ခေတ်မီနိုင်ငံတည်ဆောက်ရေး အသိပညာ၊ အတတ်ပညာပြည်စုံသည့် လူသားအရင်းအမြစ်များ မွေးထုတ်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂
    ခေတ်မီနိုင်ငံတော်ကို တည်ဆောက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ် ကောင်းများစွာကို မွေးထုတ်ပေးနိုင်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    စက်တင်ဘာ ၂၉ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား မိတ္ထီလာမြို့ရှိ ကန်တော်မင်္ဂလာခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များ ဆွေးနွေးပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကမိတ္ထီလာဒေသနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ မိတ္ထီလာဒေသကိုလည်း စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တည်နေရာ အနေအထားအရ နိုင်ငံ၏အလယ်ပိုင်း၌ရှိသည့်အပြင် ကုန်သွယ်မှုတွင် ဗဟိုကျပြီးအချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သကဲ့သို့ ပညာရေးနှင့်ပတ်သက်၍လည်း တက္ကသိုလ်၊ ကောလိပ်များ ပြည့်စုံစွာတည်ရှိသည့် ခရိုင်တစ်ခုဖြစ်ကြောင်း၊ သွားလာမှုနှင့်ပတ်သက်၍လည်း အဆင်ပြေလွယ်ကူသည့် မြေအနေအထားကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခု ဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သည့် ဒေသတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။
    ထို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်က "မိမိတို့နိုင်ငံတွင် KG + 12 အထိ တက်ရောက်နိုင်သည့် လူဦးရေ၏ ရာခိုင်နှုန်း ၆၀ ခန့်သာ ပညာသင်ကြားနေကြကြောင်း၊ ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် ကျောင်းတက်ရောက်မှုများ လျော့နည်းလာခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းများကြောင့်လည်း စာသင်ကျောင်းများကို ပိတ်ထားခဲ့ရကြောင်း၊ အနာဂတ်တွင် ခေတ်မီနိုင်ငံတော်ကို တည် ဆောက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများစွာကို မွေးထုတ်ပေးနိုင်ရန် လိုကြောင်း၊ ထို့ပြင် စည်းကမ်းစနစ်ကျနသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကိုလည်း ပုံဖော်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ 'အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက'ဆိုသည့်အတိုင်း အနာဂတ်၏ ကလေးငယ်များသည် ပညာသင်ကြားချိန်တွင် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများကို ခံယူခဲ့ကြရမည်ဖြစ်ကြောင်း၊ ကျောင်းလုံးဝမနေခဲ့ရသူများထက် ကျောင်းတက်ရောက်ခဲ့သည့် ကလေးငယ်များသည် စည်းကမ်းပိုမိုကောင်းမွန်သည်ကို တွေ့မြင်ရမည်ဖြစ်ပြီး တက်ရောက်ခဲ့ရသည့် အတန်းအလိုက် စိတ်ဓာတ်နှင့် စည်းကမ်းများ လိုက်နာမှုကွာဟသွားမည်ဖြစ်ကြောင်း၊ အနည်းဆုံးအဆင့် KG + 12 အထိ သင်ကြားနိုင်မည်ဆိုပါက စည်းကမ်းများကောင်းမွန်လာမည်ဖြစ်ကြောင်း"ပြောကြားခဲ့သည်။
    ဆက်လက်၍ ဆရာ၊ ဆရာမများအနေဖြင့် စနစ်တကျသင်ကြားပေးမည်ဆိုပါက စိတ်ဓာတ်စည်း ကမ်းကောင်းမွန်သည့် အဖိုးတန်မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏အ နာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူများရှိကြောင်း၊ နိုင်ငံတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးနိုင် မည်ဖြစ်ကြောင်း၊ ထို့သို့ ဆောင်ရွက်နိုင်ရန်အတွက် ခေတ်မီစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်သည့် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 156

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43773

© 2022 - 2025 News. All Rights Reserved.