Breaking

 အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် သွားလာမည့်သူ အများအပြားရှိ

၂၀၂၃  စက်တင်ဘာ ၂
     ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် ပုံမှန်သွားလာမည့်သူ အများအပြားရှိကြောင်း ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
    ယခုအခါ ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် ရာသီကာလစတင်ပြီဖြစ်ပြီး ခရီးစဉ်ကို အစုအဖွဲ့အလိုက် သွားရောက်ရန် တစ်နှစ်ခန့် ကြိုတင်ပြင်ဆင်ထားကြခြင်းဖြစ်ကြောင်း အောင်ချမ်းသာ ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။ 
    "ပုံမှန်ကတော့ အောက်တိုဘာကနေ ဧပြီလအထိ ထွက်နေကျဖြစ်တဲ့အတွက် ခရီးသွားကတော့ ပုံမှန်သွားနေကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အသက်ကြီးတဲ့ သူတွေမှာ ဒီခရီးစဉ်လေးသာ ရှိနေတော့ ဒါလေးကို အားခဲထားကြတော့ ပုံမှန်တော့သွား နေကြပါတယ်။ စိတ်ပါဝင်စားမှုကလည်း သားသမီးက မိဘအတွက် ရည်ရွယ်သလို ဘုရားဖူးခရီးစဉ်အတွက် ကြိုတင်ပြင်ဆင် ထားကြတာပါ။ ဗုဒ္ဓဂယာခရီးစဉ်က ချက်ချင်း အုန်းခနဲ ဒိုင်းခနဲတော့ သွားလို့မရဘူးပေါ့နော်။ ပုံမှန်တော့သွားကြပါတယ်။ တချို့တွေ အဖွဲ့လိုက်သွားဖို့ ကြိုတင်ပြီး တစ်နှစ်လောက် ပြင်ဆင်ထားကြတာ။ အဖွဲ့လိုက်၊ အဖွဲ့လိုက် သွားကြတဲ့အတွက် ကြိုတင်ပြင် ဆင်ထားမှသာဖြစ်မှာပါ။ အရင်နှစ်ကနဲ့ ဒီနှစ်က ခရီးသွားလာမှုကို ခန့်မှန်းလို့ မရသေးဘူး။ စောသေးတယ်။ ၁၀ လပိုင်းကနေ ၄ လပိုင်းအထိ Target တွေ အကုန်ပြည့်သွားမှ နှိုင်းယှဉ်ကြည့်လို့ ရနိုင်မယ်။ မနှစ်ကဆိုရင် ဖြစ်လာနိုးနိုး၊ ဖြစ်လာနိုးနိုးနဲ့ အကုန်လုံးပြည့် သွားတာပဲ။ ဒီနှစ်အတွက်လည်း အကောင်းဆုံးမျှော်မှန်းပါတယ်။ ဖြစ်လာမှာပါ။ ၁၂ ရာသီမှာ ပွဲတော်တွေရှိနေသ လိုပဲ။ ဗုဒ္ဓဂယာ ခရီးစဉ်ရာသီက ဒီအချိန်ပဲရှိတာကြောင့် ဒီခြောက်လအတွင်းမှာတော့ တဖြည်းဖြည်းနဲ့ ပုံမှန်လေးပြည့်သွားကြမှာပါ။ ရည်ရွယ်ချက်တွေကလည်း လူတိုင်းရင်ထဲမှာ ရှိနေကြတာ ဆိုတော့လေ။ ဟိုဘက်နိုင်ငံက သံဃာတော်တွေ ဘုန်းဘုန်းကျောင်းတွေကလည်း ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည်တွေရဲ့ သဒ္ဓါတရားအ ပေါ်မူတည်ပြီး မှီခိုရတာလေ။ ဒီဘက်က စီမံခန့်ခွဲပေးတဲ့လူတွေက ဟိုဘက်ကို ရောက် အောင်ပို့မယ်ဆိုရင် သူတို့ရဲ့သဒ္ဓါတရားနဲ့ ဟိုဘက်က စာသင်သားတွေ အကုန်လုံး ကျောင်းတွေအကုန်း လုံးက ဒါနဲ့ပဲမှီခိုပြီးတော့ ဟိုဘက်မှာ နေရတာလေ။ အဲဒီတော့ ဒီဘက်က သာသနာပြုတဲ့သူတွေ များများ စေလွှတ်နိုင်မှသာလျှင် ဟိုဘက်နိုင်ငံထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေရော၊ သံဃာတော် တွေရော ဆွမ်းကိစ္စကအစ အဆင်ပြေ မယ်။ မြန်မာနိုင်ငံအနေနဲ့လည်း သွားရောက်ပြီး စောင့်ရှောက်သ လို ဖြစ်ပါတယ်ရှင့်။
    လူတစ်ဦးကို အခြေခံအားဖြင့်တော့ Air Line ပါမယ်။ ခရီးစဉ်ကုန်ကျစရိတ်တွေရှိမယ်။ အဲဒါတွေ အကုန်လုံး အရင်ကထက်တော့ ကုန်ကျစရိတ်တွေများသွားတယ်။  ဒါပေမဲ့ ပြန်တွက်ကြည့်မယ်ဆိုရင်တော့ အကုန်လုံးကတော့ ရွှေတစ်ကျပ်သားလောက် သွားလှူသလိုပါပဲ။ အဲဒီလောက်ဝန်းကျင်ပါပဲ။ ကိုယ်သွားတဲ့ ရက်အပေါ်မူတည် ပြီးတော့ လေယာဉ်က MNA ရှိတယ်။ MAI ရှိတယ်။ ဒီလေကြောင်း လိုင်းတွေနဲ့ သွားရတာ။ သူတို့ လေယာဉ်စရိတ်က နည်းနည်း တော့များတာပေါ့။ များတဲ့အပေါ် မူတည်ပြီး ဈေးနှုန်းတွေက တက်တက်သွားတယ်။ ဒေါ်လာဈေးအပေါ်မူတည်ပြီး တက်ရတာပေါ့ ဟု ၎င်းင်းက ပြောသည်။
    ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်အနေ ဖြင့် လေးညအိပ် ငါးရက်ခရီး၊ ခုနစ်ညအိပ် ရှစ်ရက်ခရီး၊ ၁၁ ညအိပ် ၁၂ ရက်ခရီး၊ ၁၄ ညအိပ် ၁၅ ရက်ခရီး စသည်ဖြင့်ရှိကြောင်း အောင်ချမ်းသာ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ် ပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ထပ် မံပြောဆိုသည်။
    "မနှစ်ကတော့ ရက်တိုတွေအသွား များတယ်။ ဒီနှစ်ကတော့ ရက်တိုနည်းတယ်။ လေးဌာန စုံဖို့အတွက်ကျတော့ ခုနစ်ညအိပ်ရှစ်ရက်နဲ့ ၁၁ ညအိပ် ၁၂ ရက်ခရီးရှိပါတယ်။ ဟိုဘက်အခြမ်းက ခရီးစဉ်တိုင်းက ကားနဲ့သွားကြတာ ဖြစ်တဲ့အတွက် အချိန်ပေးနိုင်ခြင်း၊ မပေးနိုင်ခြင်းအပေါ် မူတည်ပြီး တော့ ရွေးချယ်ရတာပေါ့နော်။ ကျန်းမာရေးအခြေအနေအရ မြန်မြန်သွားတာရှိမယ်။ ဖြည်းဖြည်းချင်း သွားတာလည်းရှိမယ်။ တချို့က အချိန်မပေးနိုင်တာတွေ ရှိတယ်။ ဒီလိုမျိုး ခွဲခြားပြီးတော့ သွားတဲ့အတွက်ကြောင့် ခရီးစဉ်က လေးမျိုးလေးစား ထွက်တာပေါ့နော်။ ခုနစ်ညအိပ် ရှစ်ရက်ခရီးကတော့ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနစုံတယ်။ တချို့ကျတော့ မဟုတ်ဘူး။ ဒေလီအထိတက် ချင်တယ်ဆိုရင်တော့ ၁၄ ညအိပ် ၁၅ ရက် ခရီးသွားကြတာပေါ့။ ပုံမှန်ခရီးစဉ်တွေက တော့ ၁၁ ညအိပ် ၁၂ ရက်ခရီးကို ရွေးတယ်။ ၁၄ ညအိပ် ၁၅ ရက်ခရီးကိုလည်း ရွေးကြတယ်"ဟု ၎င်းင်းက ပြောသည်။
    ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်သွား ရောက်ရာတွင် ဝန်ဆောင်မှု လုပ်ငန်းများ အလိုက် ဒေါ်လာ ၅၀ မှ ၇၀ ကြားကွာဟ တတ်ကြောင်း ရွှေကိန္ဒရီဗုဒ္ဓဂယာ ဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်းမှ ဦးနေမျိုးနိုင်က ပြော သည်။ 
    "ကျွန်တော်တို့ကတော့ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်ပို့ဆောင်တဲ့ ဒီလ ၁၀ လ ပိုင်းကနေ ၄လပိုင်းအထိ သင်္ကြန်ကာလအထိ ဗုဒ္ဓဂယာကော်မတီမှာ မှတ်ပုံတင်ထားတာ ၉၂ ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့တွေကတော့ သူ့အဖွဲ့နဲ့သူသွားနေကြတာပါပဲ။ ကျွန် တော်တို့ ရွှေကိန္ဒရီမှာတော့ လာပြီးတော့ စုံ စမ်းတာတွေ ကျွန်တော်တို့နဲ့သွားမှာတွေရှိပါ တယ်။ ၁၅ ရက်ခရီး နောက်တစ်ခါ ခုနစ်ည အိပ် ရှစ်ရက်ခရီးရှိတယ်။ လေးညအိပ် ငါးရက်ခရီးရှိတယ်။ သုံးညအိပ် လေးရက်ခရီးရှိ ပါတယ်။ စီစဉ်နေပါတယ်။ ရွှေကိန္ဒရီ Tour အနေနဲ့ ခရီးစဉ်တစ်ခေါက်မှာ လူဦးရေ ၃၀ ကျော်ပါမယ်။ ရက်ရှည် ၁၄ ညအိပ် ၁၅ရက် ခရီးစဉ်၊ ခုနစ်ညအိပ် ရှစ်ရက်ခရီး စသဖြင့် တစ်လမှာ နှစ်ခေါက်စီစဉ်ပါတယ်။ တစ်လ မှာ လူဦးရေ ၆၀ ကျော်ပေါ့။ ၁ လပိုင်းနဲ့ ၂ လပိုင်းက ဟိုဘက်မှာအေးတော့ လူပါးတယ်။ ရက်တိုခရီးစဉ်တွေ သွားဖြစ်တာပေါ့။ ခရီးသည်တွေ အနေနဲ့ကတော့ အလုပ်အားလပ်တဲ့ အချိန်ကာလအပေါ်မူတည်ပြီးတော့ သွားကြတယ်။ လူကြီးသူမတွေကတော့ သံ ဝေဇနိယ လေးဌာနစလုံးကို စုံအောင်သွား တာဖြစ်တဲ့ အတွက် သက်ကြီးပိုင်းတွေ ၅၀၊ ၆၀ အထက်တွေကတော့ ရက်ရှည်ခရီးတွေ သွားတာကို စိတ်ဝင်စားတာပေါ့။ လူငယ်တွေကလည်း စိတ်ဝင်စားပါတယ်။ ရာခိုင် နှုန်းနဲ့ပြောရရင်တော့ လူကြီးသူမတွေကတော့ ရက်ရှည်ခရီးကို စိတ်ဝင်စားပြီးတော့ လူလတ်ပိုင်းတွေ ကတော့ ခုနစ်ညအိပ် ရှစ်ရက်ခရီးပေါ့။ သူတို့အလုပ်တွေနဲ့ ချိန်ဆပြီး သွားကြတာ။ ဘုရားဖူးခရီး စဉ်ကတော့ သူ့ဟာနဲ့သူ ဘယ်လိုပဲရှိရှိ သွားနေကြတာပဲ။ ဒီရာသီရောက်လာရင်ပဲ သွားနေကြတာပါပဲ။ သာသနာရေးဝန်ကြီးဌာနက မှတ်ပုံတင်ထား တာ ၉၂ ဖွဲ့ရှိတယ်။ သူ့အဖွဲ့အလိုက် သွား နေကြတာပါပဲ။ မနှစ်ကတော့ ရက်တိုများ တယ်။ ဒီနှစ်ကတော့ ခရီးသည်ရပါတယ်။ ဈေးနှုန်းကတစ်ဖွဲ့နဲ့တစ်ဖွဲ့တော့ လေး၊ ငါးဆယ် ဟတတ်ပါတယ်။ သူ့ရဲ့ ဝန်ဆောင်မှုနဲ့သူပေါ့။ လေယာဉ်လက်မှတ်အပေါ်မူ တည်ပြီးတော့ နည်းနည်းတော့ ကွာတတ်တယ်။ လေယာဉ်လက်မှတ်ကို Charter နဲ့ ဝယ်တာရှိသလို တခြား Air Indea လိုမျိုးနဲ့ သွားကြတာလည်းရှိတယ်။ ဒေါ်လာ ၅၀ နဲ့ ၇၀ ကြားလောက်ပဲ ကွာတတ်ပါ တယ်။ ခရီးစဉ်အလိုက် ကျွန်တော့်ရဲ့ ကုမ္ပဏီအနေနဲ့ကတော့ ၁၅ ရက်ခရီးမှာ ဒေါ်လာ ၉၉၀၊ နယူး ဒေလီမှာ ဟိုတယ်လည်း ပါပါတယ်။ ရှစ်ရက်ခရီးမှာတော့ ဟိုတယ်သီးသန့်ဆိုရင် ဒေါ်လာ ၁၀၅၀ ယူပါတယ်။ ဘုန်းကြီး ကျောင်းတည်းဆိုရင် ဒေါ်လာ ၈၄၅ ယူပါတယ်။ လေးရက်ခရီး ၆၅၀ လောက်ကနေ စပြီးတော့မှ ကုသိုလ်လည်းရ ဝမ်းလည်း၀ ဆိုတာမျိုးပေါ့နော်။ လေယာဉ်ခက ၄၀၀ ပတ်ဝန်းကျင်မှာ ရှိနေတယ်။ ဒီဘက်က ၆၅၀ ယူတယ်ဆိုရင် ဟိုဘက်မှာ တည်းတာခို တာ၊ ကားငှားတာနဲ့ စားတာသောက်တာနဲ့ ဆိုတော့ ကုမ္ပဏီအနေနဲ့သိပ်တော့ မကျန်ပါ ဘူး။ လုပ်ငန်းလည် ပတ်နေတယ်ပေါ့ခင်ဗျာ။ အထိုက်အလျောက်လည်း မြတ်ပါတယ်။ အမြတ်ကြီးတင်ပြီးတော့ ဘယ်ကုမ္ပဏီမှ မလုပ်ပါဘူး"ဟု ၎င်းင်းက ပြောသည်။
    ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်းများ အနေဖြင့် လေးညအိပ် ငါးရက်ခရီးကို ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ နာလန္ဒာ၊ ရာဇဂြိုဟ်၊ ၁၁ ညအိပ် ၁၂ ခရီးအနေဖြင့် ဗုဒ္ဓဂယာ၊ မိဂဒါ ဝုန်၊ သာဝတ္ထိ၊ လုမ္ဗိနိ၊ ကပိလဝတ်၊ ကုသိ နာရုံ၊  ဝေသာလီ၊ နလန္ဒာ၊ ရာဇဂြိုဟ်၊ ၁၄ ညအိပ် ၁၅ ရက်ခရီးစဉ်အနေဖြင့် ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ ကောသမ္ဗီ၊ သင်္ကဿနဂိုရ်၊ အာ ဂရာ၊ နယူးဒေလီ၊ သာဝတ္ထိ၊ လုမ္ဗိနိ၊ ကပိလ ဝတ်၊ ကုသိနာရုံ၊ ဝေသာလီ၊ နာလန္ဒာ၊ ရာဇ ဂြိုဟ်၊ နယူးဒေလီ စသည်ဖြင့် ပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။      

Total Views ~ 229

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43822

© 2022 - 2025 News. All Rights Reserved.