ကုလားတန်မြစ်ဘက်စုံစီမံကိန်းအတွက် အရေးပါသည့် စစ်တွေဆိပ်ကမ်းကို ယခုလအတွင်း ဖွင့်လှစ်မည်

ရန်ကုန်၊ မေ ၅

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်း တစ်ခုဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်း(KMIT)အတွက် စစ်တွေဆိပ်ကမ်းကို ယခုလအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံနှင့် ကုန်စည်များတိုက်ရိုက်ကူးသန်းမည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေဆိပ်ကမ်းကို မကြာမီဖွင့်လှစ်သွားရန် အစီအစဉ်ရှိပြီး လက်ရှိတွင် စစ်တွေဆိပ်ကမ်းဖွင့်ပွဲပြုလုပ်ရန် ပြင်ဆင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။ ဖွင့်ပွဲပြုလုပ်မည့် ရက်၊ကျင်းပမည့်အစီအစဉ်နှင့်ပတ်သက်၍ ဝန်ကြီးဌာနမှအသေးစိတ် သတင်းမ ထုတ်ပြန်နိုင် သေးသော်လည်း စစ်တွေဆိပ်ကမ်းကို လာမည့် မေလ ၉ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်တော့မည် အိန္ဒိယအခြေစိုက်သတင်း များတွင် ဖော်ပြထားသည်။ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် များစွာအကျိုးဖြစ်ထွန်း စေနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုများကို ပိုမိုလျင်မြန်စေမည်ဖြစ်ကာ နှစ်နိုင်ငံကူးလူး ဆက် သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးသည့် စီမံကိန်း တစ် ခုဖြစ်ကြောင်း သိရသည်။ KMIT စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းက ကုလားတန်မြစ်ဝတွင် တည်ရှိပြီး အိန္ဒိယနှင့် မြန်မာ ကုန်သွယ်မှု ကို ၅၃၉ ကီလိုမီတာဝေးကွာသော အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ် ကမ်းနှင့် မြန်မာနိုင်ငံ စစ်တွေမြို့ကို တိုက်ရိုက်ကုန်သွယ်မှု ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကာ စစ်တွေဆိပ်ကမ်းမှ ပလက် ဝ မြို့ကို ကုလားတန်မြစ်ကြောင်းမှတစ်ဆင့် ပြည်တွင်း ရေကြောင်း သင်္ဘောများဖြင့် ကုန်သွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။ ကုလားတန်မြစ်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် စစ်တွေဆိပ်ကမ်းကို ၂၀၀၈ ခုနှစ်တွင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုး ရတို့ သဘောတူစာချုပ် MOU ရေးထိုးကာ တည်ဆောက်ရေးလုပ်ငန်းများ ၂၀၀၉ ခုနှစ် မှစတင်ခဲ့သည်ဟု သိရပြီး ရခိုင်ပြည်နယ် တွင် အိန္ဒိယမှ တာဝန်ယူတည် ဆောက်ထားသော ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

Total Views ~ 209

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43377

© 2022 - 2025 News. All Rights Reserved.