၂၀၂၃ အောက်တိုဘာ ၂၃
ရွှေညောင်-တောင်ကြီး-နောင် ကားလမ်းခွဲ-ပင်းပက်လမ်းပိုင်းတွင် တောင်ကြီးဘူတာကို အခြေပြုပြီး တောင်ကြီး- ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက် ခေါင်ရထားများကို ခရီးသည်နှင့် ကုန်စည် ရရှိမှုအပေါ်မူတည်ပြီး ရထားပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရထားလမ်းပိုင်းဖွင့်လှစ်ခြင်း အခမ်း အနားတွင် ပြောကြားခဲ့သည်။
လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့် လမ်းပိုင်းအသစ် တည်ဆောက်ဖွင့်လှစ်ခြင်းများ ဆောင်ရွက် ချိန်၌ ပင်းပက်သံမဏိ စက်ရုံမှ သံရိုင်းကုန်ကြမ်းများကို လိုရာအရောက် သက်သာလွယ်ကူစွာ သယ်ယူပို့ ပေးနိုင်မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေခြင်း၊ ဒေသတွင်းမှ ကုန်စည်များကို ရထားဖြင့် ကုန်ကျစရိတ်သက်သာစွာ ပို့ဆောင်နိုင်ခြင်း၊ စက်မှုကုန်ကြမ်း များကို ကုန်ချောထုတ်လုပ်ရာ ဒေသအရောက် လွယ်ကူစွာပို့ဆောင်ပေး နိုင်သည့်အတွက် စက်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားသည်။
တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲ ဘူတာမှတစ်ဆင့် ဟိုပုံးမြို့အနီး ပင်းပက်အထိ အရှည် ၁၀ ဒသမ ၇၈ မိုင်ကို အောင်မြင်စွာ တိုးချဲ့ဖောက်လုပ် နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆို ပါရထားလမ်းပိုင်းအသစ် ဖောက်ခြင်းနှင့်အတူ လမ်းပိုင်းအတွင်း အဓိကကျ သည့် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ရထားလမ်းကွေ့နှင့် ဆင်ခြေလျှောများ ပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရန်၊ ခရီးသည်နှင့် ကုန်စည်များ လုံခြုံစိတ်ချစွာ ဝန်ချိန်ပြည့် သယ်ယူပို့ ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။