ရန်ကုန်၊ မေ ၁၄
အိမ်နီးနားချင်းနိုင်ငံများနှင့်ချိတ်ဆက် ဆောင်ရွက်ရာတွင် လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက်ပျံသန်းဆင်းသက်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။
မေလ ၁၂ ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ် အဆင့်မြှင့်တင်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြို့တော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုဝေးကွာသည့် နေရာတစ်ခုလည်း ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသတွင် ခရီးသွားများကို ဆွဲဆောင်နိုင်သော သာယာလှပသည့် သဘာ၀ပတ်ဝန်းကျင် ရေမြေတောတောင်များကို ပိုင်ဆိုင်ထားရှိပြီး ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်၊ အသစ်ပြန်လည်တည်ဆောက်ထားသည့် ကျိုင်းတုံဟော်နန်းပုံစံတူ ပြတိုက်၊ နောင်တုံကန်၊ လွယ်မွေအပန်းဖြေတောင် စခန်းမြို့နှင့် အခြားလည်ပတ်နိုင်သည့် နေရာများစွာရှိကြောင်း၊ အလားတူ ကျိုင်းတုံမြို့တွင် SME လုပ်ငန်းများလည်းရှိပြီး ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိကြောင်း ပြော ကြားသည်။
ထို့အပြင် ကျိုင်းတုံလေယာဉ်ကွင်းအား အဆင့်မြှင်တင်ခြင်းသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်းခရီးစဉ်များ၌ ဝေးကွာသည့် နေရာများသို့ ဂျက်လေယာဉ်များကို အသုံးပြုလာပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အသုံးပြုလျက်ရှိသော ဂျက်လေ ယာဉ်များ ဆင်းသက်နိုင်သည့်အထိ အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီးနားချင်း နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံ လေဆိပ်သို့ တိုက်ရိုက် ပျံသန်းဆင်းသက်နိုင်ရေး ဆောင်ရွက်ရန်လို ကြောင်း ဆက်လက်ပြောကြား သည်။
ဆက်လက်၍ ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုစေရန် ယခုကဲ့သို့ အဆင့်မြှင့်တင်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ လေဆိပ်အသစ်တည်ဆောက် ခြင်းနှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောက်လုပ်ရန်လိုကြောင်း၊ မည်သည့်ရာသီ ဥတုတွင်မဆို လေယာဉ်များ ဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်းအတွက် လိုအပ်သော အထောက်အကူပစ္စည်းများကို ပြည့်စုံစွာဖြင့် ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။