၂၀၂၃ ၊ ဒီဇင်ဘာ ၂၀
ကျန်းမာရေးကဏ္ဍအပေါ် ဦးတည်ချက်ထား တိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ လူသားအရင်း အမြစ်စွမ်းအား ပြိုလဲအောင် တိုက်ခိုက်ခြင်းဖြစ်သကဲ့သို့ အပြစ်မဲ့ ပြည်သူလူထုကိုဦးတည်ပြီး သစ္စာမဲ့စွာ အကြမ်းဖက် တိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဒီဇင်ဘာလ ၁၈ ရက်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို တပ်မတော်ဆေး တက္ကသိုလ်စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကအချုပ်အခြာအာဏာနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရေးအတွက် ပြည်ပနိုင်ငံအချို့၏ ထောက်ပံ့မှုများနှင့် အစွန်းရောက် ပြည်ပြေးနိုင်ငံရေးသမားများက ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် ပူးပေါင်းပြီး အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်နေရာတွင် ဆင်ခြင်တုံတရားမဲ့စွာ စစ်ဘက်နှင့် မသက်ဆိုင်သည့် ကျန်းမာရေးကဏ္ဍကိုလည်း ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်နေသည်ကို မြင်တွေ့ကြရကြောင်း ပြောကြားသည်။
ဆက်လက်၍နိုင်ငံတော်က ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ CRPH? NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုယန္တရားလည်ပတ်မှု ရပ်တန့်သွားစေရေးအတွက် ဆရာဝန်၊ သူနာပြုများအပါအဝင် ကျန်းမာ ရေးဝန်ထမ်းများကို CDM ပြုလုပ်လာအောင် သွေးဆောင်ဖြားယောင်းခြင်း၊ ဖိအားပေးအကျပ်ကိုင်ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ ကြကြောင်း၊ အချို့သောကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုက်နာကျင့်ကြံရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့ကြသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟာမှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့ တပ်မတော်သားပါရဂူ၊ ဆရာဝန်နှင့် သူနာပြုများက ဝင်ရောက်တာဝန်ထမ်း ဆောင်ပေးခဲ့ရကြောင်း ပြောကြားသည်။
ထို့အပြင် အကြမ်းဖက်သမားများသည် မိဘပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် မိသားစုဘ၀ လုံခြုံရေးအတွက် အလွန်အန္တရာယ်ကြီးမားသည့် လုပ်ရပ်များဖြစ်သော ဆေးရုံ၊ ဆေးပေးခန်းများကို မီးရှို့ဖျက် ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများကို အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြသည့်အပြင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ ဖိအားပေးအနိုင် ကျင့်ခြင်းများ၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်းလုပ်ရပ်များသည် အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များဖြစ်သည့်အတွက် မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့ အစည်းကမျှ လက်မခံနိုင်သကဲ့သို့ မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း လက်မခံနိုင်သည့် လုပ်ရပ်များဖြစ်ကြောင်းပြော ကြားခဲ့သည်။