Breaking

ခရီးသွားချေးငွေ ထုတ်ချေးခြင်းဖြင့် ခရီးသွားလုပ်ငန်းအပေါ် များစွာအထောက်အကူဖြစ်စေနိုင်

နေပြည်တော်၊ ဇူလိုင် ၉
    ပြည်တွင်းပြည်ပ ခရီးစဉ်များကို အရစ်ကျ လည်ပတ်နိုင်စေရန်အတွက် ခရီးသွားချေးငွေ (Travel Loan) ထုတ်ချေးခြင်းဖြင့် ခရီးသွားလုပ်ငန်းအပေါ် များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။ 
    "ခရီးသွားလုပ်ငန်းကတော့ ဒီလိုဟာမျိုး လုပ်ပေးတယ်ဆိုတာက ခရီးသွားလုပ်ငန်းကို အများကြီး အကျိုးပြုပါတယ်။ တကယ်တမ်းအခု ခရီးသွားဖို့အတွက်ဆိုရင် လူတွေက ငွေကြေးလိုတယ်။ အချိန်လိုတယ်။ အချိန်ရှိရင် ငွေကြေးမရှိတာမျိုး၊ ငွေကြေးရှိရင် အချိန်မရှိတာမျိုး ဖြစ်တတ်တယ်။ ဒီလိုဟာမျိုးမှာ ခရီးသွားဖို့အတွက် အချိန်တော့ရတယ်။ ပိတ်ရက်တွေရတယ်။ ဒါပေမဲ့ ငွေကြေးအခက်အခဲရှိလို့ ရတဲ့အချိန်မှာ မသွားနိုင်တဲ့ဟာမျိုးတွေအတွက်ကို ဘဏ်ဘက်က ဆောင်ရွက်ပေးလိုက်တယ်ဆိုရင် သက်ဆိုင်ရာ ပုဂ္ဂိုလ်အနေနဲ့ အဆင်ပြေသွားတာပေါ့။ ဒီအတွက် ခရီးသွားဝယ်လိုအား Demand တွေ ဖြစ်လာတာရှိပါတယ်။ ဒီအတွက် ပြည်တွင်းရော၊ ပြည်ပရော နှစ်ခုလုံးအတွက် အထောက်အကူပြုပါ တယ်"ဟု ၎င်းက ပြော သည်။ 
    ပြည်တွင်း ပြည်ပခရီးစဉ်များကို အရစ်ကျ လည်ပတ်နိုင်စေရန်အတွက် ခရီးသွားခြင်း Travel Loan  အစီအစဉ်ကို မြန်မာ့ခရီးသွားဘဏ်မှ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 
    ဗုဒ္ဓဘာသာဝင်များ အဓိက သွားရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်အပါအဝင် ပြည်တွင်းပြည်ပ ခရီးစဉ်များကို အရစ်ကျပေးကာ သွားရောက်လည် ပတ်နိုင်စေရန် ခရီးသွားချေးငွေ Travel Loan  အစီအစဉ်ကို မြန်မာ့ခရီးသွားဘဏ်မှ ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်းသိရသည်။ 
ခရီးသွားလုပ်ငန်း၏ ထောက်တိုင်တစ်ခု ဖြစ်သော မြန်မာ့ခရီးသွားဘဏ်သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်နိုင်ရန် ချေးငွေများထုတ် ချေးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အောက်ရှိ ဟိုတယ်နှင့် ဆက်စပ် နေသော ခရီးသွားအသင်း ၁၂သင်းကိုလည်း ဘဏ္ဍာရေးပိုင်းဆိုင်ရာများ ပံ့ပိုးပေးနိုင်ရန် အသင်းအဖွဲ့များနှင့် မူဝါဒစာချုပ်များ ချုပ်ဆိုခဲ့ပြီး ဖြစ် ကြောင်း သိရသည်။ 
    ထို့အပြင် ပုဂ္ဂလိက ဝိုင်းကြီးချုပ်စနစ်နှင့် အာမခံပြီး ခရီးသွားချေးငွေသာမက အုပ်စုလိုက် ခရီးသွားချေးငွေနှင့် ခရီးသွားကုမ္ပဏီများနှင့် ပူးပေါင်း၍ စီစဉ်ထားရှိသော ခရီးသွားအစီအစဉ်များ စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။ 
    " Travel Loan  ကျတော့ အသင်းအဖွဲ့က လုပ်လို့မရဘူး။ သက်ဆိုင်ရာ ခရီးသွား ကုမ္ပဏီတွေက တိုက်ရိုက် ဆောင်ရွက်တာဖြစ်တယ်။ ဒါပေမဲ့ ဒီဟာတွေ မတိုင်ခင်ကတော့ ခရီးသွားကုမ္ပဏီတွေနဲ့ ဘဏ်နဲ့ ချိတ်ဆက်ပေးတာတော့ ကျွန်တော်တို့ လုပ်ခဲ့တယ်။ ဘဏ်ကနေ ခရီးသွားကုမ္ပဏီတွေကို ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေထဲမှာ အဲဒါပါပါတယ်။ ယခင်တုန်းက ခရီးသွားဘဏ်နဲ့ ခရီးသွားလုပ်ငန်းရှင်များ အသင်းနဲ့ ချိတ်ဆက်လုပ်ဆောင်တာတွေ ရှိတယ်။ MoU ထိုးတာတွေရှိတယ်။ အသင်းအနေနဲ့ကတော့ ကာစတန်မာကို တိုက်ရိုက်ရောင်းတာ မဟုတ်တဲ့အတွက် ဆောင်ရွက်ပေးလို့မရဘူး။ ဒါပေမဲ့ အသင်းဝင် ကုမ္ပဏီတွေကိုတော့ ခရီးသွားဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နိုင်တယ်ဆိုပြီး လုပ်တဲ့အခါမှာ ခရီးသွားကုမ္ပဏီနဲ့ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝန်ဆောင်မှုတွေ ဆက်လက်ဆောင်ရွက်ကြတယ်။ ဘဏ်မှာ သတ်မှတ်ချက်တွေရှိတယ်ဗျာ။ ဥပမာခရီးသည်က အာမခံပြီးတော့ ခရီးသည်က ပေးတဲ့ပုံစံနဲ့ ကုမ္ပဏီက အာမခံတဲ့ပုံစံ နှစ်မျိုးရှိတယ်။ ဥပမာ သိန်းတစ်ထောင် ကုမ္ပဏီက တာဝန်ခံပြီးတော့ ခရီးသည်တွေအတွက် ခရီးစဉ်တွေကို ရောင်းချပေးတာမျိုးရှိတယ်။ နောက်တစ်ခါ ခရီးသည် တွေကို တိုက်ရိုက် လစဉ်ပေးဆိုတဲ့ ပုံစံမျိုးနဲ့ အဲဒါမျိုးလည်း ရှိတယ်။ ခရီးသည်ရဲ့ ဝင်ငွေအပေါ် အမှီပြု အထောက်အထားပြတဲ့ ပုံစံမျိုးလည်းရှိတယ်"ဟု ဦးနောင်းနောင်းဟန်ကပြောသည်။ 
    ပြီးခဲ့သည့် သင်္ကြန်ကာလတွင် ပြည်တွင်းခရီးသွား အချို့အနေဖြင့် ခရီးသွားကုမ္ပဏီများမှ စီစဉ်ပေးထားသော ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများသို့ ခရီးစဉ်များကို အရစ်ကျစနစ်ဖြင့် သွားရောက်ခဲ့ကြကြောင်း သိရသည်။
    ယခုမိုးရာသီတွင် ပြည်တွင်းခရီး စဉ်များဖြစ်သည့် ရှမ်းပြည်နယ်နှင့် ကလော ခရီးစဉ်၊ ပုဂံခရီးစဉ်တို့ကို အရစ်ကျ အစီအစဉ်ဖြင့် လည်ပတ်နိုင်ရန် ပုဂ္ဂလိက ခရီးသွားကုမ္ပဏီတစ်ခုမှ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 
    မြန်မာ့ခရီးသွားဘဏ်ကို ရန်ကုန်မြို့ရှိ ဆူးလေရုံးချုပ်နှင့် ဘဏ်ခွဲခုနစ်ခု၊ မန္တလေးမြို့တွင် ဘဏ်ခွဲလေးခု၊ နေပြည်တော်၊ မူဆယ်၊ တောင်ကြီး၊ မုံရွာနှင့် မြဝတီမြို့များတွင် ဘဏ်ခွဲတစ်ခုစီ ဖွင့်လှစ်ပေးထားပြီး ဘဏ်ခွဲ စုစုပေါင်း ၁၇ ခုရှိကြောင်းသိရသည်။ 
ယခုအခါ ပြည်တွင်းပြည်ပ ခရီးစဉ်များကို အရစ်ကျ လည်ပတ်နိုင်စေရန်အတွက် ခရီးသွားချေး ငွေ Travel Loan အစီအစဉ်ကို မြန်မာ့ခရီးသွားဘဏ်မှ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
    ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလ အထိ ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် ငါးသိန်းကျော် ဝင်ရောက်ခဲ့ပြီး ပြီးခဲ့သော နှစ်ကာလနှင့်နှိင်းယှဉ်ပါက သုံးသိန်းကျော် ဝင်ရောက်ခဲ့သောကြောင့် ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု ၆၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

Total Views ~ 276

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43848

© 2022 - 2025 News. All Rights Reserved.