ကမ်းခြေစောင့်တပ်ဖွဲ့သို့ အမြန်သွားရေယာဉ်လေးစီးတပ်တော်ဝင်၊ ထပ်မံတိုးချဲ့သွားမည်ဟု နစကဥက္ကဋ္ဌပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၉
    မြန်မာ့ပင်လယ်ကမ်းရိုးတန်း လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရန်အတွက် ၄၈ မီတာ အမြန်သွားကင်းလှည့် ရေယာဉ်လေးစင်း တပ်တော်ဝင်ခဲ့ပြီး ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရဦးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
    အောက်တိုဘာလ ၆ရက်က ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်တည်ထောင်ခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ်နှင့်  ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    "ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ရေကြောင်းဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်ရေး နှစ်စဉ်တိုးချဲ့ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရေမိုင် ၁၃၀၀ ခန့်ရှိသည့် ကမ်းရိုးတန်း၊ ကျွန်းပေါင်း ၁၄၀၀ ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်းရေမိုင် ၁၄၃၁၁၀ ဒသမ ၇၂ ရှိသည့် မိမိတို့နိုင်ငံအတွက်ကမ်း ခြေစောင့်တပ်ဖွဲ့ကို ယခုထက်များစွာသော ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရဦးမည်ဖြစ်ကြောင်း" နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
    ထို့အပြင် ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရသကဲ့သို့ ပင်လယ်ပြင်တွင်လည်း ပြည်တွင်း၊ ပြည်ပက ကုန်သွယ်ရေယာဉ်များကို စစ်ဆေးကြပ်မတ်ရခြင်းဖြစ်သည့်အတွက် ရေကြောင်းဆိုင်ရာ ဥပဒေများ၊ နိုင်ငံတကာဥပဒေများ၊ IMO Regulation များ၊ မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် Convention များ၊ Treaty များကို ကောင်းမွန်စွာသိရှိနားလည်ပြီး မိမိနိုင်ငံ အကျိုး စီးပွားအတွက် ထိထိရောက်ရောက် အသုံးချနိုင်ရမည်ဖြစ်သကဲ့သို့ အဆိုပါ ဥပဒေများနှင့်အညီ ကမ်းခြေစောင့်တပ်ဖွဲ့၏တာဝန်များကို ထမ်းဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။
    ဆက်လက်၍ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏ရေကြောင်း အကျိုးစီးပွားများ (Maritime Interests)၊ ရေကြောင်းအရင်းအမြစ်များ (Marine Resources) ကို ထိန်းသိမ်းစောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတကာရေကြောင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံပြီး နိုင်ငံတကာကမ်း ခြေစောင့်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်သော တပ်ဖွဲ့တစ်ခုအဖြစ် ကြိုးပမ်းတည်ဆောက်သွားကြရန် ပြောကြားခဲ့သည်။
    ကမ်းခြေစောင့်တပ်ဖွဲ့များသည် စစ်ရေးနှင့်မသက်ဆိုင်သည့် ပင်လယ်ရေကြောင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာ ကွယ်ခြင်း၊ ပင်လယ်ဓားပြရန် ကာကွယ်တားဆီးနှိမ်နင်းခြင်းစသည့် အရပ်သားပြည်သူလူထုများကို စောင့်ရှောက်ကာကွယ်ခြင်း နည်းလမ်းများကို အခြေခံသည့် Civilian Oriented လူမှုဝန်ထမ်းတပ်ဖွဲ့တစ်ခုအသွင် တာဝန်ထမ်းဆောင်ရ ခြင်းပင်ဖြစ်ကြောင်း သိရသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 242

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43739

© 2022 - 2025 News. All Rights Reserved.