2023 အောက်တိုဘာ ၂၇
ယနေ့ အောက်တိုဘာ (၂၇) ရက် နံနက်အစောပိုင်းက စတင်ကာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ထိုင်း - မြန်မာနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို ယာယီရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
" အခုကတော့ ယာယီပိတ်ထားတယ်။ မနက်ကတည်း တိုက်ပွဲဖြစ်နေတာဆိုတော့။ ကုန်ကားတွေကလည်း ရပ်ထားရတာပေါ့။ အခုက ယာယီပဲပိတ်ထားတာ"ဟု မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သည်တစ်ဦးက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ရှိ ဆင်ကုန်း၊ ရုံးကြီး၊ ရေလယ်မြိုင်၊ တံတားဦး အပါအဝင် နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း ကော့ကရိတ်မြို့ စရဖရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
အလားတူ ယနေ့နံနက်အစောပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော်မြို့အပါအဝင် လားရှိုးမြို့နယ်အတွင်းရှိ ဒေသအချို့နှင့် နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်အတွင်းရှိ ဒေသအချို့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
အဆိုပါ တိုက်ပွဲများပြင်းထန်နေသည့်အတွက် ချင်းရွှေဟော် နယ်စပ်အပါအဝင် တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများလည်း ပိတ်ထားရကြောင်း သိရသည်။