖိုရမ်ကို တော်တော်များများ ပညာရှင်တွေ၊ အိမ်နီးချင်းနိုင်ငံတွေကပါ တက်ရောက်လာတဲ့အတွက် အမြင်သဘောထားတွေ စုံတယ်။ အမြင်သ ဘောထားတွေ စုံစုံညီညီ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ နိုင်ငံတော်ဝန်ကြီးချုပ် ပြောသွားတဲ့ အထဲမှာ တွေ့ဆုံ ဆွေး‌‌နွေးရေး အခင်းအကျင်းကို အားလုံး စုံစုံလင်လင်နဲ့ လာဖို့အတွက် ဆန္ဒရှိနေတာ တွေ့ရပါတယ်။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းသာကြို ဆိုမိပါတယ်။ ဒါကလည်း အားလုံးရဲ့သဘောထားအမြင်တွေ၊ ဆွေး‌နွေးမှုတွေကို စုစည်းပြီးတော့ အကောင်းဆုံး အခင်းအကျင်းတစ်ခုကို ရောက်ရှိသွားနိုင်မယ်လို့ မြင်ပါတယ်။
    ပြီးတော့ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်။ အခု ဒီငြိမ်းချမ်းရေးဖိုရမ်မှာလည်း တွေ့ဆုံ ဆွေးနွေးရေးကို ထပ်ပြီး ဖိတ်ခေါ်သွားတာ တွေ့ရပါတယ်။ တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ရှိနေသေးရင်တော့ ဒီနိုင်ငံက အနာဂတ် ကောင်းကျိုး ဘာမှ မရှိတော့ဘူး။ ဒါတွေက အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်တွေလို့ပဲ ပြောရမှာပါ။ ဒါကြောင့် ကျွန်တော်တို့က တစ်‌ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုရှိရှိနဲ့ ယုံကြည်မှု တည်ဆောက်နိုင်အောင် ကြိုးပမ်းကြဖို့ လိုပါတယ်။ ဒီလို ယုံကြည်မှုတည်ဆောက် နိုင်ရင်တော့ နိုင်ငံအတွက် အကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ဒေါက်တာညိုညိုသင်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) 
    ပြီးခဲ့တဲ့မတ်လတုန်းက ပထမဆုံး  Peace Talk ကိုကျင်းပတယ်။ အဲဒီလိုကျင်းပပြီးနောက်ပိုင်း တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတချို့ပေါ့။ အကုန်လုံးတော့ မဟုတ်ပေမယ့် နားလည်မှုတချို့ကို တည်ဆောက်နိုင်ခဲ့တယ်။ ဒီ့ထက်အဆင့်မြှင့်ပြီးတော့ ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်။ အခုတော့ ကွဲပြားတဲ့အုပ်စုတွေ အများကြီးပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကွဲပြားတဲ့ နိုင်ငံရေးအင်အားစုတွေ အများကြီး ပါဝင်တယ်။ အသံတွေလည်း အများကြီး ပိုစုံတာပေါ့။ ဆွေးနွေးကြမယ့်သူတွေထဲမှာ မြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့အဖွဲ့တွေ ပါလာတယ်။ သူတို့တွေအနေနဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပွင့် ပွင့်လင်းလင်း ပြောကြလိမ့်မယ်။ ပြည်သူလူထုရဲ့ အကျပ်အတည်း အခက်အခဲတွေကို ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်တွေလည်း ပါလာတယ်။ အဲဒီတော့ ဒီငြိမ်းချမ်းရေး ဖိုရမ်ကြီးကနေ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဘာလုပ်ကြမလဲ၊ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် ဘယ်လိုကျင်းပကြမလဲ။ ပြည်သူတွေ မဲပေးနိုင်မှု အခြေအနေတွေ ဘယ်လိုလုပ်ကြမလဲ။ ထောက်ခံတင်ပြချက်တွေ အပါအဝင် ဆွေးနွေးမှုတွေ လုပ်သွားကြမယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးအတွက်ကိုတော့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ မကြာခဏ လုပ်ဖို့ လိုတယ်။ ဒါကြောင့် တွေ့ဆုံ ဆွေးနွေးရေး စကားဝိုင်းတွေကို လာပါလို့ နိုင်ငံတော်ဝန် ကြီးချုပ်က မကြာခဏ ဖိတ်ခေါ်တာ တွေ့ရတယ်။ စိတ် ပါဝင်စားတဲ့ အဖွဲ့တွေရှိသလို၊ စိတ်မဝင်စားတဲ့ အဖွဲ့တွေလည်း ရှိတယ်။

ခေါ်တဲ့သူတွေကလည်း သူ့တာဝန်အရ ခေါ်မယ်။ လာနိုင်တဲ့သူတွေလည်း လာကြမယ်။ မလာနိုင်သေးတဲ့လူတွေလည်း အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်သေးတာလည်း ရှိမယ်။ ရှေ့ဆက်ပြီးတော့ တိုးမြှင့်ပြီး လာကြဖို့ မျှော်လင့်တယ်။ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ ရှိနေမှသာလျှင် ငြိမ်းချမ်းရေးကို စိတ်ဝင်စားတဲ့ နိုင်ငံရေးအင်အားစုတွေက ပါဝင်လာမှာ ဖြစ်တယ်။ သူတို့အတွက် တံခါးဖွင့်ထားရမှာ ဖြစ်တယ်။ ဒါကြောင့် ဒီဖြစ်စဉ်တွေက နိုင်ငံအတွက် အရေးတကြီးလို အပ်တယ်။ တချို့ကတော့ ပြောတယ်။ တိုက်ပွဲဖြစ်နေတဲ့ သူတွေ မပါတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး ပွဲကြီးက မလုပ်သင့်ဘူးလို့ ယူဆကြတာတွေလည်း ရှိတယ်။ ဒီလို အယူအဆတွေက မှန်သင့်သလောက်တော့ မှန်ပါတယ်။ ငြိမ်းချမ်းရေးအတွက် စကားပြောတဲ့ အရန်အင်အားစု တွေ၊ အဓိက အင်အားစုတွေ၊ ပညာရှင်တွေ၊ နိုင်ငံခြားသား ပညာရှင်တွေ၊ အကြံပေးပုဂ္ဂိုလ်တွေက ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို တံခါးဖွင့်ပေးထားဖို့ လိုတယ်။ တံခါးပေါက်ကိုတော့ အမြဲတမ်း ဖွင့်ထားရမှာ ဖြစ်တယ်။ အချိန်ကျလာရင် အခု တိုက်ခိုက်နေတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေး စကားပြောဖို့ ဒီစကားဝိုင်းတွေမှာ ပါဝင်လာမယ်လို့ လေးလေး နက်နက် ယုံကြည်ထားတယ်။ အဲဒီအတွက်ကို ရည်ရွယ် ပြီးတော့ အခုကတည်းက တံခါးဖွင့် ကြိုဆိုနေကြတာ ဖြစ်တယ်။   ညီသစ်၊ ကွန်းဈာန်

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45816

© 2022 - 2025 News. All Rights Reserved.