နေပြည်တော်၊ ဇူလိုင် ၆
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ မဖြစ်ပွားစေရေးနှင့် ဒေသတည်ငြိမ်ရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ အချင်းချင်း တွေ့ဆုံညှိနှိုင်းဆွေးနွေး အဖြေရှာသည့်အဆင့်ကို မရောက်နိုင်သေးကြောင်း KNU / KNLA –Pc ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကပြောသည်။
"ဒေသတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ဆွေးနွေးပွဲလုပ်မယ့်အဆင့်တွေကတော့ စောင့်နေရဦးမယ်ထင်ပါတယ်။ ကရင်လက်နက်ကိုင်တွေ စုပေါင်းဆွေးနွေးပွဲအဆင့်ထိတော့ မရောက်သေးဘူး။ ရှေ့ဆက်ပြီးသူတို့ဟာသူတို့ အစီအစဉ်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ လောလောဆယ် အခြေအနေအရကတော့ ကရင်လက်နက်ကိုင်ညီညွတ်ရေး ကော်မတီအနေနဲ့ကတော့ ရှေ့ဆက်ဘာတွေလုပ်ဆောင်ကြမလဲဆိုတာ ကြားထဲမှာ ညှိနှိုင်းဆွေးနွေးတဲ့ အခြေအနေတော့ မလုပ်နိုင်သေးပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းလို့ ပြောတာကတော့ ကျယ်ပြန့်တယ်ထင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက ဒီအချိန်မှာ အများကြီးရှိတယ်။ နောက်ပြီးတော့ လေးနှစ်တာကာလ အတွင်းမှာ နောက်ထပ် အသစ်ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ရေတွက်လို့တောင် မကုန်ဘူး။ စစ်ရေးဘောင်က အရမ်းကို ကျယ်ပြန့်တယ်။ တွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်းက ကွယ်ပျောက်လို့နီးပါး ဖြစ်နေတဲ့ အခြေအနေတစ်ခုအောက်မှာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေ ကြားမှာပဲဖြစ်ဖြစ်၊ ကရင်လက်နက်ကိုင် တွေကြားထဲမှာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေး စကားပြောနိုင်တဲ့ အခင်းအကျင်းက အင်မတန်ကို နည်းပါးလှပါတယ်။ မရှိသလောက်ကို နည်းပါးနေတဲ့ အခြေအနေတစ်ခုအောက်မှာ ပြောဖို့ဆိုဖို့၊ ညှိနှိုင်းဖို့ဆိုတာကတော့ အခွင့်အလမ်း မသာခဲ့ပါဘူးဆိုတာ ပကတိ အရှိတရားပါ"ဟု ၎င်းကပြောသည်။
အလားတူ ကရင်တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်း ပြန်လည်ပေါင်းစည်းရေးအတွက် ကရင်လက်နက်ကိုင် တပ်ဖွဲ့များ စည်းလုံးညီညွတ်ရေး ကော်မတီ ကို ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းတည် ထောင်ခဲ့သော်လည်း အကွဲကွဲအပြားပြား တည်ရှိနေကြသည့်အဆင့်မှ တက်လှမ်းနိုင်ရန် ကြိုးပမ်းနေကြ ဆဲသာဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်ကပြောသည်။
"ကရင်တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ပြန်လည်ပေါင်းစည်းဖို့ဆိုတာ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ စနစ်တကျ စီစဉ်ဆောင်ရွက်ထားတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ စောစောက ကျွန်တော်ပြောတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့များ စည်းလုံးညီညွတ်ရေး ကော်မတီဆိုတာ ၂၀၁၃ ကနေစပြီး ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အဲဒီရည်ရွယ်ချက်ပါပဲ။ လက်ရှိအခြေအနေအရ အကွဲကွဲအပြားပြားဖြစ်နေတဲ့ ကရင်လက် နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကရင်အမျိုးသားအတွက် ပန်းတိုင်ကရှိရဲ့သားနဲ့ လုပ်ထုံးလုပ်နည်း၊ သွားနည်းသွားဟန်တွေက အကွဲ ကွဲအပြားပြား ရှိနေရာကနေ အတူတူသွား၊ အတူတူလာနိုင်တဲ့ အဆင့်တစ်ခုကို တက်လှမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာရှိ တယ်။ သို့သော် ဒီလိုမျိုး ပန်းတိုင်ရောက်ရှိ ဖို့ကလည်း ကျွန်တော်တို့အနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေဆဲဆိုတာ ဝန်ခံရမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကျုံဒိုးဒေသတို့တွင် လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာတဲ့အပေါ် ကရင်လက်နက်ကိုင် ညီညွတ်ရေးကော် မတီတွင် ဦးဆောင်နေကြ သည့် ပုဂ္ဂိုလ်များက လက်နက်ကိုင် ပဋိပက္ခတွေ လျှော့ချနိုင်ရေးအတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲတစ်ရပ်ကို ဇူလိုင် ၂၇ ရက်က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြိုင်ကြီးငူအထူးဒေသတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့၏ နာယကဖြစ်သည့် မဲဆမိတ်ဆရာတော်ကြီးက ကမကထ ပြုလုပ်ခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်း အရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU /KNLA - PC) နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့ တက်ရောက်ခဲ့သည်။ ကွန်းဈာန်