၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
ချောင်းသာကမ်းခြေကို ခရီးသွား ဧည့်သည်များအား ဆွဲဆောင်နိုင်သော ခရီးသွားလှုပ်ရှား မှုများကို ဖန်တီး၍ ဈေးကွက် မြှင့်တင်ကြော်ငြာရေးဆိုင်ရာ ကိစ္စရပ်များကို အစိုးရ-ပုဂ္ဂလိကအားလုံး ပူးပေါင်းဆောင်ရွက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက် သက်ခိုင်က ပြောကြားလိုက်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက်က ကွင်းဆင်းဆောင်ရွက်စဉ် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေများရှိ ဟိုတယ်များနှင့် Sea & Lake အပန်းဖြေစခန်း၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် စွန့်စားခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဒီရေတောတံတားနှင့် ခရီးသွားဧည့်သည်များ အပန်းဖြေအနား ယူနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လေ့လာကြည့်ရှုခဲ့ပြီးနောက် ချောင်းသာ ကမ်းခြေဒေသရှိ Azura Hotel ၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် ချောင်းသာ ကမ်းခြေဒေသသည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ကြိုက်နှစ်သက်သည့် ဆွဲဆောင်မှုရှိသော ကမ်းခြေခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သော ခရီးသွားလှုပ်ရှားမှုများကို ဖန်တီး၍ ဈေးကွက်မြှင့်တင် ကြော်ငြာရေးဆိုင်ရာ ကိစ္စရပ်များကို ဒေသရှိ အစိုးရ-ပုဂ္ဂလိကအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ သည်။
ထို့အပြင် မိမိတို့ထံလာရောက်သော ဧည့်သည်များကို ကောင်းမွန်သည့် ဝန်ဆောင်မှုများပေး စွမ်းနိုင်ရန်၊ ဝန်ကြီးဌာနမှ စီစဉ်ရေးဆွဲထားသော အစီအစဉ်များကို လိုက်ပါအကောင်အထည်ဖော်ကြရန်နှင့် ချောင်းသာကမ်းခြေခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်း ဝန်းကြိုး စားသွားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြော ကြားခဲ့သည်။