၂၀၂၄ ၊ ဖေဖော်ဝါရီ ၆
အမေရိကန် ဒေါ်လာဈေးမာ၍ ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းများပါ တဖြည်းဖြည်းကျဆင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
"ဒီနှစ်ကတော့ ဈေးအေးပါတယ်။ ဈေးလည်း ပြန်ကျနေတယ်။ ကမ္ဘာ့ရွှေဈေးလည်း ကျလာတော့ ပြည်တွင်းမှာလည်း ပြန်ကျနေတယ်။ အဝယ်နည်းတယ်။ မဖြစ်မနေ သမားလောက်ပဲဝယ်တာပေါ့။ အလှူအတန်း မင်္ဂလာဆောင်ရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ဝယ်ကြတာပေါ့။ ကျန်တာကတော့ အဝယ်နည်းတယ်။ ဈေးစောင့်နေကြတာများတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဈေးမြင့်တယ်။ ကမ္ဘာ့ရွှေဈေးက အစ္စရေးကြောင့် အဓိကတော့ တက်သွားတာ။ ယူကရိန်းနဲ့ ရုရှားကြောင့် တစ်ခါတက်တယ်။ အခု အဲဒါတွေကလည်း အေးအေးဆေးဆေး ဖြစ်သွားတော့ ကမ္ဘာ့ဈေးက ပြန်ကျလာတယ်။ နောက်တစ်ခု အမေရိကန် အတိုးနှုန်းတွေကလည်း ထပ်ပြီးတော့မလျှော့ဘူးဆိုတော့ အမေရိကန် ဒေါ်လာက ပြန်မာသွားပြီးတော့ ကမ္ဘာ့ရွှေဈေးက နည်းနည်းပြန်ပြီးတော့ ကျလာမယ့် သဘောရှိတယ်။ ပြည်တွင်းမှာ မတည်ငြိမ်မှုတွေကတော့ ရွှေဈေးကွက်အပေါ် သက်ရောက်မှု မရှိပါဘူး။ ဝယ်တာက တကယ်ဈေးကွက်က ရန်ကုန်မှာပဲ ဖြစ်နေတာကိုး။ ရန်ကုန်မှာပဲ ဟိုရောင်း ဒီရောင်း လုပ်နေကြတာပဲ။ နယ်စပ်တွေကျတော့လည်း ဒီဘက်ကဈေးမြင့်လည်း ဟိုဘက်က ဝင်လာတာပဲ။ အဲဒါမျိုးရှိတယ်။ ဈေးမြင့်လို့ မရဘူးပေါ့။ သဘောကတော့။မူဝါဒတွေက အစိုးရက ညွှန်ကြားတာတွေရှိတယ်။ ထိန်းသိမ်းဆောင်ရွက်တာတွေ ရှိတယ်။ အားလုံးကတော့ တို့ကဌာနဆိုင်ရာရဲ့ လမ်းညွှန် ထိန်းသိမ်းမှုအောက်မှာ ရောင်းဝယ်နေကြတာပေါ့။ လက်ရှိပေါက်ဈေးထက် ကျလာဖို့တော့ ရှိပါတယ်။ ကမ္ဘာ့ဈေးကျရင် ထပ်ကျသွားမှာပါ။ နောက်လထဲမှာ ဖြစ်လာမယ့် အခြေအနေကိုတော့ ကြိုပြောလို့မရဘူး။ တစ်နေရာရာက ကမ္ဘာ့စစ်ပွဲတစ်ခါ ထပ်ဖြစ်ရင် တစ်ခါတက်တာ။ ကမ္ဘာဈေးကြောင့်ပဲတက်တာ။ ပြည်တွင်း အခြေအနေကတော့ ဒီလောက်ဈေးတွေနဲ့ ဝယ်နိုင်ပြုနိုင်တာ မရှိပါဘူး"ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက် နံနက် ပိုင်းအကယ်ဒမီ မီးလင်းရွှေဈေးကွက် အဖွင့်ဈေးနှုန်း (ကျပ်သုံး ဆယ့်ခြောက်သိန်း ငါး သောင်းခြောက်ထောင့်ရှစ်ရာ)ရှိပြီး ကမ္ဘာ့ရွှေဈေး(World Gold Price)1 Ounce = 2031 USD$) ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းက အကယ်ဒမီ မီးလင်းရွှေဈေးကွက် အပိတ်ဈေးနှုန်း(ကျပ်သုံးဆယ့်ခြောက် သိန်းခြောက်သောင်း တစ်ထောင့်နှစ်ရာ) ရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)1 Ounce = 2034 USD$ ဖြစ်ပေါခဲ့သည်။