ပြည်တွင်းမှာ သက်သတ်လွတ်စားသောက်ကုန်က ဈေးကွက်ရရှိမှု နည်းပေမယ့် လိုအပ်ချက်တစ်ခု ဖြစ်တာကြောင့် အရှုံးခံပြီးဈေးကွက် ဖြန့်ချိနေပါတယ် ...  သဘာဝသက်သတ်လွတ် စားသောက်ကုန်လုပ်ငန်းတည်ထောင်သူ ဒေါ်သင်ဇာနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ၊ ဩဂုတ် ၂၀

    "အနောက်နိုင်ငံတွေမှာဆိုရင်လည်း သက်သတ်လွတ်စားတဲ့ပုံစံတွေ လုပ်နေကြတယ်။ သက်သတ်လွတ်စားသောက်ကုန်က နောက်ပိုင်း ခေတ်စားလာကြပြီ ဖြစ်ပါတယ်။ တကယ် Trend ဖြစ်လာရင် ဈေးကွက် ကျယ်ပြန့်လာမယ်။    အခုအချိန်က နည်းနည်း စိတ်ရှည်ရတယ်။ စေတ နာက အဓိကပါ"ဟု ပြောကြားသည့် သဘာ၀ သက်သတ်လွတ် စားသောက်ကုန်လုပ်ငန်းတည်ထောင်သူ ဒေါ်သင်ဇာနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ သဘာ၀ သက်သတ်လွတ် စားသောက်ကုန်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံလေး ပြောပြပေးပါဦး။
DTZ    ။    ။
ဒီလုပ်ငန်းကို ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တာပါ။ ကိုဗစ်ကာလ မတိုင်ခင်ကတည်းက အခြားထုတ်ကုန်အနေနဲ့  မှိုနဲ့ပတ်သက်တာလေးတွေကို စတင်ခဲ့တာပါ။ ကိုဗစ်ကာလမှာကျတော့ မှိုခြံတွေနဲ့ ပတ်သက်ပြီး အခက်အခဲရှိလာတယ်။ ဒီအတိုင်း ကုန်ကြမ်းအတိုင်း ရောင်းနေလို့တော့ မရဘူး။ Value-Added လုပ်ရမယ်ပေါ့နော်။ အဲဒီမှာ မှိုလေးတွေကို စပြီး လုပ်ကိုင်ဖြစ်တာပေါ့။ ပြောမယ်ဆိုရင် ခြံတွေကို ကူပြီးတော့လုပ်ကိုင်ပေးတာပေါ့နော်။ နည်းပညာလည်း ကူညီပေးတယ်။ အဲဒီမှာ ဘာဖြစ်လာလဲဆိုရင် ခြံသမားတွေက မလုပ်ဖြစ်တော့ဘူး။ အဲဒီမှာ ကျွန်မက ဆက်ပြီးတော့လုပ်ကိုင်ပေးလိုက်တာပေါ့နော်။ ကိုဗစ်ကာလမှာ ကျွန်မသည်လည်း ကိုဗစ် ၁၉ ဖြစ်တယ်။ အဲဒီမှာ သက်သတ်လွတ်ကို စပြီးတော့ စားသုံးတယ်။ ကိုဗစ်ကာလမှာလည်း ကျွန်မက သက်သတ်လွတ်ပဲ စားတယ်။ အဲဒါနဲ့ ကျွန်မလိုမျိုး သက်သတ်လွတ်စားတဲ့ သူတွေအတွက် ရယ်ဒီမိတ်‌လုပ် ပေးဖြစ်ရင် ကောင်းမယ်ဆိုပြီးတော့ ထုတ်ကုန် လေးတွေကို စပြီး ထုတ်ဖြစ်တာပေါ့။ စလုပ်တုန်းကတော့ မှိုနဲ့ပတ်သက်ပြီး မှိုအကြွပ်ကြော်ဆိုပြီး နှစ်မျိုးလောက်တော့ လုပ်လိုက်တယ်။ နောက်ပိုင်းကျတော့ အရသာတွေ ပိုပြီးရ လာအောင်ဆိုပြီး တိုးပြီး လုပ်လာတာ။ မှိုနဲ့ပတ်သက်ပြီး ထုတ်ကုန် ၁၀ မျိုးလောက်ထိ ဖြစ်သွားတယ်။ နောက် မုန့်ဟင်းခါး၊ ဆီချက်၊ အုန်းနို့ခေါက်ဆွဲတို့ တိုးလာတယ်။ အဓိက ရည်ရွယ် ချက်က ကျွန်မလိုမျိုး သက်သတ်လွတ် စားတဲ့သူတွေ အဆင်ပြေစေချင်တယ်။ ကျွန်မတို့ နိုင်ငံက ကုန်ကြမ်းကို ကုန်ချောပုံစံ လုပ်သွားချင်တယ်။ ထုတ် ကုန်တွေ ဆိုရင်လည်း အရည်အသွေး ကောင်းကောင်း လေးဖြစ်စေချင်တယ်။ ထုတ်ကုန်တွေမှာ စားအုန်းဆီမ သုံးထားဘူး။ အချိုမှုန့်မပါဘူး။ သဘာဝအရသာကို ရိုးရိုးလေးသုံးထားတာ။ ထုတ်ပိုးမှုပုံစံနဲ့ ပတ်သက်ပြီးတော့လည်း အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။

TREND    ။    ။ သက်သတ်လွတ် ထုတ်ကုန်ဆိုတာက စားသုံးသူနည်းတယ်။ ပြောမယ်ဆိုရင်ဈေးကွက် ရရှိမှုက အခြားထုတ်ကုန်နဲ့ ယှဉ်ပြိုင်ရင် နည်းတယ်။ ဒါကို ဘယ်လိုကြောင့် ထုတ်ဖြစ်တာလဲ။
DTZ    ။    ။
စလုပ်တုန်းကတော့ မှိုကို Mix လုပ်ပြီးတော့ စလိုက်တယ်။ ထုတ်ကုန်တွေရဲ့ ကုန်ကြမ်းတော်တော်များများက ပြည်တွင်းက ရတာချည်းပဲ။ပြည်ပကရတာ နည်းနည်းပါးပါးလောက်ပဲရှိပြီး ကျန်တဲ့ဟာတွေကတော့ ပြည်တွင်းက ချည်းပဲ။ ကြက်သွန်၊ အာလူး၊ ငရုတ်သီး၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ အကုန်လုံးပြည် တွင်းကချည်းပဲ။ ပြည်တွင်းက ကုန်ကြမ်းတွေကို အခြေခံပြီး ထုတ်ကုန်တွေကို သုံးထားတယ်။ တတ်နိုင်ရင် ကိုယ့်ပြည်တွင်းက ဟာတွေကိုပဲ အဓိကထားပြီး သုံးဖို့ရည် ရွယ်ထားတယ်။ ထုပ်ပိုးမှု ပုံစံနဲ့ပတ်သက်ပြီး သက်သတ်လွတ် ထုတ်ကုန်တွေသည် သက်သတ်လွတ်စားတဲ့သူ တော်တော်များ များက ကိုယ်ချင်းစာတရားနဲ့ စားကြတယ်။ ဘာသာရေးအရ စားကြတယ်။ အမျိုးမျိုး ရှိကြပါတယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် စဉ်းစားလိုက်တဲ့ အခါကျတော့ ထုတ်ပိုးမှုမှာ စက္ကူကို အခြေခံပြီး သွားထားတယ်။

TREND    ။    ။ ပြည်တွင်းဈေးကွက်ထိုးဖောက်မှုအခြေအနေ ဘယ်လိုရှိပါသလဲ။ အခက်အခဲရှိလား။
DTZ    ။    ။
အစတုန်းကတော့ ဈေးကွက်က မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်သတ်လွတ်စားတဲ့သူတွေက နည်းတာလည်းပါတယ်။ ကျွန်မတို့က Awareness လုပ်နိုင်တာ နည်းတာလည်းပါတော့ သက်သတ်လွတ်ဆိုရင် စားရတာ ခက်တယ်လို့ မြင်ကြတာပေါ့။ အလုပ်ရှုပ်တယ်လို့ပြောတယ်။ နောက်ပိုင်း တဖြည်းဖြည်း သိလာတဲ့ အခါကျတော့ တွင်ကျယ်လာတာပေါ့။ အသေးစား အလတ်စားလုပ်ငန်းတွေ အခြေအနေမှာက အိမ်ရှင်မ‌တွေက ချက်ရေးပြုတ်ရေးနဲ့ အချိန်ကုန်တော့ အိမ်မှာ ငံပြာရည်ကြော်လည်း ကောင်းကောင်းကြော်တတ်တော့ ကြော်လိုက်တယ်။ အဲဒီလို ကြော်ရင်းနီးစပ်ရာကို ရောင်းတယ်။ အဲဒီကနေ အသေးစား၊ အလတ်စားလုပ်ငန်းလေးတွေ ဖြစ်လာကြတာပေါ့။ ကျွန်မတို့အနေနဲ့လည်း ဒီလိုပုံစံမျိုး သွားနေကြတယ်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားလာတယ်။ ထုတ်ကုန်ထုတ်လုပ်လာ ပြီဆိုရင် တစ်ဆင့်ချင်းစီလုပ်ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း Active ဖြစ်အောင်လုပ်တယ်။ Safety ကို လိုက်နာတယ်။ စားသောက်ကုန်ဆိုတာ Safety ကို ကောင်းကောင်းလိုက်နာရတယ်။ ကိုယ့်ကိုယ့်ကိုယ်လည်း အမြဲတမ်း နည်းပညာနဲ့ပတ်သက်လို့ အဆင့်မြင့်အောင် ကြိုးစားနေတယ်။

TREND    ။    ။ အစားအသောက်ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ကုန်ဖြစ်အောင် ဘယ်လိုမျိုး အဓိကဆောင်ရွက်ထားလဲ။
DTZ    ။    ။
ကျွန်မမှာ လက်လီလည်းရှိသလို လက်ကားလည်းရှိပါတယ်။ အချိုမှုန့်ဆိုလည်း ကျန်းမာရေးအရ မစားကြတဲ့သူတွေ ရှိတယ်။ ဒီလိုမျိုး သက်သတ် လွတ်ထုတ်ကုန်တွေကို တစ်ယောက်နဲ့တစ်ယောက် ပြောကြရင်းနဲ့ပဲ သိလာကြတာ။ အဲဒီလိုနဲ့ ဈေးကွက်တွင်ကျယ်လာတယ်။ ပြည်ပရောက်နေတဲ့ မြန်မာတွေတော်တော်များများကလည်း အစားအစာနဲ့ပတ်သက်ရင် Sensitive ဖြစ်တယ်။ အစားအသောက်နဲ့ ပတ်သက်လာရင် Safety ပိုင်း၊ အရသာပိုင်းတွေ ပိုနားလည်လာတဲ့ အခါကျတော့ မြန်မာပြည်တွင်းမှာ ရှိနေတဲ့ Brand တွေထဲကနေပြီးတော့ စိတ်ချရတဲ့ အစားအသောက်တွေကို မှာယူကြတယ်။ ကျွန်မရဲ့ ထုတ်ကုန်တွေကလည်း ပြည်ပရောက်နေတဲ့ မြန်မာတွေ တော်တော်များများ မှာကြတယ်။ ပြည်တွင်းမှာဆိုရင်လည်း သားသတ်လွတ်စားချင်တဲ့သူရော၊ အရည်အသွေးကောင်းတဲ့ဟာကို စားချင်တဲ့သူရော စားကြတယ်။ တချို့ဆို ကလေးတစ်ဖက်နဲ့ဆိုတော့ မအားကြဘူး။ အဲဒီလိုကျတော့ သက်သတ်လွတ် စားသောက်ကုန်တွေကို အလွယ်တကူစားလို့ရအောင် ဝယ်ထားကြတယ်။အလွယ်တကူ ဝယ်လို့လွယ်အောင်လည်း စီးတီးမတ်၊ စိန်ဂေဟာ၊ စူပါဝမ်းတို့မှာလည်း တင်ထားပါတယ်။ နောက်ဆို စီးတီးမောလ်တို့၊ မားကတ်ပလေ့တို့မှာလည်း ရတော့မှာဖြစ်ပါတယ်။ 

TREND    ။    ။ ဈေးကွက် အခြေအနေက ဘယ်လိုရှိနေလဲ။ ရပ်တည်ရတဲ့အခါမှာရော အခက်အခဲရှိလား။
DTZ    ။    ။
ကျွန်မအနေနဲ့ကတော့ ကိုယ်စားသလိုပဲ သက်သတ်လွတ်ပဲ ကျွေးချင်တယ်။ သက်သတ် လွတ်ဆိုတာထက် သန့်သန့်ရှင်းရှင်းလေး ကျွေးချင်တယ်။ ဆီကအစ နေကြာဆီပဲ ကျွေးချင်တယ်။ နောက် ပြီး ကျွန်မတို့နိုင်ငံမှာ သက်သတ်လွတ်နဲ့ အများကြီး မရှိသေးဘူး။ ဈေးကွက်က မရှိသေးတဲ့အခါကျတော့ သိပ်မရောင်းရဲကြသေးဘူး။ ငံပြာရည်ကြော်နဲ့ မှိုကြော်နဲ့ရောင်းရင် ငံပြာရည်ကျော်က ပိုရောင်းရတယ်။ စားတဲ့ ဦးရေကလည်း နည်းသလို အလေ့အထလည်း နည်းတာပါတာပေါ့။ သူများနိုင်ငံမှာကျတော့ သက်သတ်လွတ် ထုတ်ကုန်ဆိုတာ သီးသန့်ကိုရှိတယ်။ KFC တောင်မှ သက်သတ်လွတ် ဟမ်ဘာဂါရတယ်။ အခုနောက်ပိုင်းလည်း လူတွေက အသားစားတာကို လျှော့ကြတယ်။ အသားတုတွေတောင် ထုတ်လုပ်နေပြီ။ အနောက်နိုင်ငံတွေမှာဆိုရင်လည်း သက်သတ်လွတ်စားတဲ့ ပုံစံတွေလုပ် နေကြတယ်။ နောက်ပိုင်း ခေတ်စားလာကြပြီဖြစ်ပါတယ်။ တကယ် Trend ဖြစ်လာရင် ဈေးကွက်ကျယ်ပြန့်လာမယ်။ အခုအချိန်ကတော့ နည်းနည်း စိတ်ရှည်ရတယ်။ စေတနာက အဓိကပါ။ 

TREND    ။    ။ အသေးစား အလတ်စားလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
DTZ    ။    ။
အခက်အခဲကတော့ စပြီးထုတ်လုပ်ကတည်းက အခက်အခဲနဲ့ပါ။ သက်သတ်လွတ်ထုတ် ကုန်ထုတ်ရင် အဆင်ပြေပါ့မလား။ ကုန်ကြမ်းကတော့ SME ထုတ်ကုန်တွေကို ပြန်သုံးပေးတယ်။ ငရုတ်သီးဆိုလည်း Chilli Khaing ငရုတ်သီးမှုန့်ကို သုံးတယ်။ အချင်းချင်းလည်း ပြန်ပြီးပံ့ပိုးပေးတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး လိုအပ်ချက်လေးတွေလည်း အများကြီးရှိတာပေါ့။ တချို့ဟာတွေ ဆိုလို့ရှိရင်လည်း ထုပ်ပိုး မှုနဲ့ပတ်သက်ပြီး ကြာရှည်ခံလို့ရအောင်လုပ်လို့ရတဲ့ နည်းပညာတွေလိုအပ်သေးတယ်။ ဒါပေမဲ့ ကိုယ်လက် လှမ်းမီနိုင်လောက်တဲ့ နည်းပညာနဲ့ သွားထားရတာပေါ့။ နည်းပညာနဲ့ပတ်သက်ရင်လည်း အခက်အခဲရှိတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက် ပြီးတော့လည်း အခက်အခဲရှိပါတယ်။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
DTZ    ။    ။
ဘယ်လိုပဲဖြစ်ဖြစ် ထုတ်ကုန်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစား ထုတ်နေတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းတွေကလည်း ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် မှီခိုပြီးတော့ သွားနေ ကြတယ်။ အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဒီ့ထက်မက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေး စေချင်တယ်။ ကျွန်မတို့က ကောင်းတာလေးတွေကို ထုတ်လုပ်တယ်။ ပိုက်ဆံပေးရတာချင်းအတူတူ ကျန်းမာရေးနဲ့ ညီညွတ်တာကို ထုတ်လုပ် စားသုံးစေချင်တယ်။ အသေးစား အလတ်စား ထုတ်ကုန်တွေကို ပိုမိုသုံးစွဲပေးကြပါလို့ အကြံပြုပြောကြားချင်ပါတယ်။  (သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49690

© 2022 - 2025 News. All Rights Reserved.