ရန်ကုန်၊ ဇူလိုင် ၁၇
မြန်မာနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘက်မလိုက်ရေးအခြေခံမူများကို ကျင့်သုံးရန်နှင့်နိုင်ငံ၏ အချုပ်အခြာအာဏာကို သေးသိမ်စေပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးတို့အတွက် စစ်မှန်သည့် ကြိုးပမ်းမှုများကို ဟန့်တားခြင်းမပြုရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုလိုက်သည်။
ထုတ်ပြန်ရာတွင် ဂျီနီဗာမြို့တွင် ဇွန် ၁၈ ရက်မှ ဇူလိုင် ၁၂ ရက်အထိ ကျင်း ပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၆)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲ များကို သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး အစည်းအဝေးကာလအတွင်း အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည့် အချက်အလက်များအား ထောက်ပံ့ပေးခဲ့သော်လည်း မဟာမင်းကြီး၏ အစီရင်ခံစာနှင့် တင်ပြချက်တွင် လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ ပြောကြားချက်များကိုသာ အလေးပေးဖော် ပြခဲ့ပြီး တိုင်းရင်းသားအရေးနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများဖြစ်စေသော AA အကြမ်းဖက်အဖွဲ့၏ ဒေသခံလူထုအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အစီရင်ခံစာတွင် လျှော့ပေါ့ဖော်ပြထား သည်ကို တွေ့ရှိ ရသည်။ အစီရင်ခံစာသည် အစိုးရကို ဆန့်ကျင်သည့် အခြားလက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်း လျှော့ပေါ့ ဖော်ပြထားကြောင်း သိရသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ အစီရင်ခံတင်ပြချက်များသည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကြဉ်ရန် သိသာစွာ ဦးတည်ထားပြီး အပြန်အလှန်ဆွေးနွေးပွဲတွင် အထူးအစီရင်ခံစာ တင်သွင်းသူသည် အဖျက်အမှောင့် သတင်းမီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များနှင့် NUG နှင့် ဆက်နွှယ်သော အကြမ်းဖက် PDF အဖွဲ့များ၏ စွပ်စွဲမှုများနှင့် ပုံဖော်ပြောဆို ဝါဒဖြန့်မှုများကိုသာ သံယောင်လိုက် ပြောဆိုထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အပြစ်မဲ့အရပ်သား ၇၈၀၀ ကျော် အသက်ဆုံး ရှုံးခဲ့ပြီး အထူးအစီရင်ခံစာ တင်သွင်းသူသည် တရားမဝင် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ရှုတ်ချရမည့်အစား ယင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကို တိုက်တွန်းလျက်ရှိရာ၊ ပြည်သူအားလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေကြောင်း ဖော်ပြထားသည်။
အစိုးရသည် ၂၀၂၅ ခုနှစ်တွင် လွတ်လပ်ပြီးမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကာ၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘက်မလိုက်ရေးအခြေခံမူများကို ကျင့်သုံးရန်နှင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို သေးသိမ်စေပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးတို့အတွက် စစ်မှန်သည့် ကြိုးပမ်းမှုများကို ဟန့်တားခြင်း မပြုရန် တောင်းဆိုထားသည်။