၂၀၂၃ နိုဝင်ဘာ ၂၇
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ ပါဝင်နိုင်ရေးအ တွက် စိတ်ဝင်စားမှု အဆိုပြု လွှာ (Expression of Interest – EOI) ရောင်းချမှုကို ယခု ၂၀၂၃ နှစ်ကုန်အထိ ရက်တိုး မြှင့်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့မှ အသိပေး ကြေညာထားသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက် ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက် ရန်အတွက် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ များပါဝင်သည့် (Myanmar Government Designated Entity Consortium) ဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ရောင်းချမှုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်အထိ သတ်မှတ်ခဲ့သော်လည်း အချို့သော စိတ်ဝင်စားသည့် ကုမ္ပဏီများမှ ဝယ်ယူနိုင်ရေးအတွက် လျှောက်လွှာများကို ဒီဇင်ဘာလ ၃၀ ရက်အထိ ရက်တိုးမြှင့် ရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ခြင်း ဖြစ်သည်။
EOI ခေါ်ယူမှုတွင် Myanmar Government Designated Entity Consortium ဖွဲ့စည်းရာတွင် သတ်မှတ်ချက် များနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအားစိစစ်ရွေးချယ်၍ ဖွဲ့စည်း တည်ထောင်သွား မည်ဖြစ်ပြီး ပါဝင်လိုသည့် ကုမ္ပဏီကသက်တမ်း ၁၀ နှစ်နှင့်အထက် (သို့မဟုတ်) အခြေခံအဆောက်အအုံ တည်ဆောက်ရေး အတွေ့အကြုံငါးနှစ်ရှိရမည်ဖြစ်ကာ ရခိုင်တိုင်းရင်းသား ကုမ္ပဏီဖြစ်လျှင် သတ်မှတ်ကာလကို လျှော့ပေါ့စဉ်းစားပေး မည်ဟု အသိပေးထားသည်။
ထို့အပြင် သုံးနှစ်အတွင်းလုပ်ငန်းကနေ ပျမ်းမျှဝင်ငွေ ဒေါ်လာသန်း ၂၀ ဒါမှ မဟုတ် ၎င်းနှင့် ညီမျှသည့် မြန်မာကျပ်ငွေ ရရှိရမှာဖြစ်သလို နာမည်ပျက်စာရင်း၊ တားမြစ်ပိတ်ပင်ထားခြင်း၊ အရည်အ ချင်းမပြည့်မီဟု သတ်မှတ်ကုမ္ပဏီမဖြစ်ရ၊ အဖွဲ့အစည်းတွင် ပါဝင်လိုကြောင်း စတင်အဆိုပြုချိန်မှ အနည်းဆုံး ဒေါ်လာငါးသန်း ထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခု တင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရမည်ဟု EOI တွင် ဖော်ပြထားသည်။
ထို့အပြင် ပါဝင်လိုသည့် ကုမ္ပဏီ အနေဖြင့် လွန်ခဲ့သည့် သုံးနှစ်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေး ရှင်းတမ်းကို စာရင်းစစ်အစီရင်ခံစာဖြင့် အတူပူးတွဲတင်ပြနိုင်ရမည့်အပြင် အခွန်ကင်းရှင်းကြောင်း အထောက်အထားလည်း တင်ပြရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီတွင်လိုအပ်သည့် ပညာရှင်နှင့်အခြား ကျွမ်း ကျင်ဝန်ထမ်း လုံလောက်စွာ ခန့်ထားရ မည်ဖြစ်ပြီး နည်းပညာ ကျွမ်းကျင်ဝန်ထမ်းများကို စီမံကိန်းတွင် ထောက်ပံ့ပေးနိုင်ရမည် ဟု သတ်မှတ်ထားပြီး စိတ်ဝင်စားတဲ့ ကုမ္ပဏီများအနေဖြင့် EOI အဆိုပြုလွှာကို တစ်စုံ ကျပ်တစ်သောင်းနှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။