Breaking

ကမ်းရိုးတန်းပတ်လမ်း တစ်စိတ်တစ်ပိုင်းဖြစ်သည့် ချောင်းဝတံတား တည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ခန့် ပြီးစီး

၂၀၂၄၊ ဖေဖော်ဝါရီ ၂၇
    မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်တစ်လျှောက် အပန်းဖြေကမ်းခြေများရှိသည့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်အား ဆက်သွယ်ပေးမည့် ချောင်းဝတံတား တည်ဆောက်မှုသည် ယခုအခါ ၈၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဟု လမ်းတံတားဦးစီဌာနမှ သိရသည်။
    ချောင်းဝတံတားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ရှိ ငရုတ်ကောင်း-ဂေါ်ရန်ဂျီကျွန်း သွားလမ်းပေါ်၌ တည်ဆောက်နေခြင်း ဖြစ် သည်။
    လက်ရှိတွင် ငရုတ်ကောင်းမြို့မှ မြောက်ဘက်ပိုင်း ရခိုင်ပြည်နယ် ဂွမြို့နယ်အထိ (ငရုတ် ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွ) ကမ်းခြေပတ်လမ်း စီမံကိန်းကို လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ ယခု ဆောက်လုပ်သည့် ချောင်းဝတံတားသည် လည်း ယင်းကမ်းခြေပတ်လမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ်ကြောင်း ဆိုသည်။
    အဆိုပါကမ်းခြေပတ်လမ်းနှင့် ချောင်းဝတံတားတည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်ပြီးစီးပါက ငရုတ်ကောင်းမြို့ တောင်ဘက်ပိုင်းရှိ နာမည်ကျော်အပန်းဖြေကျွန်းဖြစ်သည့် ဂေါ်ရန်ဂျီကျွန်း အထိလမ်းများ တစ်ဆက်တည်းဖြစ်ကာ လျင်မြန်လွယ်ကူ ချော့မွေ့စွာ သွားလာအပန်းဖြေနိုင်မည်ဟု သိရသည်။
    တည်ဆောက်ဆဲ ချောင်းဝတံတား အရှည်မှာ ပေ ၁၂၈၀၊  အကျယ် ၂၄ ပေရှိ သည့် နှစ်လမ်းသွား တံတားဖြစ်ပြီး လူသွားလမ်းအကျယ်တစ်ဖက်လျှင် ၃ပေx၆ လက်မစီ ပါဝင်မည်ဖြစ်ကာ ရေလမ်းကင်းလွတ် အကျယ် ၂၄ မီတာနှင့် အမြင့် ၁၂ ဒသမ ၂ မီတာရှိ မည်ဖြစ်၍ တံတားခံနိုင်ဝန်မှာ ခွင့်ပြုယာဉ် အလေးချိန် (ယာဉ်+ကုန်) တန် ၆၀ ဖြစ်သည်။
    အဆိုပါ ချောင်းဝတံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တံတားအောက်ခံ အုတ်မြစ်၊ ကိုယ်ထည်နှင့် အပေါ်ထည်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သောကြောင့် တံတားကြမ်းခင်းနှင့် လက်ရန်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လမ်းတံတားဦးစီးဌာနမှ ပြောထားသည်။

Total Views ~ 244

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43973

© 2022 - 2025 News. All Rights Reserved.