၂၀၂၄ ဇန်နဝါရီ ၂
ဂျပန်နိုင်ငံ ငလျင်ဒဏ်သင့် ဒေသများတွင်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသအာဏာပိုင်များ၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို အထူးအလေးထား စောင့်ကြည့်ရန် လိုအပ်ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက သံရုံး၏ Hot Line ဖုန်းနံပါတ် ၀၇၀-၄၄၁၃-၇၃၈၃ သို့ဆက် သွယ်နိုင်ပါကြောင်း မြန်မာသံရုံးမှ အသိ ပေးထားသည်။
ပြင်းအား ၇ ဒသမ ၆ ရှိသော အင်အားကြီး ငလျင်တစ်ခုဂျပန်နိုင်ငံ Ishikawa ပြည်နယ် ပင်လယ်ပြင်ကို ဗဟိုပြု၍ ၁-၁-၂၀၂၄ ရက် ညနေ ၄ နာရီဝန်းကျင်ခန့် တွင် လှုပ်ခတ်ခဲ့ကာ နောက်ဆက်တွဲအနေဖြင့် Niigata, Toyama, Yamagata, Fukui, Hyogo ပြည်နယ်များနှင့်တကွ ဂျပန်ပင်လယ် ကမ်းရိုးတမ်း တစ်လျှောက်အား ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားရှိပါသည်။
ပြည်ပသတင်းဌာနများ၏ ဖော်ပြ ချက်အရ ဂျပန်နိုင်ငံ အလယ်ပိုင်း ဟွန်ရှူးကျွန်း၏ အနောက်ဘက် ကမ်းရိုးတမ်း၌ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်သွားခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိ အင်အားပြင်းထန်လှသော ငလျင်ကြောင့် ဆူနာ မီဖြစ်လာနိုင်သည့် အရေးပေါ် အခြေအနေ ကြေညာထားခဲ့ရမှုကို ဇန်နဝါရီ ၁ ရက် ည ပိုင်းတွင် ဂျပန်အစိုးရက ပြန်လည်ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၁ ရက် မွန်း လွဲ ၄ နာရီခန့်က ဟွန်ရှူးကျွန်းအနောက် ဘက် အီရှီကာဝါဒေသ၌ တစ်ဒါဇင်ခန့် ရှိသော ငလျင်များ လှုပ်ခတ်ခဲ့ရာတွင် ရစ်ချ် တာစကေး ၇ ဒသမ ၆ ရှိ ငလျင်က အင်အားအပြင်းဆုံးဖြစ်ခဲ့ကြောင်း ဂျပန်ငလျင် တိုင်းတာရေးဌာနမှ ပြောခဲ့သည်။
ဂျပန်အစိုးရက ဟွန်ရှုးကျွန်းအ နောက်ဘက်ကမ်းရိုးတမ်းရှိ စီရင်စုကိုးခုမှ ပြည်သူ ၉၇၀၀၀ ကျော်ကို ကယ်ဆယ်မှုပြု ရန် အမိန့်ထုတ်ထားကြောင်း ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် ပြောခဲ့သည်။ အားကစား အဆောက်အအုံများနှင့် ကျောင်းအားကစား ရုံများကို အရေးပေါ် ကယ်ဆယ်ရေးစခန်းများ အဖြစ် အသုံးပြုထားကြောင်း သိရသည်။ ဂျပန် မြေငလျင်ဌာနကလည်း ပြည်သူများအား ရစ်ချ်တာစကေး ၇ အထိရှိသော နောက်ဆက်တွဲ ငလျင်များ ရက်အနည်းငယ်အတွင်း လှုပ်ခတ်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။