ရန်ကုန်၊ မေ ၂၁
ကိုရီးယားနိုင်ငံသို့ E-9 Visa ဖြင့် သွားရောက်သည့် မြန်မာလုပ်သားများအနေဖြင့် ကိုရီးယားအစိုးရက သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီပါက ကျွမ်းကျင်လုပ်သားဗီဇာကို ပြောင်းလဲလျှောက် ထားနိုင်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
E-7-4 Visa (ကျွမ်းကျင်လုပ်သား ဗီဇာ)ကို ကိုရီးယားရောက် E-9, E-10 နှင့် H-2 Visa ဖြင့် နေထိုင်သူများ လျှောက်ထားနိုင်ပြီး ကိုရီးယားနိုင်ငံအတွင်း လွန်ခဲ့သည့် ၁၀ နှစ်အတွင်း လေးနှစ်နှင့်အထက် နေထိုင်သူ၊ လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီတွင် အလုပ်သမားစာချုပ် နှစ်နှစ်အနည်းဆုံးရှိကာ နှစ်စဉ်လုပ်ခလစာ ကိုရီးယားဝမ် ၂၆ သန်း အထက်ရရှိသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ လုပ်သက် တစ်နှစ်နှင့်အထက် အနည်းဆုံးရရှိထားပြီး လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီ၏ ထောက်ခံချက်နှင့် ကိုရီးယားဘာသာစကား တတ်ကျွမ်းမှုရမှတ် ၂၀၀ နှင့်အထက် ရရှိသူများ ကိုရီးယား နိုင်ငံတွင်နေထိုင်ပြီး ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ဖူးခြင်း မရှိသူများလည်း လျှောက်ထားနိုင်ကြောင်း ဖော်ပြထား သည်။
ကိုရီးယားနိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အိုများပြားလာခြင်းတို့ကြောင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်သူ နည်းပါးလာခြင်းစသည့် အခြေအနေတို့ကြောင့် နယ်မြို့ ၆၆ မြို့တွင် နိုင်ငံခြားသားများအတွက် ရည်ရွယ်ပြီး Regional-Specia-lized visa (F-2-R) ကိုလည်း လျှောက်ထားနိုင်ပြီး အသေးစိတ် အချက်အလက်ကို @https://www.hikorea.go.kr/Main.pt တွင် လေ့လာနိုင်ကြောင်း သိရသည်။