နေပြည်တော်၊ စက်တင်ဘာ ၁၁
ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူများသည် စက်တင်ဘာလ ၈ ရက်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိခဲ့ရာ မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်ဘေးရှောင် ပြည်သူများအား တွေ့ဆုံ၍ ယာယီစီမံထားသည့် မကွေးတက္ကသိုလ် ဗိဿနိုးဆောင်တွင် နေထိုင်နိုင်ရန်အတွက် စီမံဆောင်ရွက်ပေးကာ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးခဲ့သည်။
စစ်ဘေးရှောင်ပြည်သူများ ကောင်းမွန်စွာ နေထိုင်နိုင်ရေးနှင့် အလုပ်အကိုင်ရရှိ လုပ်ကိုင်နိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။
"ကျင်ဒွေးဒေသကလာတဲ့ ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်စားသောက်ရေး အဆင်ပြေစေဖို့အတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ယခု ယာယီနေထိုင်ဖို့ မကွေးတက္ကသိုလ် ဗိဿနိုးဆောင်မှာ စီမံဆောင်ရွက်ထားပါတယ်။ သီးခြားနေရာ တစ်ခုစီစဉ်ပြီး နေစရာ အိမ်များ အမြန်ဆောက်လုပ်ပေးပြီး နေရာချထားပေးထားတယ်။ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ အလုပ်အကိုင်ရရှိ လုပ်ကိုင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမှာပါ"ဟု ၎င်းက ပြောသည်။
မကွေးမြို့သို့ ရောက်ရှိလာသည့် ချင်းပြည်နယ် ကျင်ဒွေးဒေသမှ ယာယီနေရပ် စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးပါပုံး၊ မီးဖိုချောင်သုံးပစ္စည်း ရှစ်မျိုးပါပုံး၊ မိသားစုသုံးပစ္စည်း ၁၁ မျိုး ပါပုံး၊ သောက်ရေပုံး၊ သင်ဖြူးဖျာ၊ အမျိုးသား၊ အမျိုးသမီးတစ်ကိုယ်ရည် သုံးပစ္စည်း ၁၁ မျိုး ပါအိတ်၊ စောင်၊ ၁၀ လီတာဆံ့ ရေပုံး၊ တာပေါ်လင်မိုးကာစသည်တို့အား စစ်ဘေးရှောင်ရောက်ရှိလာသော အိမ်ထောင်စု ၃၃ စုမှ လူဦးရေ ၁၀၄ ဦးအတွက် အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ကွန်းဈာန်