၂၀၂၄ ၊ ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ငါးဘီလီယံနီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ကီလို ၁၀၀ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၂ _ ၅၃ လမ်းကြား၊ ၁၃၉(ဗ)လမ်းရှိ ဂိုဒေါင်ကို သတင်းအရ ရှာဖွေရာ ဆာဦးနှင့် မိုင်းအိုက်ကျင်တို့ နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီ ၉ ရက် ည ၈ နာရီတွင် ချမ်းမြသာစည် မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈(ဗ) လမ်း နှင့် ၁၁၅ လမ်းထောင့်နေ လှသိန်းကို ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့်လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဟိန်းလတ်နှင့် မအေးအေးအောင်တို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကိုလည်းကောင်း ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၁ သိန်းနှင့် ဘိန်းဖြူ ၁၀၁ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းင်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။