ကြက်သွန်နီဈေး ပြည်ပဝယ်လိုအားလျော့လာလို့ တစ်ပတ်အတွင်းဈေးအနည်းငယ်ပြန်ကျ

၂၀၂၃ စက်တင်ဘာ၉

ကြက်သွန်နီ ကို ပြီးခဲ့တဲ့ သြဂုတ်လကုန်က ပြည်ပနိုင်ငံတွေကတိုးမြှင့်ဝယ်ယူခဲ့ကြရာကနေ ယခုတစ်ပတ်အတွင်း ဝယ်လိုအားပြန်နည်းလာကာ ပြည်တွင်းဈေးကွက်မှာလည်း ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာတယ်လို့ စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေသိရပါတယ်။

အိန္ဒိယ နိုင်ငံရဲ့ ကြက်သွန်နီတင်ပို့ခွန်တိုးမြှင့်မှုကြောင့် ပြီးခဲ့တဲ့တစ်ပတ်ကြာက ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ် ၊ ဘင်္ဂလားဒေ့ရှ် နဲ့ ဗီယက်နမ်နိုင်ငံတွေကနေ မြန်မာပြည်ထွက် ကြက်သွန်နီတွေကို နယ်ဘက်က စိုက်ပျိုးရာဒေသတွေအထိလိုက်လံဝယ်ယူတာကြောင့် ကြက်သွန်ဈေးက မူလထက် ငွေကျပ် ၁၀၀၀နှုန်းဈေးတက်ခဲ့ပြီး ယခုတစ်ပတ်ကြာမှာ တစ်ပိဿာကို ၂၀၀မှ ၃၀၀ကျပ် အထိ ရာဂဏန်းဈေးပြန်ကျလာတယ်လို့ဆိုပါတယ်။

" ကြက်သွန်က အိန္ဒိယ ဂယက်ကြောင့် ပြည်ပကနေ တိုးဝယ်တော့ဈေးတက်လာတယ် အခုတော့ ပြည်ပဝယ်ယူမှုရှိပေမယ့် အဝယ်နည်းလာတာနဲ့ဈေးနည်းနည်းပြန်ကျလာပါတယ်။ အရင်က ကြက်သွန်တစ်ပိဿာကို ၂၃၀၀ကျပ် ကနေ ၂၅၀၀ကျပ်ဈေးပဲရှိရာက ပြည်ပဝယ်အားများလာတဲ့အချိန် ၃၃၀၀ကျပ် ကနေ ၃၅၀၀ကျပ် အထိဈေးဖြစ်သွားတော့ ၁၀၀၀လောက်ဈေးပိုတက်သွားတယ်။ ဒီတစ်ပတ်တော့ တစ်ပိဿာကို ၃၁၀၀ကျပ် လောက်ပဲရှိတော့တယ်။ ထပ်ပြီးလည်းဈေးကျလာနိုင်တယ်လို့" ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က ကြက်သွန်ကုန်သည်တစ်ဦးကပြောပါတယ်။

ကြက်သွန်နီ ဈေးကျလာနိုင်တဲ့အကြောင်းအရင်းများထဲမှာ ပြည်ပဝယ်လိုအားနည်းသွားတာအပြင် နွေကြက်သွန်ရှားပါးလာပြီး မိုးကြက်သွန်အသစ်ထွက်ရှိဖို့ နီးကပ်လာတာကြောင့် ဖြစ်ပြီး လက်ရှိ လအနည်းငယ်အတွင်း ကြက်သွန်ဈေး ဟာ တည်ငြိမ်နေပါက အသစ်ထွက်ရှိလာပြီးပေါများလာချိန်မှာ ဈေးကျဆင်းနိုင်မယ်လို့ဆိုပါတယ်။

မိုးကြက်သွန်နီဟာ နိုဝင်ဘာလမှာ အသစ်ပေါ်လာနိုင်ပြီး လတ်တလော ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ကို တစ်နေ့လျှင် ပိဿာချိန် ၁သောင်းပါရှိတဲ့ကြက်သွန်နီကုန်ကား ၁၂စီးခန့် ဝင်ရောက်နေကာ အရောင်းအဝယ်ပုံမှန်ရှိနေတယ်လို့သိရပါတယ်။

Total Views ~ 203

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43782

© 2022 - 2025 News. All Rights Reserved.