၂၀၂၄ ၊ ဇန်နဝါရီ ၂၃
ဂျပန်နိုင်ငံ ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုအတွက် မြန်မာသံရုံး၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံတွင် ပညာ သင်ကြားနေကြသည့် နိုင်ငံ့ဝန်ထမ်း ပညာတော်သင်များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြသော ဂျပန်ကုမ္ပဏီများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်နိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် မြန်မာကုမ္ပဏီများနှင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေ ယန်း ၁ ဒသမ ၉၈ သန်းအား မြို့တော်ဝန် Mr.Yoshitaka Chatani ထံသို့ ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ငလျင်ဘေးဒဏ်သင့် အီရှီကာ ဝါပြည်နယ်၊ Nanao မြို့သို့ ဇန်နဝါရီလ ၂၀ ရက်တွင် သွားရောက်ခဲ့ပြီး Nanao မြို့တော်ဝန် Mr. Yoshitaka Chatani အား သွားရောက်တွေ့ဆုံ၍ လှူဒါန်းငွေများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံရာတွင် သံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ ရင်းနှီးချစ်ကြည်သော မိတ်ဆွေနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဂျပန်နိုင်ငံတွင် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ ခံစားရခြင်းအတွက်များစွာ စိတ်မကောင်းဖြစ် ရပါကြောင်းနှင့် ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ပေးမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာသံရုံးအနေဖြင့် လိုအပ်သည်များကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီး Nanao မြို့တော်ဝန် Mr. Yoshitaka Chatani က သံအမတ်ကြီးမှ ငလျင်ဒဏ်ဖြစ်ပွားရာ ဒေသအထိ လာရောက်၍ အလှူငွေပေးအပ်ကာ ကူညီထောက်ပံ့ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ အီရှီကာဝါပြည်နယ်တွင် ဇန်နဝါရီလ ၁ ရက်က ပြင်းအား ၇ ဒသမ ၅ ရှိသော အင်အားကြီးငလျင်လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၂၃၂ ဦးကျော် အသက် ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူ အများအပြားလည်း ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီး အဆိုပါဒေသတွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများလည်း ကယ်ဆယ်ရေး စင်တာများတွင် ယာယီခိုလှုံနေထိုင်ခဲ့ကြကြောင်း သိရသည်။