CANAL + က နိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့ Channel ဖြစ်တဲ့အတွက် အနုပညာရှင်တွေက အရည်အသွေးကို ပိုမိုကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ရတယ် . . . CANAL + မှ Channels Edtioral Manager ဒေါ်မေဝါလွင်နှင့် Communication Director ဒေါ်မေဘရဏီဇော် တို့အား တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ၊ စက်တင်ဘာ ၂၆

    CANAL + ရဲ့ ကိုယ်တိုင်ဖန်တီးမှု ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ 'အရှုံးမဲ့ အနိုင်' ဇာတ်လမ်းတွဲကို စက်တင်ဘာ ၁၈ ရက်က Zealah Hotel မှာ မိတ်ဆက်တဲ့ပွဲလေး ဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်ကတော့ ဒါရိုက်တာနိုရာကို၊ ART DIRECTOR မေဘရဏီ၊ စိုင်းဆီတွမ်ခမ်း၊ ချာလီ၊ ဝင့်ယမုံနိုင်၊ ဆုထက်နှင့် သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး CANAL + မှ တာဝန်ရှိ သူ Channels Edtioral Manager ဒေါ်မေဝါလွင်နှင့် Communication Director ဒေါ်မေဘရဏီဇော်တို့ကို တွေ့ဆုံမေး မြန်းခဲ့မှုများကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

 

TREND    ။    ။ ဒီနေ့ အခမ်းအနားလေးနဲ့ ပတ် သက်ပြီး မိတ်ဆက်ပေးပါဦး။
DMWL    ။    ။
CANAL+ ရဲ့ ကိုယ်တိုင်ဖန်တီးမှု ဇာတ်လမ်းတွဲ အသစ်ဖြစ်တဲ့ 'အရှုံးမဲ့အနိုင်'ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲလေး ဖြစ်ပါတယ်။ 

TREND    ။    ။ ဘယ်နှခုနှစ်ကတည်းက ကြိုးစားခဲ့ရလဲ။ ရုပ်သံလိုင်းတစ်ခုအနေနဲ့ရော ဘာတွေ ဆောင်ရွက်နေလဲ။
DMWL    ။    ။
ကျွန်မတို့က ရပ်တည်လာခဲ့တာ ဆိုရင် ရှစ်နှစ်ကျော် ရှိပါပြီ။ အခပေးရုပ်သံလိုင်းအနေနဲ့ ရပ်တည်မှုထဲမှာ CANAL + က မိသားစုတစ်စုလုံးအတွက် ရည်ရွယ်ပြီးတော့ ရုပ်သံလိုင်းတွေမှာ အစုံရှိပါတယ်။ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်တွေရောပေါ့နော်။ ဒီနှစ်မှာဆိုရင် ထပ်ပြီး အသစ်ထပ်တိုးတဲ့ ပရီးမီယားလိဂ် အစီအစဉ်တွေ ထပ်တိုးတော့ CANAL + ရဲ့ အောင်မြင်မှုက ပရိသတ်ရဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။ 

TREND    ။    ။ ဇာတ်လမ်းပြင်ဆင်မှုတွေအနေနဲ့ကရော ဘယ်လိုမျိုးပြင်ဆင်လဲ။ တစ်ခုပြီးတစ်ခုက မတူညီတာလေးတွေ တွေ့နေရတယ်။
DMWL    ။    ။
ကျွန်မတို့က ပြည်တွင်းမှာ ရုပ်သံဇာတ်လမ်းတွဲတွေ ထုတ်လုပ်တဲ့အခါမှာ သေချာလေး အသေးစိတ် ပြင်ဆင်တယ်။ ဇာတ်လမ်း၊ ဇာတ်အိမ်၊ ရိုက်ကူးတင်ဆက်မှုကအစ သေချာလေး အရည်သွေး ကောင်းကောင်းနဲ့ ပြင်ဆင်လေ့ရှိပါတယ်။ အဲဒီအတွက်လည်း ကျွန်မတို့အနေနဲ့ ပြည်တွင်းမှာဆိုရင် အနုပညာရှင်တွေနဲ့ ပူးပေါင်းတာတွေရှိမယ်။ ပြည်တွင်းထုတ်လုပ်ရေးတွေနဲ့လည်း ပူးပေါင်းပြီးတော့ လုပ်ဆောင်ပါတယ်။ ကျွန်မတို့ကို လူသိများတာက လစဉ်တိုင်း မြန်မာရုံတင်ဇာတ်ကားကြီးတွေ အမြဲတမ်း ရုံတင်လေ့ရှိတယ်။ ပြည်တွင်းက ရုပ်ရှင်အများစုထုတ်လုပ်တဲ့ ပရိုဂျူဆာတွေနဲ့ လက်တွဲပြီးတော့ နှစ်စဉ်တိုင်းမှာ အရင်ဦးဆုံး ကြည့်ရှုခွင့်ရအောင် ဝယ်ယူပြပါတယ်။ အားကစားကဏ္ဍမှာဆိုရင်တော့ ပရီးမီးယားလိဂ်ကို တစ်ဦးတည်းမူပိုင် တင်ဆက်တဲ့ ရုပ်သံလိုင်းအနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေလည်း အပတ်စဉ်ရှိပါတယ်။ ကလေးအစီအစဉ်တွေကလည်း အဆိပ် အတောက်လည်း ကင်းစင်ရမယ်။ ဗဟုသုတလည်း ရမယ်ဆိုတဲ့ အချက်တွေနဲ့ တရားဝင်ဝယ်ယူပြီး ရိုက်ကူးပြသနေတဲ့ ရုပ်သံလိုင်းအဖြစ် ရပ်တည်နေပါတယ်။ ပြောရမယ်ဆိုရင် အစအလယ်အဆုံး ပရိသတ်အတွက် စေတနာထား သေချာပြင်ဆင်မှု ရလဒ်အနေနဲ့ အခုလို ရပ်တည်နိုင်တာ ဖြစ်ပါတယ်။

TREND    ။    ။ အခက်အခဲအနေနဲ့ကရော ဘာ တွေရှိလဲ။
DMWL    ။    ။
အခက်အခဲကတော့ ချန်နယ်တစ်ခုတည်းအတွက် မကပါဘူး။ အနုပညာလောက တစ်ခုလုံးရော၊ ဒီလို ရိုက်ကူးဖန်တီးမှုတွေနဲ့ ရပ်တည်နေတဲ့ အတတ်ပညာရှင်၊ ဖန်တီးမှုပညာရှင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ အားလုံးက ဘယ်လိုရပ်တည်ရလဲဆိုရင် ဖန်တီးမှုအနုပညာ လုပ်ဆောင်ခွင့် အခကြေးငွေနဲ့ ရပ်တည်ရပါတယ်။ ကျွန်မတို့ အခပေးရုပ်သံလိုင်းက လည်း ပရိသတ်တွေအားပေးမှသာ ဆက်လက်ရပ်တည်ပြီးတော့ နောက်ထပ်ပိုကောင်းတဲ့ အစီအစဉ်တွေအများကြီးကို ထပ်မံထုတ်လုပ် နိုင်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် အနုပညာရှင်၊ အတတ်ပညာရှင်တွေဆိုတာကလည်း သူတို့က ဒီဝင်ငွေနဲ့ ရပ်တည်တာဖြစ်တဲ့အတွက် ပြောရမယ်ဆိုရင် ပရိသတ်တွေအနေနဲ့ ကိုယ်ချစ်ခင်တဲ့သူ၊ လေးစားအားကျတဲ့ အနုပညာရှင်တွေကို အားပေးချင်တယ်ဆိုရင် အခုလိုမျိုး တရားဝင် ရုပ်သံလိုင်းတွေမှာ အားပေးခြင်း အားဖြင့် အနုပညာရှင်တွေလည်း အရည်သွေးကောင်းကောင်းနဲ့ ဖန်တီးထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

TREND    ။    ။ လက်ရှိ အခြေအနေအထိရောက်အောင် ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။
DMWL    ။    ။
ဈေးကွက် စတင်ဝင်ရောက်တဲ့ အချိန်က အစဆိုတော့ ဈေးကွက်ထိုးဖောက်တဲ့ အချိန်မှာလည်း ကိုယ်တွေထုတ်လုပ်တဲ့ အစီအစဉ်တွေ၊ ရုပ်သံလိုင်းတွေကို အားပေးနှစ်သက်မှု ရှိရဲ့လားပေါ့။ တချို့သော အစီအစဉ်မျိုးတွေဆိုရင် ပရိသတ်က အားပေးကြတာရှိသလို၊ တချို့သော အစီအစဉ်ကိုလည်း ပရိသတ်က အားပေးမှုနည်းတာ ရှိတတ်တဲ့သဘောပေါ့၊ ဒါကို ကျွန်မတို့အနေနဲ့ ပရိသတ်တွေရဲ့ အကြံပြု ချက်တွေ သူတို့ ဘယ်လိုအစီအစဉ်လေးကို အားပေးချင်လဲဆိုတာမျိုး တောင်းဆိုတာတွေ အမြဲတမ်း နားဆင်တယ်ပေါ့နော်။ အဲဒီအပေါ်ကို အခြေခံပြီး အမြဲတမ်း သွားလေ့ရှိတယ်။ တချို့သော နှစ်ကာလမှာတော့ ရုပ်သံလိုင်း ရိုက်ကူးမှုလေးတွေက အစီအစဉ်သစ်တွေ နည်းသွားတာရှိတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ဥပမာ-ကိုဗစ် ကာလတို့မှာပေါ့။ နောက်ပိုင်းကြတော့ ပြည်တွင်းမှာ ရပ်တည်လာတာလည်းကြာပြီ။ ကြာလာတဲ့ ယုံကြည်မှုတစ်ခုကြောင့်၊ ပရိသတ်အားပေးမှုတစ်ခုကြောင့်မဟုတ်ဘဲ လစဉ်လစဉ် ဒီလဆိုရင် ဘာရုပ်ရှင်ကား အသစ်လာမှာလဲ။ ဇာတ်လမ်းတွဲ အသစ်လာမှာလား ဆိုပြီးတော့ မျှော်နေကြတဲ့ ပရိသတ်တွေဆိုရင် သိပါတယ်။ အခုလို ရေရှည်ရပ်တည်နိုင်တာ ပရိသတ်ကြောင့်ပါ။

TREND    ။    ။ လက်ရှိရပ်တည်မှုက ကိုယ်တိုင်မျှော်လင့်ထားသလိုဖြစ်လား။
DMBNZ    ။    ။
ရပ်တည်မှုက မျှော်လင့်ထားသလို ဖြစ်လာလားဆိုတာက ဈေးကွက်အခြေအနေကတော့ တခြား ပရိုဂရမ်နည်းတူ ရုန်းကန်ရတာရှိတယ်။ အခက်အခဲလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီအခြေအနေအထိ ရပ်တည်လာနိုင်တာက သုံးစွဲသူတွေရဲ့ စကားသံကို နားထောင်တယ်။ ပြီးရင် သင့်တင့်မျှတတဲ့ ဈေးနှုန်းအတိုင်း သွားနေတော့ လက်ရှိရောက်ရှိနေတဲ့ နေရာကိုတော့ အားရကျေနပ်မှု ရှိပါတယ်။ ပိုမို ကောင်းမွန်တဲ့ဖန်တီးမှု အသစ်အသစ်တွေနဲ့ ပရိသတ်တွေကို ထပ်ပြီးပေးသွားပါဦးမယ်။

TREND    ။    ။ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖန်တီးတဲ့အခါမှာ ဘယ်လိုမျိုး Plan တွေနဲ့ ဆောင်ရွက်လဲ။
DMWL    ။    ။
ကျွန်မတို့က အခပေးရုပ်သံလိုင်း ဖြစ်တဲ့အတွက်ကြောင့် လစဉ်သက်တမ်းတိုး ပေးကြည့်ရတာက ကိုယ်တွေ ဖန်တီးထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲမှာ ဘယ်လိုထူးခြားတဲ့ အားသာချက်တွေ ပါဝင်မလဲ။ ဘယ်လိုမျိုး ကြည့်ကောင်းတာလေးတွေ ပါမလဲဆိုတာလေးတွေ ပါဝင်ပါတယ်။ ဖန်တီးတဲ့အခါမှာ ကြည့်ရှုသူပရိသတ်အတွက် ဒီဇာတ်လမ်းက အပြင်မှာထက် ထူးခြားတယ်။ ဒီဇာတ်ကောင်း၊ ဇာတ်ကွက် ဇာတ်လမ်းကို ဖန်တီးတဲ့ အရည်အသွေးပိုင်းဆိုင်ရာမှာဆိုရင်လည်း အကောင်းဆုံး ဖြစ်စေရ မယ်။ တစ်ပိုင်းပြီးတစ်ပိုင်းကြည့်ပြီး နောက်တစ်ပိုင်းပြန်ကြည့်ချင်အောင် စွဲလမ်းမှုတစ်ခုပေါ့နော်။ ဇာတ်လမ်းရေးသားတဲ့အပိုင်းမှာ အများနဲ့ ကွဲပြားခြားနားအောင် အမြဲတမ်းပြင်ဆင်လေ့ ရှိတယ်။ ရိုက်ကူးတဲ့ အပိုင်းမှာဆိုရင် CANAL+ နဲ့ တွဲရိုက်ကူးတဲ့ ဒါရိုက်တာ၊ ပရိုဂျူဆာ၊ မင်းသား၊ မင်းသမီးတွေဆိုရင် နိုင်ငံတကာကလာတဲ့ မီဒီယာလုပ်ငန်းတစ်ခု ဖြစ်တယ်။ ဇာတ်လမ်းတွဲတွေက မြန်မာနိုင်ငံတင်မကဘဲနဲ့ မြန်မာနိုင်ငံကိုယ်စားပြု အခြားနိုင်ငံတွေမှာလည်း ပြသနေတာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ အနုပညာရှင်တွေက အရည်အသွေးတွေကို ကြိုးစားအားထုတ်တယ်။ ပိုပြီးတော့လည်း ပြကြတယ်။ ဒါကို ဂုဏ်ယူစွာနဲ့ ဦးဆောင်ကြတဲ့အတွက် လည်းဖြစ်တယ်။ နောက်တစ်ခုက အမျိုးသမီးတွေရဲ့ တီထွင်ဖန်တီးမှုကို ဦးစားပေးပြီး၊ ရှေ့တန်းတင်တယ်။ ဖန်တီးမှုတွေကို အားပေးတယ်။ လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေကို အား ပေးတယ်။ အသစ်အဆန်းတွေ အမြဲတမ်းအားပေးပါတယ်။ 

TREND    ။    ။ နောက်ထပ်ဖန်တီးမှုတွေအနေနဲ့ ဘာတွေမြင်တွေ့ရမလဲ။
DMWL    ။    ။'
အရှုံးမဲ့အနိုင်'ပြီးရင် နောက်ထပ်လည်း ပြင်ဆင်မှုလေးတွေရှိပါတယ်။ ဇာတ်လမ်းတွဲတွေက ဆက်တိုက်လာပေမယ့် တစ်ခေါက်နဲ့တစ်ခေါက် မတူတဲ့ စတိုင်အယူအဆနဲ့ ကွဲထွက်ပြီးလာပါတယ်။ နောက်ပိုင်းမှုခင်း၊ ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတွဲတွေပုံစံမျိုးအနေနဲ့ရယ်။ 'စနေရတနာ'ဆိုတဲ့ မိခင် မေတ္တာနဲ့ သားသမီးတွေကြား ဇာတ်လမ်းတွဲက ရိုက်ကူးနေတယ်။ နောက်ထပ်လည်း ၁၀ ကား ဆက်လက်ရိုက်ကူးပြင်ဆင်နေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ တစ်ကားပြီးရင်တစ်ကား မတူညီတဲ့အပိုင်းတွေနဲ့ စီစဉ်တင်ဆက်သွားမှာပါ။


TREND    ။    ။ ဇာတ်လမ်းတွဲတွေကို အပြင်ကနေ ရိုက်ကူးပြီးသားတွေကိုရော ဝယ်ယူပြသမှုတွေရောရှိ လား။
DMWL    ။    ။
CANAL+ အနေနဲ့က ဇာတ်လမ်းတွဲတွေ စီစဉ်တဲ့အပိုင်းမှာ နှစ်ပိုင်း ရှိပါတယ်။ ရိုက်ကူး ထုတ်လုပ်တဲ့အပိုင်းနဲ့ တရားဝင်ရိုက်ကူးပြသခွင့်အနေနဲ့ ဝယ်ယူပြပြီး လုပ်ဆောင်နေတဲ့ အပိုင်းလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ မည်သူမဆို ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ပြသခွင့် ရောင်းချချင်တယ် ဆိုရင်လည်း ရပါတယ်။ ရောင်းချချင်တဲ့သူတွေအနေနဲ့လည်း ဆက်သွယ်မှုတွေရှိ ခဲ့ပါတယ်။ အခုလက်ရှိ ပါတနာအနေနဲ့ကလည်း အရင်က အဲဒီလို ဆောင်ရွက်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ 

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောပေးပါဦး။
DMBNZ    ။    ။
ကျွန်မတို့ CANAL+ မှာဆိုရင် Application လည်း ရှိတယ်။ စက်နဲ့လည်း ကြည့်လို့ရတယ်။ စက်နဲ့ဆိုရင်လည်း တစ်လကို ၁၆၅၀၀ နဲ့ ဇာတ်လမ်းစုံ၊ အားကစား၊ ပရီးမီးယားလိဂ်အကုန်လုံး၊ ကလေးကဏ္ဍ၊ နိုင်ငံခြားဇာတ်လမ်းတွဲတွေနဲ့ ကြည့်ရှုလို့တဲ့အပြင်၊ Application နဲ့ဆိုရင် ကျပ် ၆၀၀၀ ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ နောက် အခမဲ့ကြည့်ရှုလို့ရတဲ့ အစီအစဉ်တွေလည်းရှိတဲ့အတွက် အားပေးကြပါဦးလို့ ပြောချင် ပါတယ်။

DMWL    ။    ။ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ဆိုရင် ကျောင်းပြီးခါစ လူငယ်တွေအနေနဲ့ ရုပ်သံမီဒီယာ ဖန်တီးမှုကို စိတ်ဝင်စားတဲ့ သူမည်သူမဆို အလုပ်လာရောက် လျှောက်ထား နိုင်ပြီး ကျွန်မတို့ နှစ်စဉ်နှစ်တိုင်း ရုပ်သံဖန်တီးမှုအပိုင်းတွေ ဘယ်လိုမျိုးရှိလဲ။ ဒီအတတ်ပညာကို လေ့လာချင်တဲ့  လူငယ်တွေအတွက် ဆွေးနွေးပွဲ၊ ဟောပြောပွဲလေးတွေကို နာမည်ကြီးဒါရိုက်တာတွေ၊ အနုပညာရှင်တွေ၊ ကျွန်မတို့နဲ့တွဲဖက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ အနုပညာရှင်တွေနဲ့အတူ ဖန်တီးပေးလေ့ ရှိပါတယ် ဆိုတာကို ပြောချင်ပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53007

© 2022 - 2025 News. All Rights Reserved.