Breaking

(၁၄)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ဂါရဝပြုကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင် ၉
    မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)က ကျင်းပသည့် (၁၄)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ဂါရဝပြုကန်တော့ပွဲနှင့် ဟာသပညာ ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၇ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
    အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးရဲတင့်နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကန်တော့ခံ သက်ကြီး ဟာသပညာရှင်များ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ နာယယ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဟာသပညာရှင်များ၊ အနုပညာ နယ်ပယ် အသီးသီးမှ အနုပညာရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။
    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အခမ်းအနားကျင်းပမှုနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် "မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)အနေနဲ့ သက်ကြီးဟာသပညာရှင်ကြီးတွေကို နှစ်စဉ် ပူဇော်ကန်တော့ခဲ့တာဆိုရင် (၁၄)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါတယ်။ အသက်အရွယ်ကြီးမြင့်တဲ့ ဟာသပညာရှင်ကြီးတွေလည်း အသက်အရွယ်ကြီးမြင့်သည်တိုင် အနားယူမှုမရှိဘဲ ဝါသနာပါတဲ့ ပြည်သူ့အကျိုပြုအနုပညာ လှုပ်ရှားမှုတွေကို ဆောင်ရွက်နေတယ်။ လူမှုရေးနယ်ပယ်မှာ လည်း ပရဟိတလုပ်ငန်းတွေကို ကြိုးစားဆောင် ရွက်နေတာကို တွေ့မြင်ရပါတယ်။ အခုလို တက်တက်ကြွကြွနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးနေတဲ့ ဟာသပညာ ရှင်ကြီးတွေကို နိုင်ငံတော်အနေနဲ့လည်း စွမ်းဆောင်မှုဆိုင်ရာ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် တံဆိပ်တွေကို ပေးအပ်ချီး မြှင့်ခဲ့ပါတယ်။ ဟာသပညာရှင်တွေအနေနဲ့ ကိုယ်တတ်စွမ်းတဲ့ ပညာရပ်တွေနဲ့ နိုင်ငံ့အရေး နဲ့ပြည်သူတွေအတွက် ဆက်လက်စွမ်းဆောင်ပေးစေလိုပါတယ်"ဟု ပြောကြားခဲ့သည်။
    အခမ်းအနားတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဟာသပညာ ထူးချွန်ဆု"ရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်များဖြစ်သည့် ခင်လှိုင်နှင့် မြင့်မြတ်၊ "ပရဟိတထူးချွန်မှု ဂုဏ်ပြုမှတ်တမ်း လွှာ"ရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ထူးခန့်ကျော်တို့ကို ထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ် တမ်း လွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်က အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က "ဟာသပညာ ထူးချွန်ဆု" ရရှိခဲ့ကြသည့် အနုပညာရှင် မာမီသက်၊ မိုးညို၊ "ဟာသပညာပံ့ပိုးမှုထူးချွန်ဆု"ရရှိသည့် အနုပညာရှင် အုန်းဒိုင်းတို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက "ဟာသပညာဖန်တီးမှုထူးချွန်ဆု" ရရှိခဲ့ကြသည့် အနုပညာရှင် ဦးချစ်ချော၊ ဦးပေါ်ဦး၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)နှင့် ဒါရိုက်တာ မောင်သီတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများကိုယ်စား ကိုဇော်(အရုဏ်ဦး)က ကျေးဇူး တင်စကား ပြောကြားခဲ့ကြောင်း၊ ထို့နောက် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်က အစည်းအရုံး၏ ရည်မှန်းချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်ခဲ့ကြသည့်အတွက် "လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆု"ရရှိခဲ့ကြသည့် ဟာသအနုပညာရှင် ဦးဒေါင်းရှိန်၊ ဦးချစ်စံ၊ ဦးထက်လင်း၊ ဦးမင်းထိုက်၊ ဦးပေါ်ပေါ်၊ ဦးစန်းဝင်းမောင်၊ ဦးအောင်ချစ်၊ ဦးလန်ဒန်၊ ဦးသော်သော်နှင့် အငြိမ့်မင်းသမီး ဒေါ်ဝါဝါခိုင်တို့ကို ဆုများ ပေးအပ်ချီး မြှင့်ခဲ့ကြောင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးမှ ဟာသပညာရှင်များက သက်ကြီး ဟာသပညာရှင်ကြီးများအား စုပေါင်းကန်တော့ကြပြီး ကန်တော့ခံ သက်ကြီးဟာသ အနုပညာရှင်များ ကိုယ်စား သက်ကြီးဟာသ အနုပညာရှင် ဦးပေါ်လေးက ကျေးဇူးတင် စကားပြောကြားခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်းက သက်ကြီးဟာသ ပညာရှင်များအား ကန်တော့ခံပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် အခမ်း အနား ဒုတိယပိုင်းအစီအစဉ်အဖြစ် မြန်မာ နိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို) ဒုတိယအကြိမ်မြောက် ညီလာခံကို ဆက် လက်ကျင်းပပြီး မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးအနေဖြင့် ဟာသအနုပညာ ရှင်များ လောကဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Total Views ~ 283

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43848

© 2022 - 2025 News. All Rights Reserved.