Breaking

ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့များကို ရွေးကောက်ပွဲအား ကူညီနိုင်လျှင် ကူညီ၊ မကူညီနိုင်လျှင် မနှောင့်ယှက်ရန် ပြောဆိုထားကြောင်း မန်းအောင်ပြည်စိုးပြော

နေပြည်တော် သြဂုတ် ၆ 
    ကရင်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ရွေးကောက်ပွဲအား ကူညီနိုင်လျှင်ကူညီ၊ မကူညီနိုင်လျှင် မနှောင့်ယှက်ရန် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။ 
    "ကရင်လက်နက်ကိုင် အဖွဲ့အစည်း BGF အပါအဝင် အားလုံးကို ပြောခဲ့တယ်။ ကျွန်တော်တို့ကို နံပါတ်(၁) ကူညီနိုင်တာရှိရင် ကူညီပါ။ ဥပဒေဘောင်အတွင်းက ကူညီပါ။ မကူညီနိုင်ဘူးဆိုရင်လည်းရတယ်။ မနှောင့်ယှက်နဲ့ အဲဒီလိုတော့ ပြောခဲ့တယ်။ ငြိမ်းချမ်းရေး ဆုတောင်းပွဲ မတိုင် ခင် မြိုင်ကြီးငူမှာပဲ တွေ့ဆုံပွဲမှာ စောစောက စကားကို ပြောခဲ့တယ်။ ကျန်တဲ့အဖွဲ့အစည်းတွေကလည်း သဘောပေါက်ပါတယ်။ ဂျော်နီတို့၊ ဘာတို့ကိုလည်း ကျွန်တော်တို့ ပြောဖူးပါတယ်။ အခု ကြာအင်းဆိပ်ကြီးတို့၊ ဒူးပလာ ယာခရိုင်တို့မှာ ဖြစ်ပျက်နေတဲ့ အဲဒီက ပုဂ္ဂိုလ်တွေနဲ့တော့ မပြောဘူး။ မပြောဘူးဆိုတာ သူတို့နဲ့လည်း ဆက်ဆံလို့ မဖြစ်ဘူးလေ။ ဥပမာ ကော်သူးလေတပ်၊ ကော်သူးလေအာမီဆိုတာက မတရားအသင်းမှာ KNU ကနေ ခွဲထွက်သွားတဲ့ဟာလေ။ အဲဒီလူတွေနဲ့တော့ မပြောဆိုရဘူး။ ဆက်သွယ်လို့လည်း မဖြစ်ဘူး။ ကျန်တဲ့အဖွဲ့တွေနဲ့တော့ ပြောတယ်။ ကူညီနိုင်ရင်ကူညီပါ။ ဥပဒေဘောင်အတွင်းကပဲ။ မကူညီနိုင်ရင် မနှောင့်ယှက်နဲ့ပေါ့။ သူတို့လည်း ကျွန်တော်တို့ကို ဘာမှတော့ မပြောပါဘူး"ဟု ၎င်းကပြောသည်။ 
    လတ်တလော အခြေအနေအရ ကရင်ပြည်နယ်ဒေသအတွင်းရှိ မြို့နယ်နှစ်ခုကို အရေးပေါ်အခြေအနေ ကြေညာခြင်းခံထားရသော်လည်း ရွေးကောက်ပွဲလုပ်မယ့် ဧရိယာများတွင် ဝင်ပြိုင်သွားမည်ဖြစ် ကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။ 
    "ကရင်ပြည်နယ် အရေးပေါ်အခြေအနေကြေညာတဲ့ မြို့နယ်နှစ်ခုကတော့ လုံခြုံရေးအခြေအနေ သိပ်မကောင်းဘူး။ မကောင်းလို့လည်း အရေးပေါ် အခြေအနေ ကြေညာလိုက်တာပေါ့။ ကျွန်တော်တို့ကတော့ စောင့်မျှော်နေတယ်။ ဘာကိုစောင့်မျှော်နေသလဲဆိုတော့ အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်ပေးမလား။ သို့သော် သိပ်မထင်တော့ဘူး၊ လုပ်ပေးဖို့ကလေ။ လုံခြုံရေးအခြေအနေ ကောင်းအောင် လုပ်ပြီး ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေက အခြေအနေကြည့်ပြီး ဝင်ပြိုင်ရမှာ။ အကယ်၍ မလုပ်ပေးဘူး။ အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်လည်း မဖြစ်ဘူးဆိုရင်တော့ မပြိုင်ရုံပေါ့။ ရွေးကောက်ပွဲ လုပ်မယ့်နေရာတွေလောက်ပဲ ပြိုင်လိုက်မှာပေါ့။ တခြားမြို့နယ်တွေလည်း ရှိသေး တယ်ဗျ။ အရေးပေါ်အခြေအနေ မကြေညာပေမယ့် ဥပမာသံတောင်တို့၊ ဘာတို့ဆိုရင်လည်း အခြေအနေက သိပ်မဟန်ဘူး။ ဒါပေမဲ့ နည်းနည်းငြိမ်တဲ့သဘောလားတော့ မသိဘူး။ သို့သော် ပြည်သူတွေက တော့ သက်ဆိုင်ရာမြို့တွေ၊ ဒေသတွေကို ပြန်လာနေတာ နည်းနေသေးတယ်။ အဲဒီလို အနေအထားမျိုး ရှိတဲ့အတွက် ဘယ်လိုပြော ရမလဲမသိဘူး။ ပြောချင်တာကတော့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုရင် အတတ် နိုင်ဆုံး ဝင်ပြိုင်မယ်"ဟု ၎င်းကပြောသည်။ 
    လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ တိုင်းဒေသကြီးနှင့် ပြည် နယ်များရှိ မြို့နယ် ၆၃ ခုကို ဖွဲစည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၂ (က) အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း၊ ရက်ပေါင်း ၉၀ အဆိုပါ အမိန့်မှာ အတည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီက ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။ (ကွန်းဈာန်)

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48980

© 2022 - 2025 News. All Rights Reserved.