Breaking

ကျပ်သိန်း ၅၀၀ ဆုအပါ မထုတ်ယူရသေးသည့် ထီဆု ၁၄၀၀၀ ကျော်အား မတ် ၂၉  နောက်ဆုံးထား လာရောက်ထုတ်ယူရန် အသိပေး

၂၀၂၄ ၊ မတ် ၅
    ကျပ်သိန်း ၅၀၀ ဆုအပါအဝင် ထီဆုမဲပေါင်း ၁၄၀၀၀ ကျော် ထုတ်ယူရန် ကျန်ရှိသူများသည် ယခု မတ်လ ၂၉ ရက် နောက်ဆုံးထား လာရောက်ထုတ်ယူရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။
    အသိပေးချက်အရ လာရောက် မထုတ်ယူသေးသည့် ယင်းထီဆုမဲများသည် ၂၀၂၃ ခုနှစ် ဧပြီ ၁ရက်က ဖွင့်လှစ်ခဲ့သည့် (၄၉) ကြိမ်မြောက် အောင်ဘာလေ သိန်း ဆုဖွင့်ပွဲမှ ထီဆုမဲများဖြစ်ပြီး တစ်နှစ်ပြည့် ရန် တစ်လအလို (ဆယ့်တစ်လကြာ) ယခု အချိန်ထိ လာရောက်ထုတ်ယူခြင်းမရှိသေး သည့်အတွက် တစ်နှစ်ပြည့်မည့် ယခု လကုန်ပိုင်း မတ် ၂၉ ရက်နောက်ဆုံးထား လာရောက်ထုတ်ယူရန် အသိပေးခြင်းဖြစ်ပြီး လာရောက်ထုတ်ယူသူမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဟု သိရသည်။
    ထုတ်ယူခြင်းမရှိသေးသည့် ဆုမဲ ၁၄၀၀၀ ကျော်တွင် ကျပ်သိန်း ၅၀၀  တစ် ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု ၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ သုံးဆုနှင့် ကျပ်သိန်း ၁၀ လေးဆု စသည်ဖြင့် သိန်းဆုကြီးများလည်း ပါဝင်သည်။
    ထို့ကြောင့် ထီပေါက်ထားသူများသည် ဆုကြေးငွေများ လာရောက်ထုတ်ယူလိုပါက ရန်ကုန်နှင့် မန္တလေးမြို့များရှိအောင် ဘာလေသိန်းဆုဌာနခွဲရုံးများတွင် သတ်မှတ် ထားသည့်ရက်အတွင်း လာရောက်တင်ပြ ထုတ်ယူနိုင်သည်ဟု ဆိုသည်။
    ယခုကဲ့သို့ လာရောက်ထုတ်ယူ ခြင်းမရှိသည့် ဆုမဲများအား ယင်းထီဆုဖွင့်သည့်ရက်မှ တစ်နှစ်ကြာသည်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက သက်ဆိုင်ရာ ဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်း စာများတွင် တစ်နှစ်ပြည့်သည့် အကြိမ်ရေအလိုက် လစဉ်ကြေညာပေးလေ့ရှိပြီး တစ်လအတွင်း လာ ရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းဖြစ်သည်။
    အကြိမ်ရေ အနီးစပ်ဆုံ အားဖြင့်  ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် (၄၈) ကြိမ်မြောက် ထီဖွင့်ပွဲမှ လာရောက်ထုတ်ယူခြင်းမရှိသေးသည့် သိန်း ၅၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၁၀၀၀၀ ကျော်ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက လာရောက်ထုတ်ယူရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အသိပေးထားခဲ့သည်။

Total Views ~ 192

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43961

© 2022 - 2025 News. All Rights Reserved.